Tuesday, June 23, 2009

စစ်တွေ ဘုရားကြီးနှင့် ပြတိုက်အတွင်းမှ အဖိုးတန် အနုပညာ လက်ရာ ပစ္စည်းများ ပျောက်ဆုံးမူ ရှိနေ

စစ်တွေမြို့ ရှိ အတုလ မာရဇိန် ဘုရားကြီး နှင့် ယင်း ဘုရားကြီး အတွင်းရှိ ပြတိုက်ငယ် အတွင်းတွင် လုံထိန်းနှင့် ရဲသားများ နေရာ ယူထား သဖြင့် တချို့ ရှေ့ဟောင်း လက်ရာ အ နုပညာ ပစ္စည်းများ ပျောက်ဆုံး လျှက်ရှိ သည်ဟု အလှူရှင် တဦးက ပြောသည်။

“အခု ဘုရားကြီး အတွင်းမှာ အများသူငယ် ကြည့်ရှု့နိုင်ရန် ဆိုပြီး ကျနော်က အထူး လက်ရာ မြှောက်တဲ့ ဆရာတော် ဦးဥတ္တမ ပုံတော် တ ခုကို လှူဒါန်း ချိတ်ဆွဲထားပါတယ်။ ခု အဲဒီကားက ပျောက်ဆုံးနေပါတယ်။ ဘုရားကြီး အတွင်းမှာ မရှိတော့ပါဘူး။ ”

ယခုအခါ ဘုရား ကြီးတွင် တာဝန်ကျသည့် ရဲသားနှင့် လုံထိန်း များမှာ ဘုရားကြီး ပရ၀ုဏ် အတွင်း တွင်သာမက ဘုရား ကြီးအတွင်း ရှိ ပြတိုက်ငယ် အတွင်း တွင်ပင် နေရာ ယူထား သည်ဟု သိရသည်။

သူက “ဘုရားကြီး ပြတိုက်အတွင်းမှာ စေတနာရှင်တွေက အများသူငါ မြင်တွေ့ နိုင်အောင်ဆိုပြီး ရှေ့ဟောင်းဘုရားတွေ၊ ရှေ့ဟောင်း ရခိုင်ဒင်္ဂါးတွေကို လာထားပြီး ပြသထားပါတယ်။ ခုလို ရဲသားတွေနဲ့ လုံထိန်းတွေက ပြတိုက်အတွင်း တည်းခိုနေတာကြောင့် ပျောက်ဆုံးမူတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘုရားဂေါပကတွေကိုလည်း သွားအကြောင်းကြားရင် သူတို့လည်း ဘာမှ မတတ်နိုင်ဘူးဆိုပြီး ပြောပါတယ်။ ” ဟု ပြောသည်။

စစ်တွေ ဘုရားကြီးတွင် ဂေါပက အဖွဲ့ရှိသော်လည်း အဆိုပါ ရဲသားနှင့် လုံထိန်းများ တည်းခိုနေထိုင် နေခြင်းနှင့် ပတ်သက်ပြီး မည်သို့မှ တားမြစ်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။

အမည်မဖေါ်လိုသူ ဘုရားဂေါပက တဦးက “ဆန္ဒပြတဲ့ ရဟန်းတော်တွေက စစ်တွေမှာ ဆန္ဒပြရင် ဘုရားကြီးမှာ စုဆုံပြီး ဆန္ဒပြလေ့ရှိတော့ အာဏာပိုင်တွေက ဘုရားကြီးမှာ လုံခြုံရေး အမြဲချထားပါတယ်။ ဒါကို သွားဟန့်တားရင် တခုခု ပြဿနာ ပေါ်တဲ့အခါ ဘယ်သူက တာဝန်ယူမလဲ။ ဒါကြောင့် သူတို့ကို ဒီအတိုင်းဘာမှ မပြောနိုင်ဘဲ ထားရတာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။

ယခုကဲ့သို့ ဘုရားကြီးအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ နေရာ ယူထားသဖြင့် ရှေ့ဟောင်း ပစ္စည်းများ ပျောက်ဆုံးနေသည်သာမက ဘုရားဖူးသူများ အနေဖြင့်လည်း လွတ်လွတ်လပ်လပ် ဘုရားဖူး၍ မရဘဲ ဖြစ်နေသည်ဟု သတင်း ရရှိသည်။


No comments: