Tuesday, June 23, 2009

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)

မင်းဟန်

(၁၇)


၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင် ဒေါက်တာ မိုက်ကယ် အဲရစ်နှင့် လက်ထပ် ထိမ်းမြား လိုက်၏။ ဒေါ်အောင်ဆန်း စုကြည်နှင့် ဒေါက် တာ မိုက်ကယ် အဲရစ်၏ အိမ်ထောင်ရေးက …..“သဘော တူညီမှု” တခုနှင့် ဖြစ်သည်။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဒေါ်အောင် ဆန်းစုကြည်အား လက်ထပ်ခွင့်၊ ခွင့်ပန်၏။ ဒေါ်အောင်ဆန်း စုကြည်က ဒေါက်တာ မိုက်ကယ်အဲရစ်အား …..

“ကျမရဲ့ ပြည်သူတွေက…. ကျမကို လိုအပ်လာတဲ့အခါမှာ…. တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်ဖို့ …. ခွင့်ပြုပေးနိုင်မလား…..”

ဟူ၍ ကြိုတင်သဘောတူညီချက် ရယူခဲ့ပြီး၊ လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၇ဝ ဝန်းကျင်က ဖြစ်သည်။ ဒေါက်တာ မိုက်ကယ်အဲရစ်က ဗြိတိသျှလူမျိုး ဖြစ်သည်။ အောက်စဖို့ တက္ကသိုလ် ပညာရပ်ဝန်းမှ သုတေသီ ပညာရှင်တဦး….။ ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်ပြီး၊ မြောက်ပိုင်း ဗုဒ္ဓဘာသာဟုခေါ်သည့် မဟာယနဗုဒ္ဒဘာသာနှင့် လူမှုရေး…၊ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းအား အထူး ပြုလေ့လာ နေ သည့် သုတေသနပညာရှင်…..။ ဒေါက်တာ မိုက်ကယ်အဲရစ်က သူ၏ တွေ့ရှိချက်များကိုလည်း စာအုပ်စာတမ်းများ ရေးသား၍ ထုတ်ဝေ ခဲ့သည်။ အိမ်ထောင်ကျပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းရှိရာ “ဘူတန်” သို့ လိုက်သွား၏။ ဒေါက်တာ မိုက်ကယ် အဲရစ်က ဘူတန်တွင် ဘူတန်ဘုရင်၏ သားတော်၊ သမီးတော်များအား စာသင်ပေးသည့် ကျောင်းဆရာ……။ ပြီးလျှင် ဘူတန်အစိုးရ၏ ဘာသာပြန် ဌာနတွင်လည်း အကြီးတန်းအရာရှိအဖြစ် အလုပ်ဝင်၏။ ဒေါ်အောင်ဆန်းစုကြည် ဘူတန်သို့ ရောက်ပြီး၊ မကြာ……။ ဘူတန် နိုင်ငံခြားရေးရုံးတွင် ကုလသမဂ္ဂရေးရာ အကြံပေးအရာရှိအဖြစ် အလုပ်ရ၏။ ထိုစဉ်က….. ဘူတန်ဘုရင်မှာ “ဂျင်မီဆင်ရီဝမ်ချွတ်” ဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်ထက် ၁ဝ နှစ်မျှငယ်သည်။ သက်တော် ၁၇ နှစ်သာ ရှိသေးသည့် မင်းပျိုမင်းလွင်လေး…..။

ဘူတန်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇနီးမောင်နှံ ၁ နှစ်မျှနေခဲ့ပြီး အင်္ဂလန်သို့ ပြန်ခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်က သားဦး ကိုယ် ဝန် နှင့်…။ အင်္ဂလန်သို့ ပြန်ရောက်ပြီးမကြာ …. သားဦးအား ဖွားမြင်၏။ ၁၉၇၃ ခု…..။ သားအား…. “မြင့်ဆန်းအောင်” ဟူ၍ ဒေါ်အောင် ဆန်းစုကြည်က မြန်မာလို အမည်ပေး၏။ ဒုတိယမြောက်သားငယ်အား ၁၉၇၇ ခုနှစ်တွင် မွေးဖွားသည်။ အင်္ဂလန်မှာပင် မွေး၏။ ဒေါ် အောင် ဆန်းစုကြည် ငယ်စဉ်ကပင် ရေနစ်၍ သေဆုံးခဲ့သည့် သူ့အကို ကိုအောင်ဆန်းလင်းအား တမ်းတသတိရနေဆဲဖြစ်မည်။ ထို့အ တွက် သူ၏သားငယ်အား ဗမာလို အမည်ပေးရာတွင် အကို၏ အမည်ကိုပင် ပေးခဲ့၏။ “အောင်ဆန်းလင်း”…..။

အောက်စဖို့ဒ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်က ….စာအုပ်စာတမ်းများနှင့် ပြည့်နေသည်။ စာအုပ်များက စင်များပေါ်၌ …. သပ်သပ် ရပ်ရပ်၊ စီစီရီရီ…..။ အင်္ဂလန်ရှိ နေ့ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် မိခင်တဦး၏ တာဝန်၊ ဇနီးသည်တယောက်၏ ဝတ္တရား တို့ အား ကျေပွန်စွာ ထိန်းသိမ်းရင်း….. အောက်စဖို့တက္ကသိုလ် “ဘော့ဒျလီယန်” စာကြည့်တိုက်တွင် မြန်မာစာအုပ်၊ စာတမ်းများ၊ ပေပု ရ ပိုက်များအား ကတ်တလောက် ပြုစုသူပညာရှင်တဦးအဖြစ် လုပ်ကိုင်ခဲ့သေး၏။

ဒေါ်အောင်ဆန်းစုကြည်မည်မျှပင် မိသားစုတာဝန်၊ အလုပ်တာဝန်များနှင့် များစေကာမူ နှစ်စဉ်လိုလိုပင် သူ့မိသားစုနှင့်အတူ ရန်ကုန်သို့ ပြန်၏။ ရသမျှအချိန်အား ရန်ကုန်တွင် မိခင်နှင့်အတူ ပြန်၍နေသည်။


(၁၈)


၁၉၇၉ ခုနှစ်….။

ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့်အတူ ရန်ကုန်သို့ အလည်ရောက်နေကြ၏။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က အင်း ယားကန်နှင့် ထိဆက်နေသည်။ အင်းယားကန်အား ဖြတ်တိုက်လာသည့် လေတွင်က ရေငွေ့နှင့် နှင်းမှုန့်တို့နှင့်….။ အေးမြမြ။ ထို နေ့က ….. မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆွေတယောက်နှင့် မိတ်ဆက်ပေးမည်ဟု ဆိုထား၏။ ဧည့် သည်အလာအား ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ …. ဧည့်ခန်းအတွင်းမှာပင် ထိုင်စောင့်နေကြ၏။ မကြာ…..။ အသက် ၆ဝ ကျော်ခန့် ရှိမည့် အမျိုးသားကြီးတဦး အိမ်ရှေ့တံခါးဝသို့ ရောက်လာသည်။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က ထိုင်နေရာမှထပြီး ဧည့်သည်အား ခရီးဦး ကြို၏။ ပြုံး၍ နှုတ်ဆက်၏။

“စုစု …. ဒါ ဦးအုန်းမြင့်။ သမီးဖေဖေ သူငယ်ချင်း မိတ်ဟောင်းတွေပေါ့…..”

ဒေါ်ခင်ကြည်က ဧည့်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆက်ပေး၏။ ဒေါ်အောင်ဆန်းစုကြည်က ….ပြုံး၍……

“တွေ့ရတာ ဝမ်းသာပါတယ်….အန်ကယ်”

အားလုံး ဧည့်ခန်းအတွင်း ထိုင်လိုက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အတွက်…. ဖခင် ဦးအောင်ဆန်း၏ မိတ်ဆွေရင်းတဦးနှင့် သိကျွမ်းခွင့် ရခဲ့ပြီ။

သခင်အုန်းမြင့် (သို့မဟုတ်) သတင်းစာဆရာကြီး တိုးတက်ရေး ဦးအုန်းမြင့်….။ အခန်းအတွင်း တိတ်ဆိတ်နေသည်။ စကား မဆက်ကြ….။ သခင်အုန်းမြင့်က ဒေါ်အောင်ဆန်းစုကြည်အား အကဲခတ်နေ၏။

ပိန်၍သေးသွယ်သော ခန္ဓာကိုယ်တွင် ….ဗမာအမျိုးသမီး အဝတ်အစားအား ချပ်ချပ်ရပ်ရပ်၊ သေသေသပ်သပ် ဝတ်ထား၏။ လက်ဝတ် ရတနာ ပြိုးပြိုးပြက်ပြက်နှင့်မဟုတ်….. သရေကြိုးပတ် လက်ပတ်နာရီလေးနှင့် ရိုးရိုးရှင်းရှင်း ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား သခင်အုန်းမြင့်၏ အမြင်တွင် အံ့သြနေသည့်ဟန်က အထင်းသား…..။


(၁၉)


၁၉၈ဝ ခုနှစ်အတွင်း သခင်အုန်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အမှတ် ၅၄ နေအိမ်၌ ထပ်မံ၍ ဆုံတွေ့၏။ တွေ့တွေ့ချင်းမှာပင် ဒေါ် အောင်ဆန်းစုကြည်က သူမသိလိုသည့် သူမဖခင်အကြောင်းများအား မေး၏။ ဒေါ်အောင်ဆန်းစုကြည် သိလိုသည်များက အကြောင်း အ ရာစုံသည်။

ကိုအောင်ဆန်း၏ ကျောင်းသားဘဝ…။

ကျောင်းသားဘဝက အပေါင်းအသင်းများ….။ ကိုနု၊ ကိုလှဖေ( ဗိုလ်လက်ျာ)၊ ကိုအုန်း၊ ကိုကျော်ငြိမ်း….တို့ အကြောင်း။ တဦးချင်းစီ သဘောသဘာဝနှင့် စိတ်နေစိတ်ထားများ….။ ပြီးလျှင် …. ကိုယ်ကျင့်တရား၊ စာရိတ္တကအစ …. နှိုက်နှိုက်ချွတ်ချွတ် မေး၏။ အသေးစိတ်၏။ စေ့စေ့စပ်စပ်မေးသည်။ ပြီးလျှင်…. ကျောင်းသားသမဂ္ဂမှ ဒို့ဗမာအစည်းအရုံးသို့ မေးခွန်းများက ကူးခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မေး၏။ သခင်အုန်းမြင့်ကလည်း စိတ်ရှည်ရှည်နှင့်ဖြေ၏။ ဖြတ်သန်းခဲ့သည့် သမိုင်းခေတ်များ…..။ ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ကျောင်းသားကိုအောင်ဆန်းနှင့် ပတ်သက်၍မူ သခင်အုန်းမြင့်က သူမြင်ခဲ့သည့် ကိုအောင်ဆန်းအား ဤသို့ မှတ်ချက်ပြု၏။

“တက္ကသိုလ် ကျောင်းတော်သားပင် ဖြစ်သော်လည်း ကော့စမစ်တစ် ဟဲရားကရင်မ် တို့နှင့်ဝေးစွ၊ အုန်းဆီပင် တွေ့ဖူးဟန်မတူသော စုတ်ဖွားဖွားဆံပင်၊ ကြမ်းပေ့ဆိုသော ကော်လာမပါသည့် ပင်နီရောင်မွဲမွဲ ရှပ်လက်တို အရောင်မပြောင်းသော ကြေးနီရောင် ဘန်ကောက်လုံချည်ကို တိုတိုဝတ်ဆင်လျက် အမြီးပိုင်းပါးလျက်ရှိသော လေယာဉ်ပုံဖိနပ်နှင့် သခင်ပေါက်စ ကိုအောင်ဆန်းကို ပြန်၍မြင်ယောင်မိသည်။ မျက်နှာထားမှာမူ ရှုသိုးသိုး။ တက္ကသိုလ် ကျောင်းသားဆို၍ ယုံနိုင်စရာမရှိသော ကိုအောင်ဆန်းကို တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် စ၍တွေ့ရပေသည်။ ထိုအချိန်မှစ၍ သခင်အောင်ဆန်းနှင့် မကြာခဏ တွေ့ရသည်။ ဒို့ဗမာအစည်းအရုံးသို့ မကြာမကြာ ပေါက်ချလာသည်။ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျနော်တို့ သုံးဦး နေသော အိမ်သို့လည်း လှည့်၍လှည့်၍ လာတတ်လေသည်။ ကျနော်တို့နှင့် တွေ့ဆုံတိုင်း တခြားစကားမပြော၊ လွတ်လပ်ရေးအကြောင်းကိုသာ ပြောသည်။ အချိန်နာရီရှိသမျှ လွတ်လပ်ရေးအတွက် အမြဲတမ်း အလုပ်လုပ်ဖို့ စိတ်စောနေသည်”


(၂၀)


၁၉၈၄ ခုနှစ် ရန်ကုန်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်သည့်ရက်များက ဒေါ်အောင်ဆန်းစုကြည်အဖို့ မိခင်နှင့်ပင် အတူမနေအား….။ နေ့စဉ်လိုလိုပင် တပ်မတော် မော်ကွန်းတိုက်သို့သွားပြီး “ဂျပန်ခေတ် Statement” များအား လက်ရေးနှင့် ကူးယူနေခဲ့ရသည်။ သခင်အုန်းမြင့်နှင့်ပင် အေးအေးလူလူ တွေ့ပြီး စကားမပြောဖြစ်သေး….။ ထိုနေ့က သခင်အုန်းမြင့် ၅၄ နေအိမ်သို့ လာမည်ဟု သိရသဖြင့် ….မော်ကွန်းတိုက်သို့ မသွားဘဲ ….အိမ်မှာပင် စာဖတ်ပြီး သခင်အုန်းမြင့်အား စောင့်မျှော်နေခဲ့၏။ ဧည့်ခန်း၌ ထိုင်မိသည်နှင့် …..သခင်အုန်းမြင့်က ဒေါ်အောင်ဆန်းစုကြည်အား သတင်းစာဖြတ်ပိုင်းလေးတခု ပေး၏။ နှစ်ကာလ မည်မျှကြာခဲ့ပြီမသိ…..။ ဖြတ်ပိုင်းစာရွက်လေးက ဝါကျင်ကျင်နှင့် ဖျော့၍နေပြီ။

၁၉၃ဝ ခုနှစ်တွင် ကိုအောင်ဆန်း ရေနံချောင်း အမျိုးသားကျောင်းမှ ၇ တန်းတွင် စကောလားရှစ် ရရှိသည့်အခါ ရွှေတံဆိပ် ချီးမြှင့်သည့် သတင်းဖြတ်ပိုင်းလေး ဖြစ်သည်။ ထိုစဉ်က အမျိုးသား ပညာရေးမဂ္ဂဇင်းတွင် ဖော်ပြပါရှိထားခဲ့သည်။ သူမ ဖခင်၏ ရွှေတံဆိပ်ဆု ရရှိသည့် သတင်းဖြတ်ပိုင်းလေးအား ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ သခင်အုန်းမြင့်ကို ပြောသည်။

“ အန်ကယ် စုလည်း ပြောမယ်ပြောမယ်နဲ့ မေ့နေတာ….မပြောဖြစ်ဘူး….။ စု ဆုံးဖြတ်ချက် ချထားပြီးပြီ။ ဗမာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း (Educational Foundation) ဆိုပြီးတော့ မတည်မယ်။ ပညာထူးချွန်ရဲ့သားနဲ့ ငွေရေးကြေးရေးကြောင့် အထက်တန်းပညာ မသင်နိုင်တဲ့ ကျောင်းသားတွေ၊ နိုင်ငံခြားမှာသွားပြီး ပညာမသင်နိုင်တဲ့ ကျောင်းသားတွေကို အထောက်အကူပေးဖို့ စု…လုပ်မယ်။ မေမေသဘောတူရင် အဲဒီ (Foundation) ကို ဒီအိမ်မှာ၊ ဒီနေရာမှာ ဒီခြံထဲမှာပဲ ထားပြီးတော့ ရုံးဖွင့်ပြီးတော့ လုပ်မယ်”

ဒေါ်အောင်ဆန်းစုကြည်က မိခင်ဖြစ်သူဘက်သို့ လှည့်ပြီး စကားအား အဆုံးသတ်လိုက်၏။ ဒေါ်ခင်ကြည်က စိတ်အားထက်သန်စွာ ပြောနေသည့် သမီးဖြစ်သူ၏ စကားအား ငြိမ်၍နားထောင်နေ၏။ ဒေါ်ခင်ကြည်သည် တစုံတရာအား လေးလေးနက်နက် တွေးနေသည်။ ပြီးလျှင် ….ဒေါ်ခင်ကြည်က သခင်အုန်းမြင့်အား…..

“သခင်အုန်းမြင့်ရေ …. ကျမစဉ်းစားထားတဲ့ အစီအစဉ်လေးကို ပြောချင်လို့ …. တိုင်ပင်တာလဲပါတာပေါ့”

သခင်အုန်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောလာမည့် ဒေါ်ခင်ကြည်၏ စကားအား…..ငြိမ်၍နားစွင့်နေကြသည်။

“ကျမတို့နိုင်ငံရဲ့ အခြေအနေဟာလည်း တနှစ်ပြီးတနှစ် ကျပ်တည်းပြီးရင်း ကျပ်တည်းလာတယ်လေ။ အဲ့ဒါ ကျမကို လစဉ် နိုင်ငံတော်က ထောက်ပံ့နေတဲ့ ထောက်ပံ့ငွေ ၅ဝဝဝ ကို တဝက်ပဲ ယူတော့မယ် ….. သခင်အုန်းမြင့်ရေ….. ကျန်တဝက်ကိုတော့ နိုင်ငံတော်ကိုပဲ ပြန်လှူလိုက်တော့မယ်လို့ ကျမစဉ်းစားထားတယ်။

သခင်အုန်းမြင့်က မည်သို့မျှ ပြန်၍မပြော….။ သခင်အောင်ဆန်း၏ကတော် ဒေါ်ခင်ကြည်ကိုသာ ငေး၍ကြည့်နေမိသည်။ သူမိခင်ဖြစ်သူ၏ ဘေးတွင် ထိုင်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မည်သို့မျှ စကားမဆို၊ ငြိမ်၍နေသည်။ တခုခုအား လေးလေးနက်နက် ငြိမ်၍ တွေးတောနေသည်။ ဧည့်ခန်းအတွင်း တိတ်ဆိတ်၍ နေသည်။ ပြီးလျှင် ပြန်လည်၍ သက်ဝင်လာကြသည်။ သမိုင်းခေတ် တခေတ်၏ စာမျက်နှာအစ…..။

အိမ်အမှတ် ၅၄ ဧည့်ခန်းဆောင် ဆွေးနွေးပွဲက တစ…..တစနှင့် အနှစ်သာရ ပြည့်ဝ၍လာသည်။ ချုပ်ရလျှင်မူ …. “တိုင်းပြည်အခြေအနေက တနေ့ထက်တနေ့ တိုး…တိုးပြီး ဆိုးလာပြီ။ တိုင်းပြည်ငြိမ်းချမ်းမှ …..သာယာဝပြောမည်။ တိုင်းပြည်ရော … တိုင်းပြည်ထဲက လူတွေပါ သာယာဝပြောဖို့ လိုမည်။ အားလုံးသာယာဝပြောဖို့ရာက …. အခြေခံသည် ငြိမ်းချမ်းရေး….။ ငြိမ်းချမ်းရေးရဖို့အတွက် ….တနေ့နေ့ … တချိန်ချိန်တွင် သမိုင်းက တောင်းဆိုလာမည်။ ထိုအခါတွင်…. စိတ်ကောင်း၊ စေတနာကောင်း ရှိတဲ့သူတွေ၊ တိုင်းပြည်ကောင်းကျိုး သယ်ပိုးချင်တဲ့သူတွေ၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ၊ တကယ့် မျိုးချစ်စိတ်ရှိတဲ့ သူတွေ …..။ ထိုထိုသော သူတို့ဟာ နိုင်ငံရေးထဲမှာ ပါဝင်လာကြရမယ်”

ဤသို့ ၅၄ ၏ ဧည့်ခန်းဆောင် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သခင်အုန်းမြင့်အကြား Understanding ရခဲ့၏။ သုံးဦးစလုံးက သိနေကြ၏။ မလုပ်ရင်မဖြစ်တော့…..။ ဝင်၍ တခုခု လုပ်ကြရတော့မည်ဟူ၍……။


No comments: