Tuesday, June 23, 2009

ကျွဲပါးစောင်းတီးလို့ မရတော့ပါ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မလား၊ မလွှတ်ဘူးလား…?

ဤမေးခွန်းကို နအဖစစ်အစိုးရဟာ ယနေ့အချိန်တွင် အကြီးအကျယ် စဉ်းစားရတော့မယ်။ ဖြေဆိုရတော့မယ်။

အဖြေကောင်းရင် အောင်မှတ်ရမယ်။

အဖြေမကောင်းရင် အရှက်တကွဲ အကျိုးနည်းနဲ့ ရင်ဆိုင်ရမယ်။

ဒီမေးခွန်းအတွက် နအဖစစ်အစိုးရ ငယ်ထိပ်မြွေပေါက် ခေါင်းမီးတောက်.. ဖင်ကြားခဲညှပ်နေပြီ။

မကောင်းကြံ ယုတ်မာပက်စက်တဲ့ အကုသိုလ် ဒေါသမီးဟာ ကိုယ်ရင်ထဲ ပြန်လောင်နေပြီ။

မရဲဘဲ ကျွဲပြဲစီးမိနေပြီ။

တရွာနဲ့ တယောက်၊ တကမ္ဘာလုံးနဲ့ တနိုင်ငံ အထီးကျန် ငပွကြီး ဖြစ်နေပြီ။ ဟီရိသြတ္တပ္ပ အရှက်အကြောက်တရား ရှိတတ်ရင် ကိုယ့်လည်ပင်းကြိုးကွင်းစွပ် မြစ်ထဲခုန်ဆင်း သတ်သေသင့်ပြီ။

ဗုဒ္ဓဘာသာ အရေခြုံပြီး မြန်မာပြည်တနံတလျား ဘုရားတည်၊ ကျောင်းဆောက် ထီးတော်တင်လုပ်ခဲ့ကြတာ သူတို့ပဲ။

ဘုန်းကြီးကျောင်း၊ သီလရှင်တိုက်တွေကို ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ပစ္စည်းငါးပါး ဒါယကာ လုပ်တာလည်း သူတို့ပဲ။

သံဃာတော် ဆရာတော်ကြီးတွေကို ဘွဲ့တံဆိပ်တော်တွေ လှူဒါန်းဆက်ကပ်တာလည်း သူတို့ပဲ။

မြန်မာပြည်သူလူထုကို ဘာသာရေး မှိုင်းတိုက်ပြီး၊ သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာသာဝင် စစ်စစ်ကြီးတွေအဖြစ်၊ သူတို့ရဲ့ သတင်းစာတွေထဲမှာ ဓာတ်ပုံကြီးတွေနဲ့ ဟန်ဆောင်သရုပ်ပြ ပြုလုပ်ကြတာလည်း သူတို့ပါပဲ။

နောက်ဆုံးတော့ ဒီဟန်ပြသရုပ်ဆောင်မှုတွေဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ဘွင်းဘွင်းကြီး ဗူးပေါ်သလို.. မှောက်ထားသော ခွက်ကို လှန်တိုက်သကဲ့သို့ ထင်ထင်ရှားရှား ပေါ်ခဲ့တာပဲ မဟုတ်လား။

အေးချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်ကြတဲ့ သံဃာတော်များနဲ့ ကျောင်းသားပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်၊ ရိုက်နှက်၊ သတ်ဖြတ်၊ ဖမ်းဆီး ထောင်ချ၊ သွေးမြေကျခဲ့ကြရတာဟာ ဗုဒ္ဓဘာသာဝင်တွေမှ ဟုတ်ကြရဲ့လား။

တနိုင်ငံလုံး တကမ္ဘာလုံးက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရွှေဝါရောင်တော်လှန်ရေး ဇာတ်လမ်းကြီးကို ဒီဗွီဘီကရော၊ ဗီဒီယို မှတ်တမ်းခွေတွေကပါ ကြည့်ခဲ့ရလို့၊ နအဖစစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကို သိနေကြပြီ။ ဒါတွေက ဘယ်တော့မှ မပျောက်။ နအဖရဲ့ အမဲစက်သမိုင်းမှတ်တမ်းအဖြစ် တင်ကျန်နေဦးမှာ။

ယခုလည်း နအဖစစ်အစိုးရရဲ့ အချိန်ပြည့် အမှားထွင်… ကလိမ်စေ့ ငြမ်းဆင်နေတာကြီးက ကိုယ့်အသည်းကို ငရဲမီး ပက်ခံရသလို ပူလောင်နေပြီ။

ဒေါ်အောင်ဆန်းစုကြည်…

-မြန်မာပြည်ရဲ့ တဦးတည်းသော ဒီမိုကရေစီ လူထုခေါင်းဆောင်။

-လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ပညာတတ် ထက်မြက်သူ။

-မြန်မာပြည်သူတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တိုက်ပွဲဝင် သူရဲကောင်း။

-နိုင်ငံတကာမှ လေးစားချစ်ခင်ရသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်။

-မြန်မာပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းစွမ်းဆောင်နိုင်သူ။

ဒီလို ပုဂ္ဂိုလ်ထူးကိုမှ မကောင်းမြင်၊ အာဃာတ၊ အငြိုးထား အမုန်းတရားတွေနဲ့ ပြစ်ဒဏ်ချချင်လိုကြတဲ့ နအဖစစ်အစိုးရ အခုတော့ ကိုယ်မွှေးတဲ့ မီးနဲ့ ကိုယ်ပြန်လောင်နေရပြီ။

* ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ…
* အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး ILO မှ ထုတ်ပြန်တဲ့ တိုက်တွန်းတောင်းဆိုမှု ကြေညာချက်တွေ..
* လူ့အခွင့်အရေး အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့များမှ ကြေညာချက်တွေ…
* အာဆီယံ အီးယူက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်တွေ…
* အာဆီယံ ဥက္ကဋ္ဌ ထိုင်းဝန်ကြီးချုပ်မှ ထုတ်ပြန်တဲ့ ကြေညာချက်တွေ…

၎င်းပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် လက်ထောက် မစ္စတာ ဂန်ဘာရီ၊ အမေရိကန် ပြည်ထောင်စုမှ သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၊ ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တီမော၊ တောင်အာဖရိက စသည့်တို့မှ နိုင်ငံခေါင်းဆောင်တွေရဲ့ ဖိအားပေး တောင်းဆိုမှုတွေက နအဖရဲ့ အူထဲအသည်းထဲမှာ ၀င်ရောက်ခြောက်လှန့် မွှေနှောက်နေပြီ။ စစ်ခေါင်းဆောင်ကြီးတွေ ခေါင်းခဲပြီး စားမ၀င် အိပ်မပျော်၊ နှလုံးခုန် သွေးတိုးနေလောက်ပြီ။ သတင်းစာထဲက ဟန်ပြ အပြုံးရိပ်တွေ မချိပြုံးတွေ တွေ့နေရပြီ။

ကဲ.. ဒီတော့ နအဖစစ်အစိုးရ ဘာလုပ်မလဲ.. ဘယ်လဲ။

ဘယ်လမ်းရွေးမလဲ။ လတ်တလော ပူပူနွေးနွေး ဇွန်လ (၃) ရက်မှ (၅) ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး (အထူးသံကိုယ်စားလှယ်) နဲ့ တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်း ပြောကြားချက်တွေ နှင့် ဇွန်လ (၉) ရက်နေ့က ချစ်ကြည်ရေးခရီး ရောက်ရှိလာတဲ့ စင်ကာပူ သမ္မတနိုင်ငံ ၀ါရင့်ဝန်ကြီးချုပ် ဂိုချောက်တောင် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့် သီးခြားတဦးစီ တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနှင့် အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဆွေးနွေးအကြံပြု ပြောဆိုချက်တွေကို နအဖစစ်အစိုးရ အလေးထား ဂရုစိုက်ရတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲကလို “ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရနဲ့ ကြာရင် …(..) နိုင်ငံကြီး ဖြစ်သွားမယ်” ဆိုတဲ့ ကိန်းဆိုက်နေပြီ။ ခွေးတကောင်ကို ချောင်ပိတ်ရိုက်တဲ့ အဖြစ်မျိုးလည်း မဖြစ်ချင်ပါ။ ထွက်ပေါက်ပေးချင်ပါတယ်။ ဒီထွက်ပေါက်က ဘာလဲ။

- လက်ရှိ နအဖရဲ့ ကလိန်စေ့ငြမ်းဆင် လုပ်ကွက်ဇာတ်ရုပ်ကြီးကို ရုပ်သိမ်းပါ။

- ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါ။

- အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ (ရွေးကောက်ပွဲမှ အနိုင်ရ တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်) နှင့် နအဖ တပ်မတော်ခေါင်းဆောင်များ သုံးပွင့်ဆိုင်၍ အမျိုးသားရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဆွေးနွေးရန်။

- ဒီမိုကရေစီ မကျတဲ့ အခြေခံဥပဒေပါ အချက်များ ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့်

- နောက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာမှ လေ့လာကြီးကြပ်ကွပ်ကဲမှုများ ခွင့်ပြုပေးရန်တို့ ဖြစ်ပေသည်။

နအဖ စစ်အစိုးရအနေနှင့် ယနေ့အချိန်တွင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရများနှင့်ပါ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းတလမ်းသာ ရှိပါတော့သည်။ ကျွဲပါးစောင်းတီး ဖြစ်နေရမည့် အချိန်မဟုတ်တော့ပါ။

No comments: