Saturday, June 20, 2009

အိမ်လွမ်းငှက်


“ဖျင်တဘက်လေး”

ကျနော့်အိပ်မက်နဲ့ ကျနော်

ကောင်းကင်ပြာကြီးလည်း ပြာလဲ့သန့်စင်လို့


လေပြေ မနမ်း

တိမ်လွှာ မတန်း

အိမ်လွမ်းငှက်တကောင်ရဲ့

တောင်ပံခတ်သံကလွဲလို့

ဘောင်ကျစ်ထားတဲ့ ကင်းဘတ်သားပေါ်မှာ

အလွတ်ကျက် စုတ်ချက်တွေ တဗျင်းဗျင်း

ဒါ ကျနော့် အိပ်မက်လွမ်းချင်းတွေပါ

ဒီလိုပဲ ကျနော့် အခန်းကျဉ်း နံရံတွေမှာ

နှလုံးသားကို သွေးစိမ်းရှင်ရှင်နဲ့ ဖဲ့ခြွေထားတယ်။

ခင်ဗျားကြုံရင် ခံစားပါ။

တခုပဲ

ခင်ဗျား မျက်ရည် ခိုင်ရင်ပေါ့။

ကျနော် လီဆယ်မပြောပါဘူး။

တကယ်ဗျာ

အမေပေးထားတဲ့ ဖျင်တဘက်လေး

မျက်ရည်နဲ့ ရိကျဲလို့

ပန်းချီကားဘေးမှာ အမှတ်တရ လွှားပြထားတယ်။


မောင်ကံချို (ကလေး)


ဒီကဗျာကိုရေးတဲ့ ကဗျာဆရာ မောင်ကံချို (ကလေး) ကတော့ ကွယ်လွန်သွားပါပြီ။ ကလေးအကျဉ်းထောင်ဆီ ကျမ ထောင်ဝင်စာ သွားတွေ့နေရစဉ်က သူကိုယ်တိုင်လည်း သူ့အမျိုးသမီးကို ထောင်ဝင်စာ တွေ့ခဲ့ရသူပါ။ ထောင် ၁ဝ နှစ် ကျတဲ့ သူ့အမျိုးသမီးအတွက် ထောင်ဝင်စာ တွေ့နိုင်ဖို့ သူ အတော် ရုန်းကန်ခဲ့ရပါတယ်။ ရန်ကုန်ကနေ ထောင်ဝင်စာ လာတွေ့တဲ့ ကျမတို့ လေးဘီးကား ငှားစီးခဲ့ပေမယ့် သူကတော့ ဒေသခံပီပီ အသွားအပြန် ၁၅ မိုင် ခရီးကို စက်ဘီးလေးနင်းပြီး ထောင်ဝင်စာ လာတွေ့ရှာတယ်။

ထောင်ဝင်စာမှာ သူနဲ့ကျမ ဆုံတော့ နွမ်းပါးတဲ့ ကဗျာဆရာရဲ့ ဇနီးအပေါ်ထားတဲ့ ချစ်ခင်စိတ်ကို လေးစားပြီး ကျမ ယူလာတဲ့ ထောင်ဝင်စာပစ္စည်းထဲက ငါးပိကြော်၊ အမဲကြော်လေး ခွဲပေးနေကျ။ ဒီကျေးဇူးကို သူဆပ်ချင်တယ်လို့ ပြောတိုင်း ကျမမှာ လက်တကာကာနဲ့ “ဘာမှမဟုတ်တဲ့ အကူအညီကို ကျေးဇူးလို့ မပြောပါနဲ့၊ အနုပညာသမား အချင်းချင်း ရိုင်းပင်းတယ်လို့ပဲ မှတ်”။ ဒီတော့ နူးညံ့သိမ်မွေ့တဲ့ ကဗျာဆရာက ကျမခင်ပွန်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် “ဖျင်တဘက်လေး” ဆိုတဲ့ ကဗျာကို သူ စပ်ခဲ့ပါတယ်။ ဝမ်းသာစရာက စာပေစိစစ်ရေးက မျက်စိလည်ပြီး လွတ်လာခဲ့တယ်။ သူ ကွယ်လွန်သွားပေမယ့် မဂ္ဂဇင်းစာမျက်နှာမှာ သူ့အနုပညာတွေ ကျန်ခဲ့ပါတယ်။

ထို့အတူပါပဲ …။ ကဗျာထဲကလို နိုင်ငံရေးအကျဉ်းသားတွေတင် အိမ်လွမ်းငှက် မဟုတ်ဘဲ အခုတော့ ကျမတို့ပါ အိမ်လွမ်းငှက် ဖြစ်နေရပါပြီ။

ကျမ အသက် ၆ လ သမီးအရွယ်ထဲက လောကဓံတရားရဲ့ အပြောင်းအလဲကို စတင် ခံစားခဲ့ရပါတယ်။ ကျမ ၆ လ သမီးမှာ ဖေဖေ အဖမ်းခံရပြီး ကျမ ၇ နှစ် သမီးမှ ဖေဖေ ထောင်က လွတ်ခဲ့ပါတယ်။ အဲဒီအရွယ်ကျမှ အဖေ့ကို မြင်ဖူးခဲ့ရတာပါ။

ဖေဖေ ကိုကိုးကျွန်းက ပြန်လာတော့ သင်္ဃန်းကျွန်း ဆ/ခ ရပ်ကွက်မှာ ပေ ၁၂ဝ ပတ်လည် ခြံကြီးကို ငွေ ၂၈ဝဝ ကျပ်နဲ့ ဝယ်ပြီး ကြက်မွေးမြူရေးနဲ့ အသက်မွေးခဲ့ပါတယ်။ ကျမ ဖေဖေနဲ့အတူ ကိုကိုးကျွန်းက လွတ်လာတဲ့ ဘိုကလေးသား ဦးလှတင်အောင်၊ ဗ.က.သ ကျောင်းသား ခေါင်းဆောင် ဦးလှရွှေတို့နဲ့လည်း တရပ်ကွက်ထဲ အတူနေခဲ့ကြတာပါ။ သူတို့ကလည်း ခြံကြီး ဝယ်ပြီး ကြက်မွေးကြတယ်။

ကျမတို့ ခြံကြီးထဲမှာ သီးပင်စားပင် အမျိုးစုံပြီး ပန်းပင်တွေလည်း စုံပါတယ်။ ဧကရာဇ်ပန်း၊ ဆိတ်ဖလူးပန်း၊ စံပယ်ပန်း၊ သနပ်ခါးပန်းတွေ ရာသီအလိုက် ဖူးကြပွင့်ကြနဲ့။ တခြံလုံး မွှေးကြိုင်နေတော့တာ။ ညသန်းခေါင်မှာ ပွင့်တဲ့ ဂမုန်းပန်းက သရက်ပင်နဲ့ ရေတွင်းနားမှာ ပွင့်တယ်ဆိုတာကို ကျမ အခုချိန်ထိ မှတ်မိနေပါသေးတယ်။ မနက် ၄ နာရီလောက် ထပြီး ဂမုန်းပွင့်တွေကို မြေကြီးနဲ့ မျက်နှာအပ်ပြီး ငုံ့ငုံ့နမ်းရတာ အမော။ အလင်းရောင်မြင်ရင် မပွင့်တဲ့ ဂမုန်းပွင့်ကို မြင်နိုင်ဖို့ ကျမ ကြိုးစားရတာ ခလေးဘဝမှာတော့ တကယ့် စွန့်စားခန်းပါပဲ။ သင်းပျံ့တဲ့ မွှေးရနံ့က နူးနူးညံ့ညံ့လေး …။ စူးစူးရှရှ မွှေးတဲ့ ရနံ့မျိုးလည်း မဟုတ်ဘူး။ အပွင့်ကလည်း လှမှလှ။ ကျမတို့် ကြီးတော့ အဲဒီ ဂမုန်းပွင့်ကို မတွေ့ရတော့ပါဘူး။

ကျမတို့ အိမ်ရှေ့ခြံထောင့်ဘက် မန်ကျည်းပင် ဧကရာဇ်ပင်တွေကြားမှာ ဆိတ်ဖလူးပန်းပင်လည်း ရှိသေးတယ်။ ပွင့်ဖတ်အဖြူ၊ ဝတ်ဆံအနီ၊ ရိုးတံအနီ၊ ဆိတ်ဖလူးပန်းတွေကို မနက်စောစော ထကောက်ပြီး နှီးကြိုးလေးနဲ့သီ ပန်းရောင်းပြီး ကျောင်းစရိတ်ရှာခဲ့ရတဲ့ ကျမ ငယ်ဘဝကိုလည်း သတိရမိတယ်။ ထောင်ဝင်စာအတွက် သွားခဲ့ရတဲ့ ၁ဝ နှစ်တာ ခရီးတွေမှာ ကားပေါ်ကနေ ခရေပွင့်တွေ၊ ဆိတ်ဖလူးပန်းတွေ မြင်တိုင်း ပန်းကောက်ချင်စိတ်၊ ပန်းသီချင်တဲ့ စိတ်တွေလည်း ပေါ်လာတတ်သေးတယ်။

ကျမတို့ ငယ်ငယ်က နေခဲ့ရတဲ့ ခြံကြီးထဲမှာ မိသားစု ၆ ယောက် နေရပါတယ်။ အိမ်လေးက သေးတော့ ဖေဖေ၊ မေမေတို့နဲ့အတူ ကျမတို့မိသားစု မောင်နှမတွေ ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ် နေခဲ့ရပြီး ဘဝကို အတူတကွ ရုန်းကန်ခဲ့ရပါတယ်။ တမိသားစုလုံး ကြီးမားတဲ့ သံယောဇဉ်တွေ တွယ်ငြိခဲ့ရတာ ဆ.ခ ခြံကြီးကြောင့်ပါပဲ။

ကျမတို့အိမ်ကလေးကို ဖေဖေ့ရဲ့ ကျွန်းပြန် ရဲဘော်တွေ ဝင်ထွက်သွားလာခဲ့တာက ကျမရဲ့ ဘဝကို နိုင်ငံရေးဇာတ် သွင်းလိုက်သလိုပါပဲ။ ဖေဖေနဲ့ သူ့ရဲဘော်တွေရဲ့ အယူအဆ၊ ဆွေးနွေးပြောဆိုတာတွေကို ကျမတို့ နေ့စဉ်ကြားနေရတော့ အခုချိန်ထိ သူများနဲ့ စကားပြောရင် ရဲရဲတင်းတင်း ကြီးကြီးကျယ်ကျယ် ပြောနေတော့တာ။ လူတယောက်ပြောတဲ့ စကားကို ကြည့်ပြီး သူ့နိုင်ငံရေး ရေချိန်ကို မှန်းကြတဲ့အထိ ကျမတို့ အကျင့်ပါနေကြပြီ။

အဲဒီအချိန် ခလေးဘဝက ခလေးပီပီ သိရင်သိတယ်၊ မသိရင် မသိဘူး၊ မပြောဘူး။ မလေ့လာရသေးဘူးတဲ့။ မကြိုက်ဘူး ကြိုက်တယ် မပြောဘူး။ “သဘောတူတယ်၊ သဘောမတူဘူး” ဆိုပြီး ပြောခဲ့တာကို အခုနေ ပြန်စဉ်းစားရင်း ပြုံးမိသေးတယ်။

ဒါကလည်း ဖေဖေ့ရဲဘော်တွေ ကျမတို့လို ခလေးတွေကို တွေ့တာနဲ့ “ကိုယ့်ကိုယ်ကို ကယ်တင်မှာလား၊ တိုင်းပြည်ကို ကယ်တင်မှာလား” ဆိုတဲ့ မေးခွန်းနဲ့ နှုတ်ဆက်တတ်တဲ့ စကားတွေကြောင့်ပါ။ ဒီတော့ ကျမတို့ကလည်း ကိုယ့်ကိုယ်ကိုလည်း ကယ်တင်မယ်၊ တိုင်းပြည်ကိုလည်း ကယ်တင်မယ်လို့ ပြန်ဖြေကြရင် လူကြီးတွေက သဘောကျပြီး လက်ဆွဲနှုတ်ဆက်တတ်တယ်။ ကျမတို့ကို ကြုံရင်ကြုံသလို ဆုံးမတတ်တယ်။ အတွေးအခေါ်ကောင်းအောင် စာကောင်းတွေလည်း ဖတ်ခိုင်းတတ်ပါတယ်။ ပြီးတော့ ပြန်ဆွေးနွေးပြရတယ်။

“အသိတရား ဘယ်ကလာလဲ၊ ပတ်ဝန်းကျင်က လာတယ်”။ “လူဆိုတာ ကိုယ့်ကိုယ်ကို နေရာချတတ်ဖို့ အရေးကြီးတယ်”။ “တကွက်ထဲနဲ့ တပွဲလုံး မရှုံးစေနဲ့”။ “လူကို အတွေးအခေါ်က ဦးဆောင်တယ်” ဆိုတဲ့ စကားတွေနဲ့အတူ အဲဒီစကားတွေကို ပြောခဲ့တဲ့ ဖေဖေ့ရဲဘော် ကျွန်းပြန်တွေ၊ ဗ.က.သ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ကျမ သတိရမိပါတယ်။

ဆရာကြီး ဗန်းမော်တင်အောင်က နေ့စဉ် ကျမတို့ အိမ်ရှေ့ကနေ မြို့ထဲကို သွားတတ်ပါတယ်။ သင်္ဃန်းကျွန်း ဘ်ီအိုစီ မှတ်တိုင်ကနေ ကားစီးပြီး မြို့ထဲကို သွားရင်၊ ပြန်ရင် ဖေဖေ့ဆီ အမြဲ ဝင်တတ်ပါတယ်။ ကျမတို့က ငယ်သေးတော့ ဆရာကြီး ကိုးကားပြီးပြောတဲ့ အင်္ဂလိပ်အမည်တွေ မမှတ်မိဘူး။ နောင် ကြီးမှ သိခဲ့ရတယ်။ ဆရာကြီး ပြောတဲ့ “ဂျော့ စန္ဒြာယာနာ” ရဲ့ စကားပါ။

“လူဟာ မိမိလူမျိုးရဲ့ သမိုင်းကြောင်းကို နားမလည်ရင် အနာဂတ်မှာ ကြမ္မာငင်နေပါလိမ့်မယ်” တဲ့။ ဖေဖေ့ရဲ့ ရဲဘော်တွေ ကျမ ချစ်ခင်လေးစားရတဲ့ အချို့သောသူတွေ မြန်မာပြည်ရဲ့ အကျိုးကို အသက်စွန့် သယ်ပိုးပြီး အဝေးဆုံး ခရီးကို ထွက်သွားကြပါပြီ။

ဒီလိုနဲ့ သေသူသေ၊ ထောင်ထဲ ရောက်သူရောက်၊ လွတ်မြောက်နယ်မြေ ရောက်သူရောက်နဲ့ တယောက်တနေရာဆီ ကွဲသွားပါတော့တယ်။ ကျမတို့ပြည်သူလူထုဘဝတွေ တည်ငြိမ်ဖို့ဆိုတာ တိုင်းပြည်တည်ငြိမ်ဖို့ လိုတယ်မို့လား။

စစ်အာဏာရှင်အောက် လူလာဖြစ်ရတဲ့ ကျမတို့အဖို့ မိဘရင်ဝကို သေနတ်နဲ့ ထောက်ထားတော့ စီးပွါးရေး၊ ပညာရေး ဘယ်လာတိုးတတ်နိုင်ပါ့တော့မလဲ။

ကျမဖေဖေ ဒုတိယအကြိမ် ထောင်ကျတော့ အကြီးဆုံးသမီး ကျမ စာသင်ခန်းကို ကျောခိုင်းခဲ့ရပါတော့တယ်။ မိဘရဲ့တာဝန်ကို ကျမပါ ပုခုံးထမ်းရင်း ၈၈ အရေးအခင်းကို ကျမတို့မောင်နှမတွေ ပါဝင်ဆင်နွှဲရင်း ဖေဖေ့ရဲဘော်တွေပြောသလို တိုင်းပြည်ကို ကယ်တင်ဖို့ ကျမတို့ နိုင်သလောက် ကူပံ့ခဲ့ပါတယ်။

အရွယ်ရောက်လို့ ဘဝခရီးဖော်ရှာတော့လည်း ဖေဖေနဲ့အတူ ရဲဘော်ဦးလေးတို့ အသွေးအသားတွေ စီးမျောနေပါတယ်ဆိုတဲ့ ခင်ပွန်းသည်ကို ကျမ လက်တွဲပါရမီ ဖြည့်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးဆိုတဲ့ တော်လှန်ရေးထဲမှာ သမီးဘဝ၊ ဇနီးဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ခင်ပွန်းသည်လည်း ဘဝခြား ခေတ်ခြားနဲ့ အကျဉ်းထောင်ထဲမှာ ၈ နှစ် နေခဲ့ရပါတယ်။ ခင်ပွန်းရော ကျမတို့သားအမိရော ဒုက္ခဆိုတာနဲ့ ရင်းနှီးခဲ့ရတာပေါ့။

အဲဒီဒုက္ခကို နင်လားဟဲ့ လောကဓံလို့ ကြွေးကြော်ပြီး ကြံ့ကြံ့ခံခဲ့ရတယ်။ လောကဓံ အထုအထောင်း၊ ထောင်းတိုင်း အကျေမခံဘူးဆိုတဲ့ သတ္တိကလည်း ယုံကြည်ချက်ကြောင့် ဖြစ်ပေါ်ခဲ့ရတာပါ။

“နိုင်ငံရေးသမားကို ထောင်က မွေးထုတ်ပေးတာ” ဆိုတဲ့ အဖွား လူထုဒေါ်အမာစကား အမှန်ပါပဲ။ ထောင်ထဲမှာ ကမ္ဘာကြီးအကြောင်း၊ မြန်မာပြည်ရဲ့ တော်လှန်ရေးအကြောင်း၊ ပြည်တွင်းစစ် နှစ် ၆ဝ အကြောင်း၊ ကိုကိုးကျွန်း ကျွန်းဖျက်သိမ်းရေး တိုက်ပွဲအကြောင်းတွေကို ၈ နှစ်တာ ထိစပ်ခဲ့ပြီး ထောင်တွင်းဒဏ်ရာတွေနဲ့ လွတ်မြောက်လာခဲ့ပါတယ်။ ကျမခင်ပွန်းသည် ထောင်က လွတ်လာတော့ ဒဂုံမြောက်ပိုင်းမှာ ကျမတို့ အိမ်ငှားနေခဲ့ရပါတယ်။ အိမ်ထောင်သက် ၁၃ နှစ်မှာ ၈ နှစ်ကြာ ခွဲနေရတဲ့ ကျမတို့မိသားစု သုံးယောက် အတူနေခဲ့ရတဲ့ အဲဒီအိမ်လေးမှာ အပျော်ဆုံးအချိန် ဖြစ်ခဲ့ရပါတယ်။

ကျမတို့နေတဲ့ ဒဂုံမြောက်အိမ်လေးက လွင်တီးခေါင်ပြင်ထဲမှာ။ ဒါပေမယ့် ကျမတို့ ပျော်ကြတယ်။ အိမ်ရှေ့ဝေးဝေးကို လှမ်းကြည့်ရင် ရိုးပြတ်တောလေး၊ မြောင်းကူးတံတားလေးကို တွေ့ရတယ်။ ညနေဆို အိပ်တန်းတက်တဲ့ ငှက်ကလေးတွေ အုပ်ဖွဲ့ပြန်လာတာများ အရမ်းလွမ်းဖို့ ကောင်းတယ်။ တကယ်တော့ လွမ်းတယ်ဆိုတာ ချစ်တတ်တဲ့သူတွေမှ နားလည်နိုင်တဲ့ အရာပါ။

ညဘက်ဆို ညလေညှင်းနဲ့အတူ သနပ်ခါးပန်းရနံ့၊ ဇီဇဝါပန်းရနံ့တွေ ကျမတို့အိမ်လေးထဲမှာ သင်းပျံ့နေတတ်တယ်။ အိမ်ရှေ့ တမာ၊ အိမ်နောက် ကတက်၊ စီးပွားတက်ဆိုလို့ စိုက်လိုက်ရတဲ့ တမာနဲ့ကတက်။ ရေမြုပ်လို့ အမြစ်ပုပ်တာနဲ့၊ နွားစားလို့ အမြစ်ပါ မကျန်တော့တာနဲ့၊ အပင်တွေလည်း မရှင်သလို ကျမတို့လည်း စီးပွားမဖြစ်ခဲ့ပါဘူး။

ဒီကြားထဲ အမူးပြေရင် ထန်းပင်ပေါ် မော့ကြည့်တယ်ဆိုတဲ့ စကားပုံအတိုင်း ကျမနဲ့ ခင်ပွန်းသည် အဖွဲ့ချုပ်လူငယ်အဖြစ်နဲ့ ပါတီလုပ်ငန်းတွေ ဆက်လုပ်ခဲ့ပါတယ်။ ဒီကြားထဲ မေ ၂၇ ရွှေဂုံတိုင်ရုံးရှေ့ တရားပွဲ၊ စက်တင်ဘာ သံဃအရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ အဖမ်းအဆီးတွေကြားမှာ ကျမတို့လည်း ရှောင်ရင်းတိမ်းရင်း တထိတ်ထိတ်နေခဲ့ရတယ်။ သားလေးကလည်း ညညဆို တံခါးပေါက်မှန်သမျှ ပုဆိုးနဲ့ကာ အဝတ်နဲ့ဆို့ အပေါက်မှန်သမျှ ပိတ်တော့တာပဲ။ “ဖေကြီးနဲ့ မေကြီး အိမ်ရှင်တို့ဆိုတာနဲ့ နောက်ဖေးပေါက်က ပြေးနော်၊ အိမ်ရှေ့ ရေမြောင်းမှာ ထောင်ခြောက်ဆင်ထားတယ်၊ တံတားက သစ်သားချောင်း ကျိုးနေတာ၊ မသိတဲ့ သူဆို အပေါက်ကျွံလို့ ဝုန်းဆိုပြီး အသံကြားရမှာ၊ ကြားတာနဲ့ ပြေးသာပြေး၊ ကျွတ်တွေ၊ မျှော့တွေလည်း မကြောက်နဲ့နော် မေကြီး၊ မိုးလင်းရင် သား ဖွားဖွားကြီးတို့အိမ်ကို ၃၇ ကား စီးပြီး အကြောင်းကြားမယ်” လို့ သားက လူကြီးစကား ပြောပါတယ်။ တကယ်တော့ သူကိုယ်တိုင်လည်း ထိတ်လန့်နေတာပါ။

ညဘက် ခွေးဟောင်ရင် လူသံကြားရင် အိပ်ယာထဲကနေ ငေါက်ကနဲ ထထိုင်တတ်တာ အကျင့်ဖြစ်နေပါပြီ။ “အိမ်ရှင်တို့” ဆိုတဲ့ အသံက ကျမတို့အတွက် တစ္ဆေခြောက်သလိုပါပဲ။ “စစ် ဖိနပ်သံ” “ခဏ လိုက်ခဲ့ပါ” ဆိုတဲ့ အသံတွေက မိသားစုတွေအတွက် ခွဲခွာခြင်းတွေမို့လား။ ဆရာ မြသန်းတင့်ပြောတဲ့ “ခဏ လိုက်ခဲ့ပါဆိုပြီး ငါ့သား ငယ်ငယ်က ခေါ်သွားတာ၊ ငါ့သားလူပျိုဖြစ်မှ အိမ်ပြန်ရောက်တယ်” ဆိုတဲ့ စကား ကျမတို့ မြန်မာပြည်သမိုင်းအတွက် အမှတ်ရနေမယ့် စကားတခွန်းပါ။

၂ဝဝ၈ အောက်တိုဘာလရဲ့ သီတင်းကျွတ်မတိုင်ခင် ၂ ရက် အလိုမှာ ခင်ပွန်းသည်ရဲ့ လုပ်ဖော်ကိုင်ဘက်တွေ အဖမ်းခံရပြီဆိုတဲ့ သတင်းကြားတော့ လွယ်အိတ်ကလေး သုတ်ကနဲ လွယ်ပြီး ခင်ပွန်းသည် ထွက်သွားတယ်။ အဲဒီညက ကျမတို့ သားအမိ နှစ်ယောက်ထဲ ကျန်ခဲ့တော့တယ်။ လက်စ လက်န စာရွက်စာတမ်းတွေသိမ်းပြီး ကျမတို့သားအမိ ခင်ပွန်းသည်ကို လုံခြုံမယ့်နေရာ ရွှေ့ဖို့ ခရီးထွက်ခဲ့ပါတယ်။ အဝေးပြေးကားဂိတ်နေရာကို ကက ငှားပြီး ပုန်းလျှိုးကွယ်လျှိုး သွားခဲ့ရတယ်။ သီတင်းကျွတ်ပွဲတော်ရက် နီးနေတာမို့ ဘယ်ကားလက်မှတ်မှ မရခဲ့ပါဘူး။ ရှေ့ခရီး မဆက်ရဘဲ နောက်ကြောင်းပြန်လှည့်ရတဲ့ အပြန်ခရီးမှာ ခင်ပွန်းသည်က လုံခြုံမယ့်နေရာ သူ့ဘာသာ ရှာဖွေမယ်ဆိုပြီး ထွက်သွားပါတော့တယ်။ ကျမနဲ့သားငယ်က အထုပ်ရွက်ပြီး အိမ်ပြန်ခဲ့ရတယ်။ လမ်းမှာ သားပြောလိုက်တဲ့ စကားက ကျမရင်ထဲ နာကျင်ထိခိုက်သွားရပါတော့တယ်။

“မေကြီးရယ် သားတို့ဘဝကလည်း မတည်ငြိမ်လိုက်တာ” တဲ့။

သီတင်းကျွတ်ပွဲတော်ရက်မှာ မိဘဆွေမျိုးတွေကို မိသားစု စုံစုံညီညီကန်တော့မယ်၊ ဘုရားသွားမယ် ဆိုတဲ့ သာမန်ပြည်သူတွေလို မတွေးနိုင် မပျော်နိုင်ခဲ့ပါဘူး။ ခင်ပွန်းသည် လွတ်မြောက်နယ်မြေကို ထွက်သွားတဲ့အကြောင်း ကျမတို့သိရတော့ ဝမ်းနည်းနာကျင်စွာ ငိုခဲ့ရသေးတယ်။ ဘဝလုံခြုံမှုကို မေတ္တာတရားနဲ့ လဲရတာ ဘယ့်လောက်များ ကြေကွဲဖို့ ကောင်းလိုက်ပါသလဲ။

တကိုယ်တော် ဆန္ဒပြတဲ့ ဦးအုန်းသန်းသမီးနဲ့၊ ၅၉ နှစ် အကျဉ်းကျခံရတဲ့ ကျောင်းသား ကိုအေးအောင် ဖခင် ဦးသောင်းစိန်ကို ကလေးအကျဉ်းထောင်လိုက်ပို့ပြီး အပြန်မှာ ကျမ နေအိမ်ကို အာဏာပိုင်က ဝင်ရောက်ရှာဖွေပါတော့တယ်။ ဒိနောက် ခင်ပွန်းသည်ရှိရာကို ကျမ လိုက်ခဲ့ရပါတယ်။ ဒီအခြေအနေကို ကျမတို့ ရွေးချယ်တာ မဟုတ်ဘဲ ဘဝက ရွေးချယ်လိုက်တာပါ။

ကျမမိခင် ဖခင်နဲ့ ခင်ပွန်းသည်ရဲ့ မိခင် ဖခင်တို့ အသက်အရွယ် ကြီးရင့်ကုန်ကြပါပြီ။ ကျန်းမာရေးတွေကလည်း ယဲ့ယဲ့ပဲ ရှိကြတော့တယ်။ ပြန်ဆုံဖို့ဆိုတဲ့ စိတ်ကူးကို မိဘတွေရော ကျမတို့ပါ မတွေးရဲကြပါဘူး။

ကျမတို့ရဲ့ မိသားစုဘဝတွေထက် ဆိုးရွားတဲ့ အဖြစ်အပျက်တွေလည်း မြန်မာပြည်တွင်းမှာ အများကြီးပါ။ သို့ပေမယ့် လူဆိုတာ ကိုယ့်အပူမှ အပူကြီးတယ်လို့ မိမိကိုယ်မိမိ ဗဟိုပြု စဉ်းစားတတ်ပါတယ်။ ဒီထဲကမှ ကျမလည်း လူသားတယောက်မို့ ခံစားမှုလွန်ကဲတတ်တဲ့ ကျမရဲ့ နှလုံးအိမ်ကို လှိုင်းရိုက်နေသလို ခံစားနေရပါတော့တယ်။

ကျမတို့မိသားစုဘဝ လုံခြုံမှု ရှိဘို့အတွက် ကျမတို့တသက် ကြီးပြင်းခဲ့ရတဲ့ အမိမြန်မာပြည်နဲ့ မိဘဆွေမျိုး ကိုယ့်အိုးကိုယ့်အိမ်ကို စွန့်ခွာခဲ့ရပါတယ်။ လက်ရှိဘဝမှာ အဆင်ပြေအောင် နေနိုင်ဖို့ ကျမတို့ ကြိုးစားရတဲ့အခါ အခက်အခဲ အကျပ်အတည်းမျိုးစုံ ရှိပါတယ်။

လူမျိုးစုံ၊ ဒုက္ခမျိုးစုံ ပေါင်းဖွဲ့ထားတဲ့ ဒုက္ခသည်စခန်းလေးထဲမှာ သောကကိုယ်စီ မျှော်လင့်ချက် ကိုယ်စီနဲ့ နေ့စဉ် လှုပ်ရှားနေကြတဲ့ လူတွေကို တောတောင်တွေသာ အသက်ရှိ စကားပြောတတ်ရင် ဘယ်လိုများ ပြောဆိုနှစ်သိမ့်မလဲဆိုတာ ကျမ သိချင်ပါတယ်။

ကျမတို့ စခန်းဝန်းကျင်ကို တောတောင်တွေ ဝိုင်းထားပါတယ်။ ဒီထဲကမှ ထူးခြားတဲ့ အသွင်သဏ္ဍာန်နဲ့ ကြီးမားတဲ့ နို့ဖိုးတောင်ကြီး ရှိပါတယ်။ နို့ဖိုးတောင်ကြီးဘေးမှာ တဲအိမ်ကလေးတွေက မရေတွက်နိုင်အောင် များပြားလှပါတယ်။ တဲအိမ်တွေနဲ့ ဘယ်လောက်ပဲဝေးဝေး အိမ်ထဲကနေ နို့ဖိုးတောင်ကြီးကို လှမ်းမြင်ရပါတယ်။

နို့ဖိုးတောင်ကြီးက သူ့ရင်ခွင်မှာ လူ့သမိုင်းတွေ၊ လူ့အဖွဲ့အစည်းတွေ အများကြီးကို ခိုလုံခွင့် ပေးခဲ့ပါလိမ့်မယ်။ နို့ဖိုးတောင်ကြီးကို မှီတွယ်ပြီး အသက်ရှင်နေတဲ့ သစ်ပင်မြင့်မြင့်ကြီးတွေကိုလည်း ခိုလှုံခွင့် ပေးထားပါတယ်။ အပင်ကြီးတွေကလည်း အသက် အတော်ကြီးလောက်ပြီ။ သူ့ရင်ခွင်ထဲမှာ ဒုမင်္ဂလ၊ သုမင်္ဂလတွေ ဖြစ်ပွားခဲ့ကြမယ်။ ငိုသံ၊ ရယ်မောသံ၊ ညည်းညူသံ၊ နာကျင်ကြေကွဲ ကြုံးဝါးသံတွေ သူကြားခဲ့ရမယ်။ များစွာသော လူ့ဘဝ ကဏ္ဍတွေကို သူကိုယ်တိုင် သိမြင်ခဲ့လိမ့်မယ်။

နို့ဖိုးတောင်ကြီးက ကျမတို့ထက် လောကအနေကြာခဲ့ပြီ။ လောကဓံကို ပိုပြီး ကြုံတွေ့ခဲ့ပြီးပြီ။ ဒီတော့ ကျမလို အိမ်လွမ်းသူတယောက်ကို သူ အများကြီး နှစ်သိမ့်နိုင်ပါလိမ့်မယ်။

နှစ် ၃ဝ ကျော် ကိုယ့်ဇာတိမြေကို စွန့်ခွာခဲ့ရပြီး ပြန်ခွင့်မရသေးတဲ့ ကရင့်တော်လှန်ရေး သမားကြီး “တီးမန်းကြာမောင်” ပြောတဲ့ စကားက အိမ်လွမ်းငှက် ကျမကို တောင်ပံ ဖွပေးလိုက်ပါတော့တယ်။

“အိမ်လွမ်းနေရုံနဲ့ မပြီးဘူး၊ ပြန်ရအောင်လည်း ကြိုးစားရမယ်” တဲ့။


No comments: