Saturday, June 20, 2009

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အလှူပွဲ အာဏာပိုင်များတားမြစ်

ရိုးမ ၃

မနေ့က ကျရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ ဘုန်းကြီး ဆွမ်းကပ် အ လှူပွဲကို နယ်မြေခံ အာဏာပိုင် များခွင့် မပြုခဲ့ သဖြင့် ကျောင်းတိုက် များသို့ ဆွမ်းချိုင့် များ လိုက်ပို့ နေရသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မယရ၊ စရဖ နှင့် SB တပ်ဖွဲ့ဝင်များက ဖိအားပေးခြင်းကြောင့် ခေမာသီဝင်ဘုန်းကြီးကျောင်းတိုက်ကလဲ မပြုလုပ်ပေးခြင်းဖြစ်ကြောင်း မွေးနေ့အလှူပွဲ စီစဉ်သူဦးက ပြောသည်။

“မနေ့က မယကကို အကြောင်းကြားတော့ အတွင်းရေးမှူးခရီးသွားနေလို့ ပြန်လာရင် ညှိပေးပြီး အကြောင်းကြားမယ်ပြောတယ်၊ ညဘက်ကျတော့ ဘုန်းကြီးကျောင်းကလဲ လက်ခံမလို့ အခုလိုဖြစ်တာ၊ အာဏာပိုင်တွေ ခွင့်ပြုမလိုလုပ်ပြီး ဘုန်းကြီးကျောင်းကို ဖိအားပေးတာ” ဟု ပြောသည်။

ယခုကဲ့သို့ ဆွမ်းကပ်တရားနာပွဲကို လုပ်ခွင့်မပြုသည့်အတွက် မြို့ပေါ်စာသင်တိုက် ၁၀ ခုနှင့် အခြားကျောင်းတိုက်များကို ဆွမ်းချိုင့်များ ပို့ရန် ပြင်ဆင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ခေါင်းဆောင်တယောက်ရဲ့ မွေးနေ့ပွဲကို လုပ်ခွင့်မရတာ တော်တော်ဝမ်းနည်းတယ်၊ လက်မခံတဲ့ ကျောင်းတိုက်ရော အာဏာပိုင်တွေကိုလဲ ကျနော်တို့တင်မဟုတ်ဘူး၊ တမြို့နယ်လုံးက စိတ်ဆိုးကြတယ်” ဟု ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆွမ်းကပ်တရားနာပွဲကို ညောင်ဦးမြို့နယ်တွင်လဲပြုလုပ်ခဲ့ရာ အောင်မြင်စွာ ပြုလုပ်ပြီးခဲ့ကြောင်း မြေလတ်ဒေသ လူငယ်အင်အားစုများအဖွဲ့ဝင်တဦးက ပြောသည်။

“ကျနော်တို့ဆီမှာတော့ သံဃာ ၅ ပါးကို အာရုံဆွမ်းကပ်တယ်၊ လူ ၄၀ ကျော်လောက် တက်ရောက်ကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ်အကျယ်ချုပ်က လွတ်ဖို့ရယ်၊ အသက်ရာကျော်ရှည်ဖို့ရယ်၊ နိုင်ငံ့အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ဖို့ရယ် ဆုတောင်းခဲ့ကြတယ်” ဟု ပြောသည်။

ညောင်ဦးမြို့တွင်ပြုလုပ်သည့် မွေးနေ့အလှူပွဲကို ဘုန်းကြီးကျောင်းတိုက်တခုအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်များက နှောင့်ယှက်ခြင်းမရှိဘဲ ပြီးစီးသွားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ပုဂံ၊ ညောင်ဦး၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များတွင် တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲကို ပြည်တွင်းပြည်ပ နေရာအနှံ့အပြားတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများက ကျင်းပပြုလုပ်ကြပြီး ထိုင်း-မြန်မာနယ်စပ်ရှိ အဖွဲ့အစည်းများနှင့် အုန်းပြန့်ဒုက္ခသည်စခန်းတွင်လဲ ဆုတောင်းပွဲများပြုလုပ်ခဲ့ကြသည်။

No comments: