Monday, June 29, 2009

ကရင်နီအမျိုးသမီး စစ်မြေပြင်တွင် အသုံးချခံရ

နှောင်းလှိုင်/ဇွန်လ ၂၉၊ ၂၀၀၉

ကရင် နီပြည် အမှတ် ၂ ခရိုင် ဂီလိုရွာ တွင် မြန်မာ စစ်တပ် ခလရ ၇၂ နှင့် ကရင်နီ တပ်မတော် များ ခြုံခို တိုက်ပွဲ တခု ဖြစ်ခဲ့ပြီး နောက် ရွာထဲမှ အမျိုး သမီး နှစ်ဦးအား စစ်တပ်မှ ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု ကရင်နီ တပ်မတော် က ဆိုသည်။

အသက် ၆၀ နှစ်အရွယ်ရှိ နော်သားခု နှင့် အသက် ၄၆ နှစ်အရွယ်ရှိ နော်ဘဲလေတို့ကို ဗိုလ်မှူးကျော်မျိုးဦး ဦးဆောင်သော ခလရ ၇၂ မှ ယခုလို အတင်းဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ကရင်နီတပ်မတော်မှ မြန်မာစစ်တပ်အား ပစ်ခတ်မှုများ မပြုလုပ်နိုင်ရန် ထိုအမျိုးသမီးနှစ်ဦးဖြင့် ဓါးစာခံ အကာအကွယ်ယူရန် ရည်ရွယ်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကရင်နီတပ်မတော် တပ်ရင်း ၁ မှ ထောက်လှန်းရေးအရာရှိ စောခဲရိုက ပြောပါသည်။

၎င်းက“ကောင်မလေးကို ခေါ်သွားတာ ဒီလမ်းပြအနေနဲ့ပေါ့၊ လမ်းပြလည်းဖြစ်တယ် နောက်ပြီး သူတို့အတွက် အကာအကွယ်ပေါ့နော်၊ ဥပမာ ကျနော်တို့ ကေအဲန်ပီပီက သူ့တို့ကို လမ်းမှာ စောင့်တိုက်မယ်ဆိုလို့ရှိရင် မိန်းမသားလည်း ဖြစ်တယ် ပြည်သူလူထုလည်းဖြစ်တယ် ဆိုတော့ ကျနော်တို့ ကေအဲန်ပီပီက မတိုက်ရဲတော့ဘူးလေ” ဟုပြောပါသည်။

ယခုလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဖြစ်ပွားခဲ့ကြသော တိုက်ပွဲတွင် နှစ်ဘက် ကျဆုံးမှုမရှိဘဲ မြန်မာစစ်တပ်ဘက်မှ တပ်သားအချို့သာ ဓါဏ်ရာရရှိသွားသည်ဟု ကရင်နီတပ်မတော်က ဆိုပါသည်။

No comments: