Sunday, June 28, 2009

အမေ့ကို သတိရလို့ တပ်ထဲကနေ အိမ်ပြန်ချင်တယ်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ ဦးလေးဖြစ်သူ၏ နေအိမ်သို့ ဝက်သားသွားပို့ရင်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်း၌ တပ်သားအသစ်အဖြစ် စုဆောင်းခံခဲ့ရသူ ပဲခူးတိုင်း ဒိုက်ဦးမြို့ ရွှေအင်ဒုံကျေးရွာအုပ်စုရှိ လက်ပံသုံးခွရွာသစ်မှ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မျိုးပိုင်အား မိဘများက သူ တာဝန်ကျနေသည့် မွန်ပြည်နယ် သထုံမြို့ အ ခြေစိုက် ခြေမြန်တပ်ရင်း - ခမရ ၁၁၈ မှ နေအိမ်သို့ ပြန်လည် ခေါ်ဆောင် လာနိုင်ပြီ ဖြစ်သည်။

တပ်အတွင်းသို့ ရောက်ရှိသွားပုံနှင့် အတွေ့အကြုံများ၊ ပြန်လည်အပ်နှံသည့် ပုံစံများကို သိရှိနိုင်ရန် မောင်ကျော်မျိုးပိုင်နှင့် မိခင် ဒေါ်စန်း ဝင်း တို့အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။

မောင်ကျော်မျိုးပိုင်အား မေးမြန်းချက်

တပ်ထဲကနေ မိဘတွေဆီ ဘယ်တုန်းက ပြန်ရောက်တာလဲ။ တပ်ထဲမှာ ဘယ်လောက်ကြာသွားလဲ။

ဒီလ ၂ဝ ရက်နေ့က အိမ်ပြန်ရောက်ပါတယ်။ သထုံက ခမရ ၁၁၈ တပ်ထဲမှာ ၁၈ ရက်ကြာတယ်။

တပ်ထဲကို ဘယ်လိုပါသွားတယ်ဆိုတာ အကျဉ်းချုံးလေး ပြောပြပေးပါလား။

ဒိုက်ဦးကနေ ကျနော့်ဦးလေးဆီ ဝက်သားသွားပို့တာ။ စည်ပင်ကလူက ကျနော့်ကို ဖမ်းသွားတယ်။ သူတို့က ကျနော့်ကို စစ်ဆေးတယ်။ ပြီးတော့ ဒဏ်ငွေဆောင်နိုင်ရင်ဆောင် မဆောင်နိုင်ရင် ထောင်တနှစ်ကျမယ် ဆိုတာနဲ့ ကြောက်ပြီး ထွက်ပြေးတာ။ နောက်ပြီး အဖေကြီးကိုလည်း ကြောက်လို့။ ရထားနဲ့ နေပြည်တော်သွားတာ။ နေပြည်တော် မရောက်ဘဲ သာစည် ရောက်သွားတယ်။ သာစည်ဘူတာမှာ ရထားပေါ်မှာ ရဲ ၂ ယောက်က ကျနော့်ကို ခေါ်သွားတယ်။ သာစည်က ဦးခင်မောင်ညိုကတဆင့် မန္တလေး စုဆောင်းရေးကို ရောက်သွားတယ်။ ဦးခင်မောင်ညိုလည်း စစ်သားပဲ။ ကျနော့်လိုပဲ နိုင်ထွန်းဆိုတာ တခြားတယောက် ပါသေးတယ်။ သူလည်း သာစည်ဘူတာမှာပဲ ဆွဲစိခံရတာ။

သထုံက ခမရ ၁၁၈ ကို ဘယ်လိုရောက်သွားလဲ။

သပိတ်ကျင်းမှာ သင်တန်းက ၄ လခွဲ ကြာတယ်။ သင်တန်းပြီးတဲ့အခါကျတော့ သထုံတပ်ကလူတွေ လာခေါ်တယ်။

သင်တန်းက ဘာတွေ သင်ပေးလိုက်လဲ။ သင်တန်းတက်နေတုန်း ဘယ်လို ခံစားရလဲ။

သေနတ်ပစ်ရတယ်။ သေနတ် ဖြုတ်-တပ်တွေ လုပ်ရတယ်။ ပစ်-ထောက်-မှောက်-လှိမ့်တို့ဘာတို့၊ ပြီးတော့ စစ်ရေးပြလေ့ကျင့်ရတယ်။ သူတို့ (သင်တန်းဆရာ) သင်ပေးတဲ့ဟာတွေကို လိုက်ကြည့်ပြီး အဲဒီအတိုင်းပဲ လေ့ကျင့်ရပါတယ်။ ပင်ပန်းတော့ ဝမ်းနည်းတယ်။ အမေကို သတိရလို့ အိမ်ကိုပြန်ချင်တာပဲ သိတယ်။

စုဆောင်းရေးတို့၊ သင်တန်းတို့မှာရော ကျော်မျိုးပိုင်တို့ အသက်အရွယ်မျိုး တခြားသူတွေ တွေ့ခဲ့သေးလား။

ရှိတယ်။ များတယ်။ ၁ဝ ယောက်လောက် ရှိတယ်။

စုဆောင်းရေးတို့၊ တပ်ထဲတို့ ရောက်တော့ အသက်အရွယ် ဖော်ပြရတဲ့ ပုံစံတွေ ဖြည့်ရလား။

မဖြည့်ရဘူး။ အသက်မေးရင် ၁၈ နှစ်လို့ ပြောရမယ်လို့ သာစည်က စစ်သား ဦးခင်မောင်ညိုက ပြောခိုင်းတယ်။ အဲဒီအတိုင်းပဲ ပြောရတယ်။

သထုံတပ်ထဲကို မိဘတွေလိုက်လာတုန်းက အရာရှိတွေက ဘာပြောလဲ။

ပထမဦးဆုံး တခေါက်လာတွေ့တာ ဘာမှမပြောဘူး။ နောက်တခေါက်ကျတော့ သူတို့ ပြန်ထည့်ပေးပါမယ်တဲ့။ ဘေးကို မတိုင်ပါနဲ့လို့ ပြောပါတယ်။ အရာရှိတွေ ဆက်ဆံရေးက ကောင်းပါတယ်။


မိခင်ဖြစ်သူ ဒေါ်စန်းဝင်းအား မေးမြန်းချက်


မောင်ကျော်မျိုးပိုင်က အိမ်ကို ကောင်းကောင်းမွန်မွန် ပြန်ရောက်လားခင်ဗျာ။

အေးအေးဆေးဆေးပဲ ပြန်ရောက်ပါတယ်။ မိဘတွေကို လှမ်းပြီးတော့ ဗိုလ်ကြီးတွေက ဆက်သွယ်မှုပေးတယ်လေ။ လာခေါ်ပါတော့ဆိုလို့ ကျမတို့ သွားခေါ်တာ။ ၁၉ ရက်နေ့က ဖုန်းဆက်တော့ ၂ဝ ရက်နေ့က ထွက်သွားတယ်။ အဲဒီညပဲ ပြန်ရောက်တယ်။

ကျော်မျိုးပိုင်ကို ပြန်အပ်တော့ စာရွက်စာတမ်းနဲ့ စနစ်တကျပဲလားဗျာ။

ကလေးကို စာရွက်စာတမ်းတွေနဲ့အတူ ဓာတ်ပုံတွေရိုက်ပြီးတော့ အဆင့်အဆင့်ပေါ့နော်။ မှတ်တမ်းစာတွေနဲ့ မိဘတွေကို ပြန်အပ်နှံတဲ့ ပုံစံမျိုးကို ဓာတ်ပုံရိုက်ပြီးတော့ ကလေးကို ပြန်ထည့်ပေးလိုက်တာပဲလေ။ ဗိုလ်ကြီး ၂ ယောက်နဲ့တော့ ကျမတို့ စကားပြောခဲ့ရပါတယ်။ အေးအေးဆေးဆေးပဲနေပါ၊ ကိုယ့်သား ပြန်ရောက်ပြီပဲပေါ့နော်၊ အမတို့ အကိုတို့ စိတ်ချမ်းသာအောင်ပဲ နေကြပါပေါ့။ သူတို့ကတော့ ဒါပဲပြောတာပေါ့။

တပ်ထဲလိုက်ခေါ်တော့ တာဝန်ရှိသူတွေက ဘာကြောင့် ပြန်လွှတ်ပေးတယ်လို့ ပြောလဲဗျာ။

သူတို့ကတော့ ဘာကြောင့် ပြန်လွှတ်ပေးလဲဆိုတော့ နဂိုကတည်းက သွားတော့ ကလေးက မပျော်ပါဘူး။ အမေကြီးတို့နဲ့ ပြန်နေချင်တယ်ပြောတော့ ကျမတို့ကလည်း သားနေခဲ့ပါဦး ဆိုပြီးတော့ ပြန်လာတယ်လေ။ ပြန်လာတဲ့အခါမှာ ကလေးက ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခါမှာ ဗိုလ်ကြီးတွေက သိသွားတယ်။ သူတို့က အထက်ကို စာတင်ပေးတယ်။ ပြန်ခွင့်ရတဲ့ အချိန်ကျလာတဲ့ အခါကျတော့ သူတို့က ဆက်သွယ်ပေးတယ်။ လာခေါ်ပါတော့ ကလေးပြန်လို့ရပြီဆိုပြီး ပြောပေးပါတယ်။

ကျော်မျိုးပိုင်က တပ်ထဲက ထွက်ပြေးသေးတယ်ဆိုတဲ့ အကြောင်းလေး ထပ်ရှင်းပြပေးပါလား။

ဟုတ်ကဲ့။ မပျော်ဘူးဆိုပြီးတော့ မနေချင်လို့ဆိုပြီး ထွက်ပြေးတာလေ။ အဲဒီမှာ ကွာတားကျတာ။ ၆ လပိုင်း ၁ဝ ရက်နေ့က ကျမတို့ သထုံကို ထွက်သွားတယ်။ ၁၁ ရက်နေ့က ကလေးနဲ့ စကားပြောပြီး ပြန်လာတယ်။ ၁၂ ရက်နေ့ကျတော့ သူက ထွက်ပြေးတာ။ ကွာတားထဲမှာ ၇ ရက်ပြည့်တော့ လွှတ်ပေးလိုက်တယ်။

ကျော်မျိုးပိုင်ရဲ့ ကျန်းမာရေးကရော ဘယ်လိုရှိပါသလဲ။

ပထမတခေါက်သွားတော့ ဝမ်းသွားတာတော့ ရှိတာပေါ့နော်။ နောက်တခေါက်သွားတော့ ဝမ်းက ကောင်းသွားပြီ။ ကျန်းမာရေး ကောင်းသွားတာပေါ့နော်။

အခုလို သားကို ပြန်ရပြီဆိုတော့ ဒေါ်စန်းဝင်းအနေနဲ့ ဘယ်လိုများ ခံစားရပါသလဲ။ ဘာများပြောချင်ပါသလဲဗျာ။

မိသားစု စုံစုံလင်လင်နေရတော့ ဝမ်းသာပါတယ်။ လုပ်ပေးကိုင်ပေးတဲ့ လမ်းပြကြယ်အဖွဲ့က ဖြစ်ကြတဲ့ ဦးမြင့်သိန်းရယ်၊ အဘ ဦးအေး မြင့်ရယ်ကို ကျမတို့ဘက်ကနေပြီးတော့လေ ကျေးဇူးတင်ပါတယ်လို့။ ဌာနအသီးသီးက အကိုတွေ၊ အမတွေကိုရောပေါ့နော်။ သားလေးနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့အောင်လို့ လုပ်ပေးတာကို ကျေးဇူးတင်ပါတယ်၊ ကျမတို့က။

No comments: