Saturday, June 27, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု ဇူလိုင် (၃) ရက်သို့ရွှေ့

NEJ

ဒေါ်အောင်ဆန်း စုကြည် အား တရား စွဲတင် စစ်ဆေး နေသော အင်းစိန် ထောင် အထူး တရားရုံး တရားခွင်ကို ဇူလိုင်လ (၃) ရက်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ် သည်။

ဗဟိုတရားရုံးသို့ အယူခံတင်ပြထားသော သက်သေခေါ်ယူခွင့် ပြင်ဆင်မှု ပြီးပြတ်ခြင်းမရှိသေးသဖြင့် ယင်းကဲ့သို့ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်။

“ဇူလိုင် (၃) ရက်နေ့မှာတော့ ရန်ကုန်တိုင်းတရားရုံးက ထပ်မံခွင့်ပြုထားပြီးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးကို စစ်မေးလိမ့်မယ်” ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။

အစိုးရဘက်မှ တရားလိုပြသက်သေ (၁၄) ဦး ထွက်ဆိုစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန်အထူးတရားရုံးက တဦးတည်းသောသက်သေ ရှေ့နေဦးကြည်ဝင်း (လပွတ္တာမြို့နယ်) ကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။

ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆိုခွင့်ရခြင်းမှာ တရားမျှတမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးသို့ ထပ်မံတင်ပြရာ နောက်သက်သေအဖြစ် ရှေ့နေဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်းတရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်တို့ကို ထပ်မံပယ်ချထားသည့်အတွက် ဗဟိုတရားရုံးသို့ အယူခံထားခြင်းဖြစ်သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း (၂၀) ကာလအတွင်း နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ နေခဲ့ရပြီးဖြစ်သည်။

ယခုစွပ်စွဲအမှုဖွင့်ထားသည့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ နအဖစစ်အစိုးရက အရေးယူနိုင်သည်။

No comments: