မော်တခဲ
ထိုင်း - မြန်မာ နယ်စပ် မယ်ဟောင် ဆောင် ခရိုင် အတွင်း မှာရှိတဲ့ ကရင်နီ ဒုက္ခသည် အမှတ်(၁) စခန်းကို ရောက်ရှိ သွားချိန် မှာတော့ နှင်းထု လေးတွေ လို တဖွဲဖွဲ ကျနေတဲ့ မိုးဖွဲ လေးတွေ က ကျမကို ဦးစွာ ဆည်းလို့ ကြိုလိုက် ပါတယ်။
စခန်းက လျှိုမြောင်လေးထဲမှာပါ။ အရပ်လေးမျက်နှာကို တောင်းတန်းတွေက ၀ိုင်းရံထားပါတယ်။ ဖက်၊ သစ်၊ ၀ါးတွေနဲ့ ယာယီပုံစံမျိုး ဆောက်လုပ်ထားတဲ့ တဲအိမ်လေးတွေကို ကြည့်ပြီး လူဦးရေ နှစ်သောင်းလောက် နေထိုင်ကြတယ်ဆိုတာကို ကျမ ယုံရခက်ခက် ဖြစ်သွားပါတယ်။
မိုးဖွဲလေးတွေကြောင့် စခန်းထဲက ရပ်ကွက်တခုနဲ့ တခုသွားရတဲ့ လမ်းကျင်းလေးတွေက ရွံ့တွေကြောင့် မနည်း သတိထားသွားရပါတယ်။ ရပ်ကွက် (၁၇)ကို ရောက်သွားချိန်မှာတော့ တဲအိမ်ငယ်လေးရဲ့ ကွပ်ပျစ်လေးပေါ်မှာ အသက်(၁၆) နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက် မိုးဖွဲလေးတွေကို သူကြည့်ပြီး တစ်ယောက်ထဲအတွေးတွေ မျှောနေတာကို မသဲမကွဲမြင်နေရလို့ တအောင့်လောက် ရပ်ကြည့်နေရင်းနဲ့ ရွံ့တွေကြားက ကျမ ခြေလှမ်းတွေ သူရှိရာကို ဦးတည်သွားပါတော့တယ်။
မိုးအေးအေးနဲ့ ညနေခင်းချိန်မှာ ကောင်လေးက ကျမကိုတွေ့တော့ သူ့အတွေးတွေ ချက်ချင်းရုတ်သိမ်းကာ အပြုံးလေးကို ရှေ့တန်းတင်ပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်တဲ့အတွက် ကျမတကိုယ်လုံး နွေးထွေးသွားစေပါတယ်။ သူရဲ့နာမည်လေးကို သိုးသိုးရယ်လို့ ဆိုကြပါစို့...
ကျမက သူခုနတွေးနေတဲ့ အတွေးလေးတွေကို စိတ်ဝင်စားတဲ့အတွက် စပ်စုကြည့်တဲ့အချိန်မှာ သူက “ကျနော် အိမ်ထောင် ဦးစီးဘ၀နဲ့ လောကကို ဖြတ်သန်းရတော့မှာမို့ လို့ တွေးလိုက်တိုင်း အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်နေလို့ပါ” လို့ ကရင်နီဘာသာနဲ့ ချိုချိုသာသာလေး ရင်ဖွင့်ပြလိုက်တဲ့ အသံလေးကို ကြားလိုက်ရတဲ့အတွက် ကျမအရမ်းကို အံသြသွားပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ ကျမ မျက်စိရှေ့မှာ ဘာမှမသိသေးတဲ့ ကလေးလေး တစ်ယောက်လို အရမ်းကို ငယ်ရွယ်နေသေးလို့ပါပဲ။ သူရဲ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍန် ဟာ ကလေးတစ်ယောက်လို အရပ်တောင် မထွက်သေးတဲ့ အသားဖြူဖြူငယ်ငယ် ချောချော လေးတစ်ယောက်ဖြစ်ပြီး ကျမရင်ထဲမှာ သူ့ကို ကလေးလေးတယောက်လို့ဘဲ အခုထိ မှတ်ယူနေဆဲပါဘဲ။
ဒီလိုတက်ကြွဖျတ်လတ်နေတဲ့ အရွယ်ဟာ မှန်ကန်သော အတွေးအခေါ်နဲ့ မိမိလူမျိုးဘာသာနှင့် သက်ဆိုင်သော လူမှုအသိုင်းအ၀ိုင်းများမှာ ငြိမ်းချမ်းစွာ နေထိုင်ပြီး မိမိရရှိသော အခွင့်အရေးများကို မိမိရရ လက်ဆုတ်လက်ကိုင် ထားခြင်းဖြင့် အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်လာဖို့ ပညာရေးကို မုချသင်ယူရမှာ ဖြစ်ပါတယ်။
သူဟာမှုးယစ်ဆေးဝါး သောက်စားမှု လုံးဝကင်းရှင်းပြီး သူ့ရဲ့ ဘ၀ကို အမဲစက် ကလေးတစ်စက် စွန်းထင်းတာလေး ရှိနေတယ်လို့ သူခံယူနေတဲ့ အကြောင်းအရာ လေးရှိနေပါတယ်။
“ဆယ်ကျော်သက် အရွယ်လည်းရောက်ရော ဘ၀အတွက် စိတ်ကူးတွေယဉ် အိမ်မက်တွေ မက်ပြီး ပျော်နေခဲ့တယ်၊ ရင်ခုန်တတ်စအရွယ်ဆိုတော့ အချစ်ဆိုတဲ့အရာကို စိတ်ဝင်စား ရှာဖွေမိတာပေါ့ ” လို့ ကောင်လေးကပြောပါတယ်။
သူဟာအချစ်ရဲ့ စိန်ခေါ်မှု နောက်ကို လိုက်ပါရင်း လိုချင်တပ်မက်မှုတွေကို ချိုးနှိမ့်ခဲ့ရမှန်း မသိပဲ အောက်တိုဘာလ ၂၀၀၈ ခုနှစ်မှာပဲ သူဟာ အချစ်ရဲ့ နွံထဲကို နှစ်မြုပ် သွားမှန်း သူမသိလိုက်ပါဘူး။
“ ကျနော့် ရည်းစားနဲ့ ချိန်းတွေ့တဲ့ညမှာ စိတ်လှုပ်ရှားပြီး မထိန်းနိုင်ပဲ သူနဲ့ အတူတူ နေခဲ့တာပါ” လို့ သူကပြောတယ်။
ငယ်ရွယ်စဉ်ကတော့ မိဘရင်ခွင်ခိုလုံရင်း အစားနဲ့ ကစားဖို့လောက်ပဲ သိခဲ့တယ်။ ပြီးတော့ ဆယ်ကျော်သက်အရွယ်လဲ ရောက်လာရော ပျင်းရိ ငြီးငွေ့စရာ ကောင်းတဲ့ တောင်တန်းများ ကာရံထားပြီး ထွက်ပေါက်မရှိ၊ လွှတ်လပ်စွာ ပြန်သန်းခွင့် မရှိတဲ့ဘ၀မှာ ခါးသီးလှတဲ့ ဘ၀ကို ချိုမြိန်စွာနဲ့ စခန်းထဲမှာ နှစ်ရှည်လများ နေထိုင်ရတဲ့ သိုးသိုးရယ်ဟာ တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့ အခွင့်အရေးတွေကြားက ရရာထွက်ပေါက်ကိုရှာပြီး ပျော်နေခဲ့တယ်။ အပျော်တွေ လွန်သွားတဲ့အခါမှာ အခုလို အရွယ်မရောက်၊ ပညာမစုံသေးတဲ့ဘ၀နဲ့ အိမ်ထောင် စောစောကျသွားရရှာတယ်။
သိုးသိုးရယ် တယောက်ထဲ မဟုတ်ပါဘူး…
ကျမအခုရောက်ရှိနေတဲ့ အမှတ်(၁)စခန်းမှာ သိုးသိုးရယ်လို အိမ်ထောင်ဦးစီးဖြစ်နေတဲ့ ဆယ်ကျော်သက်လေးတွေကို တော်တော်များများ တွေ့ရပါတယ်။
အဲဒီအကြောင်းကို စိတ်ဝင်စားလို့ စခန်းထဲမှာရှိတဲ့ သူတို့လေးတွေရဲ့ မိဘတွေ၊ ကျောင်းဆရာ/မတွေ၊ သက်ဆိုင်ရာ စခန်းရပ်ကွက်လူကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို လေ့လာစုံစမ်းရသလောက် ဆယ်ကျော်သက် အတော်အများများဟာ သူတို့လေးတွေရဲ့ ပျော်ပါးချင်တဲ့ စိတ်ဆန္ဒတွေက တချို့ကိစ္စတွေမှာ အပျော်တွေလွန်ပြီး မူးရစ်စေတဲ့ သေရည်သောက်စားမှုတွေလွန်ပြီး လိင်ပိုင်းဆိုင်ရာဘက်မှာလဲ အရွယ်မရောက်သေးသော်လည်း ကျူးလွန်နေကြတယ်လို့ ဆိုပါတယ်။
စခန်းထဲက ဆယ်ကျော်သက် တွေကြားမှာလည်း ကျမလေ့လာခဲ့ပါတယ်။ သူတို့လေးတွေ ကိုယ်တိုင်ရင်ဖွင့် ပြောပြတဲ့ထဲမှာ ကျမအတွက် ပိုမိုတုန်လှုပ်စရာဖြစ်မိတာကတော့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်တွေ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိုယ်ဝန်ဖျက်ချမှုတွေ ရှိနေတယ်ဆိုတာကိုဘဲ။
ဆယ်ကျော်သက် အရွယ်တွေရဲ့ဘ၀ဟာ အရာရာကို လက်တည့်စမ်းချင်ကြပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အတုမြင်အတတ်သင် လေ့ရှိကာ သူတို့ရဲ့ ပတ်ဝန်းကျင်မှ (၁၈)နှစ်အထက် အသက်ပြည့် ပြီးသောလူငယ်တွေဟာ အသက်မပြည့်သေးသော ဆယ်ကျော်သက်လူငယ်များရဲ့ ရှေ့တွင် မပြောသင့် မပြောအပ်သော စကားများကိုပြောဆိုခြင်း၊ မကောင်းသော ဇတ်ကားများ ကိုကြည့်ခြင်း၊ မိုဘိုင်းဖုန်းတွေထဲကို ညစ်ညမ်းစေသောဓါတ်ပုံများ၊ ဗီဒီယိုကလစ်များကို ထည့်ပြီး ကြည့်ခြင်းစတဲ့ အရာတွေဟာ သူတို့လေးတွေကို တစ်နည်းတစ်လမ်းအားဖြင့် ပျက်ဆီးရာသို့ တွန်းပို့နေပါတယ်။
“ သူတို့အချစ်အကြောင်း ပြောတဲ့ခါ ပျော်စရာကောင်းတယ်၊ အပျင်းပြေ နားထောင်ရတာ စိတ်လှုပ်ရှားစရာလည်းကောင်းတယ် ” လို့ ရပ်ကွက် (၈) တွင်နေထိုင်သော (၇) တန်းကျောင်းသားလေး တဦးကပြောပါတယ်။
“ကျနော့်သူငယ်ချင်း တချို့တွေဆို အရက်တွေမူးတယ်၊ သူ့ရည်းစားနဲ့ တူတူနေ ကစားပြီး ဗိုက်ကြီးသွားလို့ မိန်းမ မယူပဲနေတာတွေ တချို့ရှိတယ်” လို့ သူက ဆက်ပြောပြပါတယ်။
စိမ်းလန်းစိုပြေတဲ့ တောင်တန်းများ၊ သစ်ပင်ပန်းမာန် မွေးရနံ့များဖျန်းလျက် စမ်းရေတစ်သွင်သွင်စီးဆင်းတဲ့ အေးမြကြည်နူးစရာ ကောင်းတဲ့ ကျေးငှက် သံသာသာယာယာ ရှု့မ၀နိုင်တဲ့ သဘာဝအလှရှုခင်းတွေထဲမှာနဲ့ အေးမြပြီး အလင်းရောင်မဲ့နေတဲ့ ကျောက်ဂူတွေထဲမှာ ပူအိုက်သောရာသီချိန်မှာ တူနှစ်ကိုယ် အဖော်တွဲများ ပျော်ရွင်တာတွေလဲ ရှိနေပါတယ်။
အသက်(၁၅) နှစ်အရွယ်ရှိတဲ့ လူငယ်လေးတဦးက “ ကျောက်ဂူတွေထဲမှာ နွေလိုပူတဲ့ခါဆို သမီးရည်းစား အတွဲတွေ တွေ့ရပါတယ် ” လို့ပြောပါတယ်။
ရပ်ကွက်(၁၈)နေ အသက် (၁၉) နှစ် အရွယ်ရှိပြီး ကလေးတစ်ယောက်အဖေဖြစ်နေတဲ့ လူငယ်တဦးက “ ကျနော့်ရည်းစားနဲ့ အဲဒီ(ဂူပေါက်)ထဲမှာ ချိန်းခဲ့ဖူးပါတယ် ” လို့ပြောပါတယ်။
လှောင်အိမ်ထဲက ငှက်တွေဟာ အချိန်တန်ရင် ပိုင်ရှင်က အစာလာ ချပေးသွားပေမယ့် သူတို့ဟာ လွှတ်လွှတ်လပ်လပ် ပျံသန်းဖို့ ထွက်ပေါက်ကိုရှာနေတာဟာ သဘာဝပါ။ အဲဒီလိုပဲ ဆယ်ကျော်သက် လူငယ်လေးတွေကလည်း စခန်းထဲနှစ်ရှည်လများစွာ အကျယ်ချူပ်ကျသလို ဖြစ်နေတဲ့ချိန်မှာ သူတို့လေး တွေရဲ့ စိတ်ထွက်ပေါက် တွေက နည်းအမျိုးမျိုးဖြင့် ရှာကြပါတယ်။ တချို့လည်း လမ်းမှန်ကို ရွေးချယ်နိုင်တဲ့ လူငယ်များရှိသလို တချို့ကလည်း ရွေးချယ်မှုမှား တတ်ကြပါတယ် ။
“ လူငယ်ဆိုတော့လည်း နှစ်ရှည်လများ စွာကြာလာတဲ့အခါ ထွက်ပေါက် မရှိတော့ တခါတလေတော့လဲ အရက်သေစာ သောက်စား တာတွေတော့ရှိတာပေါ့ ” လို့ အမှတ်(၁) ကရင်နီ ဒုက္ခသည် စခန်းကော်မတီဝင်တဦးက ပြောပါတယ်။
သား/မီးတွေက ကျောင်းတက်နေတယ်၊ စာတတ်ကြတယ်ဆိုပြီး မိဘတွေက သား/မီးတွေရဲ့ လိုအင်ဆန္ဒတွေကို အလွယ်တကူ လိုက်လျောပေးနေရတဲ့ကိစ္စက မိဘတွေရဲ့ အားနည်းချက်လို့ ကောက်ချက်ချဖို့ မလွယ်လှဘူး။ ယေဘုယျအားဖြင့် စခန်းထဲမှာ ကျမလေ့လာတွေ့ရှိရသလောက် မိဘအုပ်ထိန်းသူတွေထက် ကလေးတွေက ပိုပြီး စာတတ်ကြတာကို တွေ့ရတယ်။ စာပေမတတ်ခဲ့တဲ့ မိဘတွေအနေနဲ့ ခေတ်နောက်ကို စမ်းတ၀ါးဝါး လိုက်နေကြတဲ့ သား/မီးတွေကို ဆုံးမသွန်သင်ဖို့ အခွင့်အလမ်းတွေ မရှိပါဘူး။
စခန်းထဲက လူငယ်တွေဟာ ခေတ်စားမှုကို အရမ်းဆာလောင်ကြတယ်။ ဒီနေရာမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ ခေတ်နောက်လိုက်ပြီး အတုယူမှုကို ဦးစားပေးတဲ့အတွက် ပျက်စီးသွားကြတယ်။ အခုဆို အသက် ၅နှစ် အရွယ်လောက်သာရှိသေးတဲ့ ကလေးတွေလဲ ဆံပင်တွေကို ဆိုးဆေးနီတွေနဲ့ ဆင်ယင်ထားတာကို စခန်းရဲ့ လမ်းကြိုလမ်းကြားတွေမှာ တွေ့ရတတ်ပါတယ်။
“နိုင်ငံခြားသားတွေက အသက်(၁၈) နှစ်ပြည့်ပြီလေ။ သူတို့နေထိုင်သောပုံစံမျိုးကို ဒီက အသက်မပြည့်သေး တဲ့ ကလေးတွေက ဘာမှမသိသေးပဲ လိုက်တုကြတယ် ” လို့ ကျောင်းဆရာတဦးက ပြောပါတယ်။
“လူ့အခွင့်အရေး” ဆိုသော စကားလုံးရဲ့ အဓိပ္ပါယ်နဲ့ အနှစ်သာရကို သေချာနားလည်ဖို့လိုပါတယ်။ နားမလည်ဘဲ ဒါငါတို့ရဲ့ အခွင့်အရေး ဘဲ ဆိုပြီး လုပ်ချင်တိုင်းလုပ် နေကြတာဟာ အခွင့်အရေးဆိုတာကို သဘောမပေါက်တာဘဲဖြစ်တယ်လို့ စခန်းထဲရှိ ဥပဒေရုံးမှ ဆရာတဦးက ပြောပါတယ်။
ဆယ်ကျော်သက်တွေ အရွယ်မရောက်သေးဘဲ ပျက်စီးသွားရတဲ့ အကြောင်းရင်းမှာ ပညာမတတ်တဲ့ မိဘများရဲ့ အုပ်ထိန်းမှုက အားနည်းတယ်လို့ ယူဆရပေမဲ့လည်း လူငယ်အချို့မှာ နိုင်ငံခြားက ထောက်ပံ့ပေးနေတဲ့ ထမင်းဟင်းကိုသာ စားသောက်ရ၍ သူတို့မိဘများ ရှာဖွေကျွေးမွေးတာ မဟုတ်တဲ့အတွက် မိဘရဲ့ ပြောဆိုဆုံးမမှုကို နာခံစရာမလို ဟူသော အယူအဆများလည်း ရှိနေတာကို ရပ်ကွက်ထဲမှာ ကြားနေရပါတယ်။
ဆယ်ကျော်သက်အရွယ်များအား မိမိကိုယ်ကို ထိန်းကျောင်းနိုင်အောင် ကိုယ့်ရဲ့အတတ်သင် ပညာနှင့် ဂုဏ်သိက္ခာ၊ တန်ဖိုး ထားတတ်ရန် ပညာပေးသင်တန်းများလည်း စခန်းထဲမှာ ရှိနေတာကိုတွေ့ရပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်နှုန်း ကျဆင်းစေရန်၊ ကိုယ်ဝန်များ ရှိနေသူများ မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင်၊ ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်များ ကိုယ်ဝန်ဖျက်ချခြင်းမှ ကင်းဝေးရလေအောင်၊ လိင်ဆက်ဆံမှုများ လျော့လာအောင်၊ လိင်ကိစ္စနဲ့ ပါတ်သက်ပြီး နောက်ဆက်တွဲပြသာနာများကို မိမိကိုယ်ကို ကာကွယ်တတ်ရန် သင်တန်းများကိုလည်း ပို့ချပေးနေကြပါတယ်။
“ဒီလိုဆယ်ကျော်သက် အရွယ်တွေ ကိုယ့်ကိုယ်ကို ထိန်းကျောင်း နိုင်ဖို့ ဘာသာရပ်တစ်ခု အနေနဲ့ သင်ကြားပေးပါတယ်” လို့ အလယ်တန်း ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။
စခန်းအတွင်းတွင် လူငယ်လူရွယ်များအတွက် မငြီးငွေ့ရလေအောင် အားလပ်သောချိန်များ၌ ဗဟုသုတများ ရရှိစေရန် စာကြည့်တိုက်များ၊ ကွန်ပြူတာနှင့် အင်္ဂလိပ် စာသင်တန်းကျောင်းများ၊ အားကစားသင်တန်းများ၊ ဂီတအနုပညာ သင်တန်းများ၊ ပန်းချီသင်တန်းများကိုလည်း စီစဉ်ထားပေးကြပါတယ်။
ဆယ်ကျော်သက်တွေ အိမ်ထောင် စောစီးစွာကျသောကိစ္စဟာ ယခုမှ ဖြစ်ပေါ်လာသောကိစ္စ မဟုတ်ပါဘူး။ ကရင်နီ လူမှုအသိုင်းအ၀ိုင်းထဲမှာဆိုရင် နှစ်ပေါင်းများစွာ ကတည်းကပင် ဖြစ်နေခဲ့တာကြောင့် အဘက်ဘက်မှ ပညာပေး တားဆီး ခဲ့သော်လည်း ယခုထက်ထိ ရှိနေဆဲပါပဲ။
လူငယ်တွေမှာ သာမာန်စွမ်းအားထက်ပိုတဲ့ စွမ်းအင်ထူးတွေရှိပါတယ်၊ အဲဒီအပို စွမ်းအင်ထူးဖွံ့ဖြိုးစေဖို့ သူတို့ရဲ့ ပါတ်ဝန်းကျင် လူမှုအသိုက်အ၀န်းက နည်းမျိုးစုံဖြင့် ပံ့ပိုးကူညီမှု ပြုပေးပါတယ်။
စခန်းထဲမှာ ထွက်ပေါက်မရှိတဲ့ လောင်အိမ်တခုလို့ဆိုနိုင်ပေမဲ့ ဆယ်ကျော်သက် လူငယ်လေးတွေအတွက် အခွင့်အလမ်းဟာ အများအပြားပါဘဲ။ အထက်တန်းအထိ အခမဲ့ပညာသင်ခွင့်ရနေတာကိုက အခွင့်ရေးထူးလို့ဆိုရမျာပါ။ မြန်မာစစ်အစိုးရ လက်အောက်မှာ ပညာကို ငွေနဲ့ဝယ်ယူပြီး သင်ယူနေရတဲ့အချိန်မှာ ယခုလိုစခန်းမှာအခမဲ့ရရှိတဲ့ ပညာကို တန်ဖိုးမထားခဲ့ရင် မိမိအတွက်ဖြစ်စေ၊ အမျိုးသားရေး တရပ်လုံးအတွက်ဖြစ်စေ၊ ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ့်ဘ၀ ကိုယ်ရပ်တည်တဲ့ အခါမှာ အခက်အခဲပေါင်းများ စွာနဲ့ ကြုံတွေ့နေရမှာပါ။
အမှတ်(၁)စခန်းမှာ ထိုင်းဘာသာသင် ကြားပေးနေသော ဆရာခရုပိ က “ပညာသင် ကြားနေတဲ့ ဆယ်ကျော်သက် အရွယ်တွေကတော့ ပညာရေးကိုပဲ ဦးစားပေး ရပါမယ်” လို့ပြောပါတယ် ။
စခန်းထဲကလူငယ်တွေဟာ “ လက်တွေ့ဘ၀မှာ ရုန်းကန်ကျော်လွှားဖို့ လွယ်သလား၊ ခက်သလားဆိုတာ မစဉ်းစားကြဘူး” လို့ ကရင်နီဆယ်တန်းလွန် ( post ten ) ကျောင်းအုပ် ဆရာကြီး ရီးချတ်က ပြောပါတယ်။
လူငယ်တွေအတွက် အချစ်ဆိုတဲ့စိတ်ကူးယဉ် အိမ်မက်ဟာ ပျော်စရာကောင်းလှပေမဲ့ တကယ့်လက်တွေ့ဘ၀မှာ ရုန်းကန်ကျော်လွှား တတ်ဖို့ အတွေ့အကြုံတွေ တပွေ့တပိုက်ကြီး လိုအပ်ပါတယ်။
အခုဆို ကျမနဲ့အတူ ၀ါးရံတန်လေးမှာ အတူထိုင်နေတဲ့ သိုးသိုးရယ်ဆိုရင် မကြာမှီ လူ့လောကထဲ ရောက်ရှိလာတောမည့် ရင်သွေးငယ်လေးရဲ့ အနာဂတ်ကို ရှေ့ဆောင်လမ်းပြပေးမည့် ဖခင်တစ်ဦး ဖြစ်လာတော့မှာပါ။
“ ကျနော် အရမ်းကြောက်ပါတယ်၊ ကျနော် ဖခင် မဖြစ်ချင်သေးပါဘူး” လို့ (ထထထ)က ကလေးလေးတစ်ယောက်လို မျက်နှာလွှဲပြီး ရှက်ရမ်းရမ်းနဲ့ ပြောပါတယ်။ သူ့လို ငယ်ရွယ်နေသေးတဲ့ လူငယ်လေးတွေကိုလဲ သူ့လို အဖြစ်မျိုးမကြုံရစေချင်ဘူးလို့ ပြောပါတယ်။ သူက “ကျနော့် အကြောင်း တခြားသော သူငယ်ချင်းတွေ သိရင် ကျနော့်လိုမဖြစ်တော့ ဘူးပေါ့ ” လို့ပြောပါတယ်။
လူသားတိုင်းမှာ ဒုက္ခကိုယ်စီရှိကြတာမို့ ဘ၀အတွက်ပညာ သင်ယူချိန်မှာ ၎င်းဒုက္ခကိုဖြတ်ကျော်ပြီး လုံးလ၀ရိယ စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ ကျမတို့ ကရင်နီအမျိုးသားတွေရဲ့ အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများအဖြစ် အလင်းဆောင်နိုင်မဲ့ ကြယ်ပွင့်ကလေးတွေဟာ ဆယ်ကျော်သက် လူငယ်လေးများရဲ့ လက်ထဲမှာပဲရှိပါတယ်။
အနာဂတ်ကို အလှဆင်နိုင်သူဟာ သူတို့လေးတွေပါ။ အဲဒီဖူးပွင့်စ အသီးအပွင့်ကလေးတွေကို ဘယ်မိဘ၊ ဘယ်ဆရာ/မ၊ ဘယ်လူမှုအတိုင်းအ၀ိုင်းကမှ အကြွေစောစေချင်ကြပါ့မလဲ...
No comments:
Post a Comment