Thursday, June 25, 2009

Kang Nam သင်္ဘောသတင်း မရရှိသေးဟု မြန်မာစစ်အစိုးရက မီဒီယာများမှ ကြေညာ

NEJ / ၂၅ ဇွန် ၂၀၀၉

နိုင်ငံ တကာက စိတ်ဝင် တစား စောင့်ကြည့်ခြင်း ခံရသော Kang Nam မြောက်ကိုရီးသား သင်္ဘော သည် မြန်မာ နိုင်ငံသို့ ဆိုက်ကပ် မည့် သတင်း တစုံ တရာ မရရှိ သေးကြောင်း ယနေ့ ထုတ်မြန်မာ့ အလင်း သတင်း စာတွင် ဖော်ပြသည်။

ယမန်နေ့ညကလည်း မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံတဦးက “မနေ့ညက မြန်မာ့ ရုပ်မြင် သံကြား သတင်းမှာ လာတယ်လေ။ အဲဒီ Kang Nam သင်္ဘောနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ရရှိမထားဘူးတဲ့။ ကာလကတ္တားကနေ လာမယ့် မြောက်ကိုရီးယားသင်္ဘောပဲ ၀င်စရာရှိတယ်လို့ ပြောသွားတယ်” ဟု ပြောသည်။

နိုင်ငံတကာသတင်းများတွင် စစ်လက်နက် ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆရသော မြောက်ကိုရီးယား သင်္ဘော Kang Nam သည် မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဟု ဖော်ပြနေကြသော်လည်း မြန်မာဆိပ်ကမ်းသို့ ဆန်တန်ချိန် (၈,၀၀၀) ကျော် လာရောက် တင် ဆောင်မည့် အိန္ဒိယ နိုင်ငံ ကာလကတ္တားမှ MV Dumangang သင်္ဘောသာလျှင် ဇွန်လ (၂၇) ရက် ပတ်ဝန်းကျင်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း စစ်အစိုးရက ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ပြည်ပသတင်းဌာနများက ထုတ်လွှင့်လျက်ရှိသည့် Kang Nam ကုန်တင်သင်္ဘောနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ သတင်း တစုံတရာ ရရှိခြင်း မရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

ဇွန် (၁၇) တွင် မြောက်ကိုရီးယားဆိပ်ကမ်းမှ ထွက်ခွာခဲ့သည့် အဆိုပါ Kang Nam သင်္ဘောပေါ်တွင် မည်သည့် ပစ္စည်းများ ပါသည်ကို အ တိအကျမသိရသေးပေ။

မြောက်ကိုရီးယားမှ Kang Nam ကုန်တင်သင်္ဘောသည် ဒုံးလက်နက်နှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အပါအ၀င် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများက ယူဆထားကြပြီး အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S. McCain က နောက်ယောင်ခံ စောင့်ကြည့်လျက်ရှိသည်။

No comments: