Monday, June 22, 2009

ဦးဖေသိန်း ဈာပန အာဏာပိုင်များစောင့်ကြည့်

အောင်သက်ဝိုင်း Monday, 22 June 2009

ကာတွန်း ဆရာကြီး ဦးဖေသိန်း ၏ ဈာပန အခမ်း အနားကို ယမန်နေ့ နံနက် ပိုင်း၌ မြောက်ဥက္ကလာပ ရေဝေး သုသာန် တွင်ကျင်းပ ရာ အာဏာပိုင် များက လုံခြုံရေး များချ၍ စောင့်ကြည့် အကဲခတ်မှု များ ပြုလုပ်ကြောင်း သိရသည်။

ယင်း ဈာပန အခမ်း အနားသို့ နိုင်ငံရေး အသိုင်းအ၀န်း ၊ စာနယ်ဇင်း အသိုင်း အ၀န်းနှင့် ဆရာကြီးကို ချစ်ခင် လေးစား သော ပရိတ် သတ် များ၊ အကန်တော့ခံ ကာတွန်း ဆရာကြီး များဖြစ်သော ဦးအောင်ရှိန်၊ ဦးရွှေမင်းသား တို့ အပါ အ၀င် လူ တထောင် နီးပါး တက် ရောက်ခဲ့ရာ ရဲ အထူး သတင်း တပ်ဖွဲ့မှ အရပ်ဝတ် ရဲထောက်လှမ်း ရေးများက စောင့်ကြည့်၍ ဓာတ်ပုံ မှတ်တမ်း ရိုက်ကူး မှုများ ပြုလုပ် သည့်အတွက် စိတ်အနှောင့် အယှက်ဖြစ်ရ သည်ဟု ဈာပန အခမ်းအနား သွားရောက် သူများ က ပြောသည်။

“အသုဘ အခမ်း အနားတောင်မှ ရဲတွေက လိုက်ပြီး ဓာတ်ပုံရိုက်၊ မှတ်တမ်း တင်တယ်ဆိုတော့ ကျနော်တို့ နိုင်ငံမှာ ဘယ်လောက် တောင် ဖိနှိပ် ချုပ်ချယ်ခံ နေရသ လဲစဉ်းစား ကြည့်ရင် သိနိုင်တယ်”ဟု ရန်ကုန်မြို့မှ ကာတွန်း ဆရာ တဦးက ပြောသည်။

ဈာပနအခမ်းအနားတွင် ဦးဖေသိန်းကိုယ်တိုင် ၁၉၉၂ ခုနှစ်က ရေးသားထားသည့် ကိုယ်ရေး အကျဉ်းစာအုပ်၊ လယ်တီ ဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်း တံဆိပ်နှင့် ဦးဖေသိန်း ကာတွန်းလက်ရာများပါဝင်သည့် စာအုပ် ငယ်တအုပ်ကို ဝေငှခဲ့သည်ဟုလည်း ဆိုသည်။

ကာတွန်း ဦးဖေသိန်းသည် ၁၉၈၈ ခုနှစ်သြဂုတ်လတွင် ရှစ်လေးလုံး ကျရောက်သည့်နေ့ကို ထူးခြားသောနေ့အဖြစ် သံကြိုးကွင်းများအဖြစ် ဖန်တီးပြီး ချယ်ရီမဂ္ဂဇင်း သြဂုတ်လ နှစ်ပတ်လည် အထူးထုတ်တွင် ရေးသားဖော်ပြခဲ့ရာ စာပေစိစစ်ရေးက ၎င်းကို ကာတွန်းရေးဆွဲခွင့် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ခုနှစ် အထိ ပိတ်ပင်ခဲ့သည်ဟု ဦးဖေသိန်း ကိုယ်တိုင်ရေးသားထားသည့် ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

ဦးဖေသိန်းသည် ခေတ်စနစ်ကို ထင်ဟတ်သော ကာတွန်များကို အများဆုံးရေးဆွဲခဲ့သူဖြစ်ပြီး ယနေ့ ကြေးမုံ သတင်းစာ ၏ Logo စာလုံး မှာ ဦးဖေသိန်းရေးဆွဲခဲ့ကြောင်း သိရသည်။

ဦးဖေသိန်း ရေးဆွဲသော ပုံပမာကာတွန်းစာအုပ်များ၊ ငါးပါးသီလ ကာတွန်းပဒေသာ၊ ၃၈ဖြာ မင်္ဂလာ ကာတွန်း ပဒေသာ၊ အီစွပ် ဂန္ထ၀င်ပုံပြင်၊ စကားပုံ ပုံပမာ၊ တရားတော်လာ ပုံပမာ၊ အနန္တောအနန္တ ငါးပါး ကာတွန်းပဒေသာ စာအုပ်များကို ကိုယ်တိုင် ရေးသား ထုတ်ဝေခဲ့သည်။

ကာတွန်း ဦးဖေသိန်း အသက်(၈၆)နှစ်သည် ပြီးခဲ့သည့် သောကြာနေ့တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီး နှင့် သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်။


No comments: