Thursday, June 25, 2009

ဒေါ်အောင်ဆန်းစုကြည် ကံဇာတာ ညံ့ဟု ဗေဒင်ဆရာတွေ ဟောကိန်းထုတ်

အေးလဲ့ Thursday, 25 June 2009

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် ကံဇာတာ အညံ့ ပိုင်းတွင် ကျရောက် နေသဖြင့် ဆက်လက် ထိန်းသိမ်း ခံရဦး မည်ဟု မြန်မာ နိုင်ငံမှ ဗေဒင် ဆရာ တချို့က ဟောကိန်း ထုတ်လိုက်သည်။

“သူ့မွေးလကနေ ၄၅ ရက် ကျော်ရင် ကြောက်စရာ ကောင်းတယ်၊ အခုလည်း ထောင်ဆက်ကျမှာပါ၊ သူ့ဂြိုဟ်က ညံ့တယ်၊ မလွတ်ဘူး ဆိုတာ သေချာတယ်၊ ၃ နှစ်ကတော့ တန်းနေတာပဲ” ဟု ရန်ကုန်မြို့ရှိ ဗေဒင်ဆရာ တဦးက ဧရာဝတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နာမည် မသေသော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိသည် ဟုလည်း ၎င်းက ဆိုသည်။

“ဗမာပြည်ရဲ့ အန္တရာယ်က တခုခု အပြောင်းအလဲ ဖြစ်ဖို့ လူတွေကို ချချကျွေးရတာ ရှိတယ်၊ ဥပမာ ဗိုလ်ချုပ်ကို ချကျွေးပြီးတော့မှ တိုင်းပြည် လွတ်လပ်ရေး ရတဲ့ သဘောမျိုး။ သူ့ကိုလည်း အဲဒီလို ချကျွေးမှ တိုင်းပြည်က လိုချင်တဲ့ပုံ ဖြစ်သွားမှာ” ဟု ၎င်းက ပြောသည်။

“သေချာတယ်၊ အသက် ၆၅၊ ၆၆၊ ၆၇ က သူ့အတွက် Unlucky (ကံမကောင်းတဲ့) နှစ်တွေပဲ၊ သာမန် အင်္ဂါဆိုရင်လည်း Unlucky နှစ်ပဲ၊ ကျန်းမာရေးအရ၊ ယေဘုယျတော့ ၆၆ နှစ်မှာ ပိုသတိထားရမယ် စမယ့် လကလည်း မွေးလကုန် တလအကျော်မှာ” ဟုလည်း သူက ဆိုသည်။

မန္တလေးမြို့မှ ဗေဒင်ဆရာတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက် ထိန်းသိမ်း ခံရမည် ဖြစ်သည်ဟု ဆိုသည်။

“သူက ၂ဝဝ၉၊ ၇ လပိုင်း ၁ ရက်နေ့ ကနေ ၂ဝ၁ဝ၊ ၄ လပိုင်း ၁၆ ရက်နေ့ အထိတော့ ကံဇာတာ မကောင်းဘူး၊ လုံးဝကို လွတ်လပ်မှု မရှိတော့တာ ပေါ့။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစစ အရာရာ ညံ့တယ်၊ ကျန်းမာရေး အပါအဝင်ပေါ့” ဟု မန္တလေးမြို့မှ ဗေဒင် ဆရာက တွက်ပြသည်။

ဗေဒင် ယုံကြည်သူ အများအပြား ရှိသည့် မြန်မာနိုင်ငံတွင် စစ်အစိုးရ ခေါင်းဆောင်များသည်လည်း ဗေဒင် ယုံသူများအဖြစ် သတင်းကြီးသူများဖြစ်သည်။

အာဏာပိုင်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် စစ်ခေါင်းဆောင်များ မည်သည့်အချိန်တွင် ကံဇာတာ အတက်အကျဖြစ်မည်ကို အဓိကထား မေးလေ့ရှိကြောင်း ဗေဒင်ဆရာများက ပြောသည်။

ရှေးမြန်မာဘုရင်များသည်လည်း အတိုင်ပင်ခံ ဗေဒင်ဆရာ ပရောဟိတ်များကို တာဝန်ပေး ခန့်အပ်ထားကြောင်း၊ သို့သော်လည်း တိုင်းပြည် ကောင်းစားရေးထက် နန်းသက်ရှည်ပြီး ရာဇပလ္လင်မြဲရေး အတွက်ကိုသာ အဓိကထားကြကြောင်း ဗေဒင်ဆရာတချို့က ဧရာဝတီကို ပြောပြသည်။

မြန်မာမင်းများသည် အတိတ်၊ တဘောင်၊ နိမိတ်များကိုလည်း ယုံကြည်ပြီး တဘောင်၊ နိမိတ်များ အတိုင်း ဖြစ်မလာစေရန် ယတြာများဖြင့် အရှောင်အတိမ်း လုပ်ကြသည် ဟုလည်း သိရသည်။

မကြာသေးမီက နိုင်ငံခြားသားတဦး နေအိမ်သို့ ကျူးကျော်ဝင်ရောက်လာပြီးနောက်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ ၂၂ ဖြင့် ရုံးတင် တရားစွဲခဲ့သည်။

ထိုပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို ငွေဒဏ် ကျပ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ် မှ ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ပြည်တွင်းပြည်ပမှ အကဲခတ်သူ အများစုက အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ပြီး နေအိမ်သို့ ပြန်လည် ပို့ဆောင် ချုပ်နှောင်မည်ဟု ခန့်မှန်းထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၆၊ ၂ဝဝ၃ ခုနှစ်တို့တွင် အင်အား ရာထောင်ချီသော လူအုပ်ကြီးများ၏ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်လာသူဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ချုပ်နှောင်ခံရသည့် ကာလမှာ စုစုပေါင်း ၁၄ နှစ်ခန့်ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နောက် ၄ နှစ်အကြာတွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရဖွယ်ရှိသေးသည်ဟု မန္တလေးမြို့မှ ဗေဒင် ဆရာက ပြောသည်။

“၂ဝ၁၃၊ ၂ဝ၁၄ ကြားမှာ သူ့အသက်အန္တရာယ် ရှိတယ်၊ ရုတ်တရက် လုပ်ကြံခံရမှု ရှိနိုင်တယ်၊ ထိတော့ ထိမယ်၊ အသက်တော့ မသေဘူး” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ယတြာချေရန် လွယ်ကူသည့် နည်းလမ်းတခုကိုလည်း ရန်ကုန်မှ ဗေဒင်ဆရာက အကြံပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပေးလိုပါက သပြေပန်းခက်ကို မသုံးဘဲ ခရေညွှန့်ဖြင့် ဆုတောင်းပေးပါက ပိုပြီး ထိရောက်မည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာ အကောင်းဘက်သို့ ပြောင်းလဲသွားနိုင်မည်ဟု ဆိုသည်။

အင်္ဂါနေ့ဖွား ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ဇာတိဖြစ်သည်။ မွေးနေ့မှာ ၁၃ဝ၇ ခုနှစ် ဝါဆိုလဆန်း ၁ဝ ရက်နေ့၊ ၁၉၄၅ ဇွန်လ ၁၉ ရက်နေ့ ဖြစ်သည်။ မိဘများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်ခင်ကြည်တို့ ဖြစ်သည်။

No comments: