Wednesday, June 24, 2009

ပါမောက္ခချုပ်နှင့် ဌာနမှူးတို့ပေါင်းကာ ခြစားမှုများကြောင့် အောက်ခြေဝန်ထမ်းများ မကျေနပ်

ဉာဏ်မောင် Wednesday, 24 June 2009

ပါမောက္ခချုပ် နှင့် ဌာနမှူး တို့ပေါင်းပြီး အောက်ခြေ ဝန်ထမ်း များ ခံစား ခွင့်ဖြစ်သည့် သက်သာ ကြေးများကို ပေးဝေ ခြင်းမရှိဘဲ ဝန် ထမ်း များအပေါ်တွင်လည်း ခွဲခြား ဆက်ဆံ မှုများ ပြုလုပ် နေသည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းနှင့် စီမံရေးရာဌာမှူး ဒေါ်ဖြူဖြူအောင်တို့ ပူးပေါင်းပြီး ဝန်ထမ်းများရရှိမည့် ခံစားခွင့်များကို ပေးခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် ခွဲဝေယူနေကြောင်း ပညာရေးဝန်ထမ်းတဦးက ပြောသည်။

“အခုဆိုရင် ကျောင်းက ပညာရေးဝန်ထမ်းတွေမှာ ဘာခံစာခွင့်မှမရှိဘူး၊ သက်သာကြေးဆိုတာလည်း သူပြောင်းလာကတည်းက တခါမှ မထုတ်ပေးတော့ဘူး၊ အခါကြီးရက်ကြီးတွေအတွက်လည်း ခံစားခွင့်တွေမရှိတော့ဘူး၊ ကျန်တဲ့ တက္ကသိုလ်တွေမှာ ဝန်ထမ်းတွေအတွက် အနည်းနဲ့အများ ရကြတယ်” ဟု ပြောသည်။

မိသားစုစားဝတ်နေရေးနှင့် သားသမီးများပညာရေးအတွက် ကျောင်းဝန်းအတွင်း ဈေးရောင်းသည့် ပညာရေးဝန်းထမ်းများကိုလည်း အဆောက်အဦးများဖျက်ပြီး နှင်ထုတ်ခြင်းများ ပြုလုပ်နေသည့်အပြင် ဝန်ထမ်းများရရှိမည့် သက်သာစရိတ်ကို ထုတ်ပေးခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဝန်ထမ်းတွေကို မတရားခိုင်းတယ်၊ သူပြောင်းလာခါစက ပြောတာရှိတယ်၊ ခင်ဗျားတို့ သက်သာစရိတ်မသုံးတတ်ရင် ကျုပ်သုံးပြမယ်ဆိုပြီး ပြောထားတာ” ဟု အဆိုပါ ပညာရေးဝန်ထမ်းက ဆက်လက်ပြောသည်။

ထို့အပြင် ဝန်ထမ်းသားသမီးများအတွက် ပညာရေးထောက်ပံ့ရေးစရိတ်များကိုလည်း ခွဲခြားပြီးပေးနေသည့်အတွက် အောက်ခြေပညာရေးဝန်ထမ်းများက မကျေမနပ်ဖြစ်ပြီး အခက်အခဲများစွာ ကြုံတွေ့နေရသည်။

“ဝန်ထမ်းကလေးတွေ ကျောင်းစရိတ်ထောက်ပံ့တာက မူလတန်းကနေ လေးတန်းအထိ ကလေးတွေအတွက် ပေးတယ်၊ (ငါး၊ ခြောက်၊ ခုနှစ်တန်း) ကလေးတွေအတွက်ကို မပေးဘူး၊ ရှစ်တန်းကလေးတွေအတွက် ပြန်ပေးတော့လည်း လခ တသောင်းကျော်ရတဲ့ ဝန်းထမ်းရဲ့ ကလေးတွေကိုပဲ ပေးပြီး လခသုံးသောင်းလောက်ရတဲ့ ဝန်းထမ်းရဲ့ ကလေးတွေကျတော့ မပေးဘူး” ဟု ပြောသည်။

အဆိုပါ ပါမောက္ခချုပ် ဦးကျော်ရဲထွန်းသည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် သန်လျင်သို့ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်းက ပြောင်းလာခြင်းဖြစ်ပြီး စရောက်သည့်အချိန်မှစ၍ ယနေ့ထိ ပညာရေးဝန်ထမ်းများအပေါ် နည်းအမျိုးအမျိုးဖြင့် ဖိနှပ်ဆက်ဆံနေကြောင်း ၎င်းက ဆက်ပြောသည်။

No comments: