Tuesday, June 30, 2009

•မွန်ပြည်သစ်-နအဖ အပစ်ရပ်အခမ်းအနား နအဖအရာရှိများ တက်ရောက်ရန် ပျက်ကွက်

NEJ

ယနေ့ ကျရောက် သည့် မွန်ပြည်သစ် ပါတီနှင့် နအဖ စစ်အစိုးရ တို့ အပစ် အခတ် ရပ်စဲရေး အထိမ်း အမှတ် အခမ်း အနား ကျင်းပ ခဲ့ရာ တွင် မွန်ပြည် နယ်ရှိ စစ်အစိုးရ ထိပ်ပိုင်း အရာရှိများ တက်ရောက် ခဲ့ခြင်း မရှိကြောင်း သိရသည်။

“အရှေ့တောင်တိုင်း (စစ်ဌာနချုပ်) ကို ကျနော်တို့ ဖိတ်စာပို့ထားပါတယ်။ ထိပ်ပိုင်းအရာရှိတွေ တက်ရောက်ဖို့ပါ။ ဒီနေ့ အခမ်းအနား ကျင်းပတဲ့နေ့အထိ သူတို့ဘက်က အကြောင်းပြန်ကြားတာ မရှိခဲ့ဘူး။ စရဖဘက်က ဓာတ်ပုံလာ ရိုက်တဲ့ (၂) ယောက်ပဲ အခမ်းအနားတက်ရောက်ခဲ့ပါတယ်” ဟု မော်လမြိုင်မှ မွန်ပြည်သစ်ပါတီ အရာရှိတဦးက ပြောသည်။

ဇွန်လ (၂၉) ရက်နေ့တွင် ကျရောက်သည့် (၁၄) နှစ်မြောက် အပစ်အခတ်ရပ်စဲရေး အခမ်းအနားကို မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်က ဥက္ကဋ္ဌကြီး နိုင်ရွှေကျင် စာကြည့်တိုက်တွင် ကျင်းပခဲ့ရာ မွန်သံဃာတော်များအပါအဝင် တက်ရောက်သူပေါင်း (၁၀၀) ခန့်ရှိသည်ဟု ၎င်းက ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် မော်လမြိုင်ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးဗညားချမ်းနွန်၊ စည်းရုံရေးဌာန (မော်လမြိုင်) တာဝန်ခံ နိုင်ဃောသိုက်၊ ကျန်းမာရေးဌာနတာဝန်ခံ နိုင်တင်လှနှင့် မွန်ပြည်သစ်ပါတီဝင်အချို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို မွန်ပြည်သစ်ပါတီမှ မော်လမြိုင်မြို့ ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားချမ်းနွန်နှင့် ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရဘက်မှ ထိပ်ပိုင်းအရာရှိများ တက်ရောက်လာပါက မွန်ပြည်သစ်ပါတီမှ ဒု-ဥက္ကဋ္ဌ နိုင်ရတ်စကလည်း တက်ရောက်ရန် စီစဉ်ထားကြောင်း အထက်ပါ မွန်ပြည်သစ်ပါတီ အရာရှိက ပြောသည်။

ယနေ့ကျင်းပခဲ့သည့် အခမ်းအနားတွင် သံဃာတော် (၅) ပါးအား ဆွမ်းကျွေးအလှူဒါနပြုလုပ်ပြီး အခမ်းအနားကို အကျဉ်းချုံးပြီး ကျင်းပခဲ့သည်။

နှစ်စဉ်ကျင်းပခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်အခမ်းအနားကို အစောပိုင်းနှစ်များတွင် မော်လမြိုင်မြို့ပေါ် ဟိုတယ်ကြီးများ၌ အဆိုအက ဖျော်ဖြေရေးများအပါအဝင် အကြီးအကျယ် ကျင်းပခဲ့သော်လည်း လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ နိုင်ရွှေကျင် စာကြည့်တိုက်တွင်သာ အကျဉ်းချုံးကျင်းပခဲ့ပြီး စစ်အစိုးရ ဘက်မှလည်း တိုင်းမှူးအဆင့် တက်ရောက်ခဲ့ရာမှ ဗိုလ်မှူးအဆင့်သာ တက်ရောက်ခဲ့သည်။

No comments: