Saturday, June 20, 2009

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ တောင်သာမြို့နယ်တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့

ဉာဏ်မောင်

မန္တလေး တိုင်း၊ တောင်သာမြို့ နယ်တွင် ပြုလုပ် သည့် ဒေါ်အောင်ဆန်း စုကြည် မွေးနေ့ပွဲ ကို အာဏာ ပိုင်များ ခေါ်ယူခြိမ်း ခြောက် သည့်ကြား မှ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။

တောင်သာမြို့နယ်၊ ဖတ်တောကျေးရွာ၌ ပြုလုပ်သည့် ပွဲတွင် တောင်သာစည်းအဖွဲ့ဝင် ဦးသောင်းဌေးနှင့် ဦးကြည်စိုးတို့အား ရယကဥက္ကဌနှင့် ကြံ့ဖွံ့များ ခြိမ်းခြောက်ခဲ့သော်လည်း ရွာလုံးကျွတ်နီးပါး တက်ရောက်ကြပြီး ပြုလုပ်ပြီးစီးခဲ့ကြောင်း တက်ရောက်ခဲ့သူတဦးက ပြောသည်။

“ရယက၊ ကြံ့ဖွံ့နဲ့ SB အဖွဲ့တွေက ခြိမ်းခြောက်တာ၊ ဒါပေမဲ့ ပွဲကို ဖြစ်အောင်လုပ်ခဲ့နိုင်တယ်၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ဝေတော့ တရွာလုံးယူကြတာ၊ တချို့ဆို မရမှာစိုးလို့ လုတာတွေတောင်ရှိတယ်၊ အဲဒီရွာက လူတွေအပြင် မြင်းခြံဘက်က လာတက်တဲ့သူတွေလဲ ရှိတယ်” ဟု ပြောသည်။

ညနေပိုင်းတွင် ဘုန်းကြီးပင့်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် မေတ္တာပို့တရားများ ရွတ်ဖတ်ခဲ့ကြီပြီး တက်ရောက်လာသည့် အဖွဲ့ချုပ်ဝင်များနှင့် ရွာသားများက နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းခြင်းများပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်မြောက်မွေးနေ့ပွဲကို ပြည်တွင်းပြည်ပရှိ မြန်မာဒီမိုကရေစီလိုလားသူများက ကျင်းပပြုလုပ်ခဲ့ကြပြီး ကျောက်ပန်းတောင်းမြို့တွင် အာဏာပိုင်များ တားမြစ်ခဲ့သဖြင့် ဘုန်းကြီးကျောင်းများသို့ ဆွမ်းချိုင့်များ ပို့လိုက်ရသည်။

No comments: