Friday, June 26, 2009

ဗုဒ္ဓရုပ်ပွားတော် ရက်လုပ်ပူဇော်ရန် နတ်များပါရမီဖြည့်ဟု ယုံကြည်နေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဟာစည်တောရကျောင်းတွင် ၀ါးနှီးဖြင့်ဗုဒ္ဓရုပ်ပွားတော် ယက်လုပ်စဉ်က အံ့သြဖွယ်ရာဖြစ်ရပ်ဆန်းများ ကြုံတွေ့ခဲ့ရကြောင်း ပါဝင်သည့် ဒေသခံများက ဆိုသည်။

ဗုဒ္ဓရုပ်ပွားတော်ယက်လုပ်စဉ်တွင် နတ်တံတားဖြစ်ပေါ်လာခြင်း၊ အိပ်မက်အရကြိုသိပြီး ၀ါးလာလှူခြင်းများကို အံ့သြဖွယ်တွေ့ရှိခဲ့ရကြောင်း ဘုရားဂေါပကအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည်အနှံ့နှင့်အခြားနေရာများ၌ နှီးဘုရားရုပ်ပွားတော် ယက်လုပ်ပူဇော်နေသည့် နမ့်ခမ်းမြို့နယ်မဟာစည်တောရ ကျောင်းမှ ဆရာတော်ဦးဝိမလဗုဒ်တိဦးစီး၍ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို ယက်လုပ် ပူဇော်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်၏ အတွေ့အကြုံအရ ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရုပ်ပွားတော် ယက်လုပ်စဉ် ဘုရားရက်သည့် ရှေ့တည့်တည့်၌ ထူးဆန်းသည့် ရွေဝါရောင် တိမ်တိုက်များဖြစ်ထွန်း လာခဲ့ကြောင်း ဆိုသည်။

နမ့်ခမ်း မဟာစည်တောရကျောင်း၌ မေလ(ရ)ရက်နေ့တွင် ဂေါပကအဖွဲ့ဝင်များနှင့်မန့်မိုင် မန့်ဟွေ့ မန့်မွန်း ရပ်ရွာ လူကြီးများ ရုပ်ပွားတော်ရက်လုပ်မည့်ကိစ္စ တိုင်ပင် ဆွေးနွေးနေစဉ် လူငယ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ကျောင်းတွင်းဝင်လာကာ ဂေါပကလူကြီးများကို အခုလိုမေးမြန်းခဲ့ကြောင်း ဂေါပကအသိုင်းအ၀ိုင်းက သူတစ်ဦးက ပြောသည်။

ကျောင်းထဲဝင်လာပြီး လူတွေကိုချက်ခြင်းမေးလိုက်တယ် ဘုရားယက်မယ်ဆို ဂေါပကတွေကလည်း ဟုတ်တယ်လို့ ချက်ခြင်းပြန်ဖြေလိုက်တယ် ဒါဆိုဝါးယူလာတယ် ဒါကသျှမ်းလိုဆို မိုက်မုန်းလို့ခေါ်တယ် ဒါနဲ့ဂေါပကတွေက
နင်တို့ ဘယ်လိုသိလဲ ဘုရားရက်မယ်ဆိုတာ အစီအစဉ် ဘယ်လိုရှိလည်းဆိုတာ ငါတို့တောင် မကြေငြာရ သေးဘူးအစည်းအဝေးတောင် အခုမှပြီးသွားတယ် ပြန်ပြောလိုက်တယ်” လို့ သူကပြောသည်။

“သူတို့က ကျနှော်တို့အမေကယူလာခိုင်းတာပါ အမေကအိပ်မက်မက်လို့ မနက်စောစောထပြီး ဟိုဘက်တောင် ကျောမှာ သွားခုတ်ပြီးယူလာခဲ့တာပါ ” လို့ ဆက်ပြောသည်။

မေလ(၁၅)ရက် ရုပ်ပွားတော်ယက်မည့် ၀ါးခုတ်ရန်အတွက် ရေချောင်းကိုဖြတ်ရန် တံတားထိုးရမည့် အခက်အခဲကြုံ တွေ့နေရစဉ် (၁၄)ရက်နေ့ညပိုင်းက မိုးကြီးလေကြီးများကျရောက်ခဲ့ကာ သစ် ပင်ကြီးနှစ်ပင်ကျိုးကျပြီး အလိုအလျောက် တံတားဖြစ်ပေါ်ခဲ့သဖြင့် သူတို့က နတ်များက ဘုရားရက်ရန်အတွက် ပါရမီဖြည့် နေကြ ကြောင်း ယုံကြည် နေကြသည်။

“ ဆရာတော် ဦးဝိမလဗုဒ်တိ ပြောတဲ့အတိုင်း သျှမ်းရွာတစ်ရွာဆို အပျိုတော် (ရ) ယောက် လူပျို (ရ) ယောက် လူ ကြီး ပန်းဒကာတွေနဲ့ အိုးစည်ဗုံမောင်းတွေနဲ့ ၀ါးသွားခုတ်ရမယ် နံနက်စောစော (၆) နာရီလောက် ၀ါးသွားခုတ်မဲ့ အဖွဲ့ ထော်လာဂျီတွေနဲ့ဝါးသွား ခုတ်မဲ့ နေရာ ကိုသွားလိုက်တယ် နမ့်ကမ်းချောင်းကိုရောက်တော့ တံတားခင်းရမယ်ဆိုပြီးစီစဉ်နေတုန်း တစ်ယောက်က အော်လာတယ် ငါတို့ တံတား ခင်းစရာမလိုတော့ဘူး သူ့အလိုလိုတံတားဖြစ်နေပြီဆိုတော့ အကုန်လုံးအံ့သြကြတယ် ” လို့ သူက ဆိုသည် ။

ယခုယက်လုပ်နေသည့် ဗုဒ္ဓရုပ်ပွားတော်သည် ယခုအပတ်အတွင်းအောင်မြင်စွာပြီးဆုံးသွားပြီ ဖြစ်ကြောင်းသိရသည် ။

No comments: