Monday, June 22, 2009

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ခိုင်းမည်ကို စိုးရိမ်နေကြ


NEJ / ၂၂ ဇွန် ၂၀၀၉

ကရင် စစ်ပြေး ဒုက္ခသည် များအား ထိုင်း အာဏာပိုင် များက နေရပ်ပြန်ပို့ မည့်အခြေ အနေ ရှိကြောင်း ဒုက္ခသည် များနှင့် ဒုက္ခသည် အ ရေး ဆောင်ရွက် နေသူ များက ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့စောင်ရန်းမြို့နယ် နောင်ဘိုးကျေးရွာတွင် ခိုလှုံနေသည့် စစ်ပြေးဒုက္ခသည်တဦးဖြစ်သူ ဖတကော်က “ထိုင်းစစ်သားတွေက ကျနော်တို့ကို တိုက်ပွဲမရှိတော့ဘူး၊ ရွာပြန်လို့ရတယ်ဆိုပြီး အတင်းအိမ်ပြန်ခိုင်း နေတယ်။ ဟိုမှာက အခြေအနေလည်း မကောင်းသေးဘူး။ ဒီကေဘီအေနဲ့ ဗမာစစ်သားတွေရှိနေတုန်းပဲ။ မိုင်းတွေလည်း ထောင်ထားတယ်။ ဘယ်လိုလုပ် ပြန်လို့ရမှာလဲ။ ကျနော်တို့ဒုက္ခကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီပေးကြဖို့ ပြောချင်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းဘက်သို့ဝင်ခွင့်မရသည့် ၀ါးမီကလားရွာသားအချို့ ရွာသို့အပြန် လမ်းခရီးတွင် မြေမြှုပ်မိုင်း နင်းမိ၍ ရွာသားများ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ပြေးဒုက္ခသည်များကို ကူညီနေသူတဦးက ပြောသည်။

နောင်ဘိုးရွာမှ ဒုက္ခသည်များအတွက် အစားအသောက် အဆင်ပြေသော်လည်း သောက်ရေသန့်ရရှိရန် ခက်ခဲသဖြင့် လယ်ကွင်းထဲ ရေသွင်းသည့်မြောင်းမှ ရေကိုသာ သောက်သုံးနေရသဖြင့် ၀မ်းရောဂါဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း ဒေသတွင်းမှ ထိုင်းအစိုးရ၀န်ထမ်းတဦးက ပြောသည်။

ဒုက္ခသည်များအရေး စေတနာ့ဝန်ထမ်း လိုက်လံကူညီပေးနေသည့် အဖွဲ့တခုမှ အဖွဲ့ဝင်တဦးက “ထိုင်းဘက်က အတင်းပြန်ခိုင်းတာတွေ ရှိတယ်။ ရွာသားတွေက မပြန်ရဲကြဘူး။ ဒီကေဘီအေနဲ့ ဗမာစစ်တပ်က ဒီလူတွေပြန်ရင် အနည်းဆုံး စစ်ဆေးနှိပ်စက်တာခံရမယ်။ အဲ့ဒီနယ်မှာ မိုင်းကွင်းတွေလည်း အများကြီးပဲ။ ပေါ်တာအထမ်းသမား အဖြစ်လည်း သူတို့အခိုင်းခံရမှာ သေချာတယ်။ အဲဒီအနေအထားအောက်မှာ ရွာပြန်ခိုင်းရင် သူတို့ကို သေလမ်း ပို့တာနဲ့ အတူတူပဲ။ ဒီအခြေအနေအမှန်တွေကို နိုင်ငံတကာက သိစေချင်တယ်” ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် ထိုင်းအာဏာပိုင်အဖွဲ့ဝင်တဦးကမူ “ဒီသတင်းတွေ ထွက်နေတာမဟုတ်ဘူး။ သူတို့အတွက် လိုအပ်တာတွေ အကုန်ကူညီပေးတယ်။ သူတို့သဘောနဲ့သူတို့ပဲ။ ကျနော်တို့ဘက်က သူတို့ကို ဘာမှအဓမ္မတိုက်တွန်းတာမရှိဘူး” ဟု ပြောသည်။

ယခုလဆန်း (၂) ရက်မှစတင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၇) ဒေသအတွင်း၌ နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့၏ ထိုးစစ်ကြောင့် ကရင်ရွာသားဒုက္ခသည် (၄,၀၀၀) ခန့်သည် ထိုင်းဘက်သို့ ထွက်ပြေးလာကြပြီး ၎င်းတို့အား ထိုင်းဘက်မှ ယာယီခိုလှုံခွင့်စခန်း (၃) ခုဖွင့်ကာ လက်ခံစောင့်ရှောက်ထားသည်။

နအဖနှင့် ဒီကေဘီအေပူးပေါင်းအဖွဲ့များက တပ်မဟာ(၇) ဒေသကို သိမ်းယူလိုက်သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းသတင်းသည် မဟုတ်မှန်ကြောင်း ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောသည်။

၎င်းက “ကျနော်တို့ ဆုတ်လိုက်တယ်ဆိုတာက ကျနော်တို့မှာ စခန်းအသေမထားဘူး။ ပြောက်ကျားစစ်ရဲ့ သဘောသဘာဝပဲ။ အခြေအနေအရ စခန်းနေရာကို ရှောင်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့တပ်တွေ အနီးအနားမှာပဲ တပ်ဖြန့်ထားတယ်။ နေရာကိုင်ထားဖို့က အဓိကမဟုတ်ဘူး။ လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့နဲ့ လက်ဦးမှုရရှိဖို့ပဲ အရေးကြီးတယ်။ လက်ရှိအခြေအနေက စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ ဒါကြောင့် ဒီလိုအချိန် မျိုးမှာ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့ရင် သူတို့အတွက် အန္တရာယ်အများကြီးရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းအာဏာပိုင်များဘက်ကလည်း စစ်ပြေးဒုက္ခသည်များကို နယ်မြေအေးချမ်းမှသာ ပြန်ပို့မည်ဖြစ်ပြီး အတင်းအဓမ္မ ပို့ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

No comments: