Monday, June 29, 2009

အရှုံးမပေးသူများ

ဒေလီထက်၊ နှောင်းလှိုင်

ထိုင်း - မြန်မာ နယ်စပ် ကရင်နီ တွေထိန်းချုပ် ထားတဲ့ ကျေးရွာလေး တရွာက ၀ါးထရံ တွေနဲ့ သာမန် ဆောက်လုပ် ထားတဲ့ အိမ်လေး အ တွင်း မှာတော့ လူနှစ်ယောက် မျက်နှာချင်းဆိုင် ထမင်း လက်ဆုံ စားနေ ကြပါတယ်။

ထူးခြားတာကတော့ တယောက်က လက်နှစ်ဖက် ပြတ်နေပြီး ကျန်တဲ့ တယောက်ကတော့ မျက်စေ့ နှစ်ဖက်လုံး မမြင်တော့တာပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ မျက်စိနှစ်ကွင်းလုံး မြင်နိုင်စွမ်းမရှိတော့တဲ့ အတွက် ခင်မင်သူ သူငယ်ချင်းတွေက ထီးဆိုင်လို့ နာမည်သွင်ခေါ်ဆိုခြင်းခံရတဲ့ ဆိုတေးရိုနဲ့ လက်နှစ်ဖက်လုံး မရှိတော့တဲ့ ဦးရယ် တို့ပဲ ဖြစ်ပါတယ်။

ဦးရယ်ကတော့ ပြတ်နေတဲ့လက်နှစ်ဘက်အစား ဟင်းခူးဇွန်းကြီးတစ်ချောင်းကို ကော်ပိုက်လုံးနဲ့ ဆက်ပြီး ထမင်း၊ ဟင်းတွေကို ခူးခပ်စားသောက်နေပါတယ်။ မျက်လုံးနှစ်လုံးစလုံး မမြင်တော့တဲ့ ဆိုတေးရိုကတော့ ထမင်းဟင်း ပန်းကန်တွေကို တယောက်ယောက်က ရွေ့လိုက်ရင် ရှာမတွေ့တော့ပါဘူး။

လက်နှစ်ဖက် မရှိတော့တဲ့ ဦးရယ်က “ကိုယ့်ဟာကို ထွင်ပြီးလုပ်ထားတာ ကျနော်စဉ်းစားတယ် ကျနော့် အတွက် ဒ်ီလိုကောင်းတယ် ဆိုပြီး သူများကိုပြောပြတော့ သူတို့လုပ်ပေးတယ်” လို့ပြောပြပါတယ်။

အခုလို သူတို့တွေ ဒုက္ခိတဘ၀ကို ရောက်လာရတာဟာ မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်း စစ်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား အပြန်အလှန်မိုင်းထောင်တဲ့ အတွက် ထိမိကြတာဖြစ်ပါတယ်။

သူတို့တွေဟာ ကရင်နီတပ်မတော်အတွက် အသက် ၁၉ နှစ်အရွယ်လောက်မှာ တာဝန် ၀င်ရောက် ထမ်းဆောင်ရင်း ကိုယ်တိုင် ပြုလုပ်ရတဲ့ ဓါတ်ခဲမိုင်း၊ လီပိုမိုင်းတွေကို သွားရောက် ထောင်ရာကနေ ထိခိုက်မိသွားခြင်းဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်အချိန်က ရန်သူသွားနိုင်တဲ့ လမ်းတွေနားကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ထောင်ရာမှ စတင်ပြီး စူးရှကျယ်လောင်လှတဲ့ ဗုံးပေါက်ကွဲသံကို ကြားလိုက်ရတဲ့ ၁ စက္ကန့်အချိန်လောက်မှာပဲ သူ့တို့ရဲ့ဘဝ တလျှောက် လုံးဆုံးရှုံးလိုက်ရပြီး ဒုက္ခိတမျက်မမြင် ဘ၀နဲ့ လက်နှစ်ဖက် စလုံးမရှိတော့တဲ့ ဘ၀ကို ရောက်ရှိသွားလို့နေပါတယ်။

ထိုင်းနဲ့ ကရင်နီနယ်စပ် တလျှောက်မှာဆိုရင် မြန်မာစစ်အစိုးရတွေ ထောင်ထားတဲ့ မြေမြုပ်မိုင်း ၃၀၀၀ နီးပါး လောက် ရှိတယ်လို့ ကရင်နီဒေသမှ မြန်မာ့ရေးရာ အစီစဉ်ရေးဆွဲရေးကော်မတီဝင် ဆရာတော်ရယ် ကပြောပါ တယ်။

“ကျနော်သိတာကတော့ အခြားအဖွဲ့အစည်းတွေကတော့ သူတို့တပ်စခန်း လုံခြုံရေးအတွက် အကုန်လုံး အသုံးပြု ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ မြေမြုပ်မိုင်းအရည်အချင်း တွေက ကွာကြတယ်။ ဥပမာ ကေအဲန်ပီပီနဲ့ ကလလတ မိုင်းတွေဆိုရင် အရည် အချင်း ပုံစံက လက်လုပ်ပဲ။ ဓါတ်ခဲနဲ့လုပ်ပြီး မိုးရွာပြီးရင်၊ ဒါမှမဟုတ် ကောင်းကောင်း မချီပိတ်ထားရင် သိပ်ကြာရှည် မခံဘူး” လို့ပြောသွားပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ခူထဲဘူးဖဲကတော့ ကရင်နီဒေသအတွင်း စစ်ဖြစ်ပွားရာ ဇုံတွေမှာ တော့ မြေမြုပ်မိုင်း ၁ သောင်းပတ်ဝန်းကျင်းလောက်ရှိမယ်လို့ ပြောပါတယ်။

အခုလို ဒေသအတွင်းမှာ မြေမြုပ်မိုင်း အများအပြာထောင်ရတာဟာ တပ်လုံခြုံရေးအတွက်၊ လောပိတ လုံခြုံရေးအတွက်နဲ့ နယ်စပ်ဒေသမှာဆိုရင်တော့ စစ်သားတွေရဲ့ လုံခြုံရေးအတွက် ထောင်ထားတာဖြစ်ပြီး နိုင်ငံရေး ပြဿနာပြေလည်ခြင်း မရှိသေးတဲ့ ကာလပတ်လုံးမှာ အခုလိုမြေမြုပ်မိုင်းထောင်ထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုမှဖြေရှင်းလို့မရနိုင်ဘူးလို့ ခူထဲဖူးဖဲက ဆက်လက်ပြောသွားပါတယ်။

မြေမြုပ် မိုင်းတွေအများအပြာ ရှိနေတဲ့အတွက် ရဲဘော်တွေအပြင် ကရင်နီလူထုတွေလည်း မိုင်းတွေကို မကြာခဏ နင်းမိတဲ့ အခက်အခဲ အန္တာရာယ်တွေနဲ့ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ၁၉၉၀ ခုနှစ်မှ စကာ ၂၀၀၈ ခုနှစ်အထိ မိုင်းဒဏ်ကြောင့် ဒုက္ခိတဘ၀ကို ရောက်ရှိသွားတာ လူဦးရေ ၈၁ ယောက်ရှိတယ်လို့ မသန်မစွမ်း ပြုစုပျိုးထောင် ရေး တာဝန်ခံက ပြောပါတယ်။

ဒုက္ခိတဘ၀ကိုရောက်သွားသူတွေကို စိတ်ဓါတ်မကျနိုင်ရေးအတွက် အချင်းချင်း အားပေးမှုတွေကို ပြုလုပ်ပေး ပါတယ်။

သူတို့စိတ်ဓါတ်ပျော်ရွှင်မှုရှိအောင် တခါတလေ သူတို့အတွက် NGOs အဖွဲ့အစည်းတွေထံ ဂစ်တာ သွားတောင်း ပေးတယ်။ သူတို့တွေအပျင်းပြေ ဂစ်တာတီးနိုင်အောင်လို့ တောင်းယူ ပေးတာတွေရှိပြီး တဖက်နည်းလမ်းနဲ့ စိတ်ဓါတ်မြင့်တင်ပေးလေ့ရှိပါတယ်။

“ကျနော်တို့လည်း အားပေးစကားအမြဲတမ်း ပြောကြတာပဲလေ။ အမြဲတမ်းထိတွေ့ကြတယ် လူတစ်ယောက် စိတ်ဓါတ်မကျအောင် ထိတွေ့တယ်၊ စကားပြောတယ် နောက်သူ ဘာတွေလုပ်ချင်သလဲ ဥပမာ ခြံလုပ်ချင်လား ကြက်၊ ဝက်မွေးချင်လား အစစအရာရာပေါ့” လို့ မသန်မစွမ်း ပြုစုပျိုးထောင်ရေး တာဝန်ခံက ပြောသွားပါတယ်။

“ဒုက္ခိတတွေဟာ များသောအားဖြင့် စိတ်ဓါတ်တက်ကြွကြပါတယ် စိတ်ခိုင်မာကြတယ်” လို့ ဘဝကို ဘယ်တော့မှ အရှုံးမပေးသော ညာခြေတဖက်ပြတ်နေတဲ့ HI တာဝန်ခံ တဦးက ဝင့်ကြွားစွာ ပြောပါတယ်။

သာမာန် ခြေတဖက်ပြတ်နေသော ဒုက္ခိတ တဦးဟာ ဘယ်လောက် ခက်ခဲသလဲဆို “သူများ တစ်နာရီ သွားတာကို ကိုယ်က နှစ်နာရီလောက်ကြာကြာသွားမှရောက်တယ်” လို့ သူက ဆက်ပြော ပါတယ်။

ခြေတဖက်ပြတ်တဲ့ လူက အဲလိုဖြစ်နေတာကို ကြည့်ပြီး လက်နှစ်ဖက်စလုံး ပြတ်နေသော ဦးရယ်နှင့် မျက်လုံး နှစ်ဖက်စလုံး ကန်းနေပြီး ခြေလက်သိပ်မသန်စွမ်းဖြစ်နေတဲ့ ထီးဆိုင်တို့ဘဝက ဘယ်လောက် ခက်ခဲလိမ့်မယ် ဆိုတာ ပေါ်လွင်နေပါတယ်။

ချက်ထားပြီးသား ထမင်းဟင်းတွေကို အခန့်သား ခူးခပ်စားသောက် နေရပေမယ့် လွယ်လွယ် ကူကူ ချောချော မွတ်မွတ်ဖြစ်အောင် စားသောက်နိုင်ဖို့ သူတို့လိုလူတွေအတွက်ကတော့ မလွယ်လှတဲ့ အလုပ်တခုပဲဖြစ်ပါတယ်။

အခုလိုလွယ်ကူချောမွတ်စွာ စားသောက်နိုင်ဖို့အတွက် တော်တော်လေး ရုန်းကန်ကြိုးစားခဲ့ရတယ်လို့ ဦးရယ်က ပြောပါတယ်။

အခုလို ကော်ပိုက်လုံးနဲ့ တပ်ထားတဲ့ ဇွန်းကြီး မရှိသေးတဲ့အချိန်မှာ သူငယ်ချင်းတွေက ထမင်း တွေကို ခွန့်ကျွေး ရတဲ့အတွက် ပါးစပ်ထဲကထမင်းလုံးတွေ ရှိနေဆဲအချိန်မှာ ထပ်ထည့်ပေးတယ်၊ နောက်တခါ တလေ ထမင်းလုံး တွေကုန်နေပြီ မထည့်ပေးဘူး အဲလိုပဲစောင့်နေရတယ်။ အဲလိုမျိုးအချိန်မှာ ထမင်း စားရတာအားမရတဲ့အပြင် စိတ် မရှည်စွာနဲ့ ခံစားရတယ်လို့ ပြောပါတယ်။

မျက်လုံးနှစ်လုံးစလုံး ကွယ်သွားတဲ့ ထီးဆိုင်လို့ အများက နောက်ပြောင်ခေါ်တဲ့ ဆိုတေးရိုအတွက် ကလည်း အခက်အခဲတွေ အများကြီး ကြုံခဲ့ရတာပါ။

“အရှေ့မှာဘာရှိလဲ လူလာလား နောက်မှာ လူရှိလား နားကို အဓိကအသုံးပြုရတယ်။ လူအများကြားမှာ မသွား ချင်ဘူး ကိုယ်သွားနေရင်းနဲ့ သူများအသံကြားးရရင် မသွားတတ်တော့ဘူး”

သာမာန်လူ ရှိနေတဲ့ လူလည်ခေါင်ကြားမှာ ကိုယ့်ကို မနေချင်လောက်အောင် စိတ်ထဲမှာ ဒါဏ်ခတ် ထားသကဲ့သို့ ဖြစ်နေတဲ့ ဦးရယ်ဟာ စိတ်ကို ဖြေဖျောက်နိုင်ရန်အတွက် အရက်ကို စိတ်အင်အား ဖြည့်တဲ့အနေနဲ့ သောက်ခဲ့ မိတယ်လို့ ပြောပြပါတယ်။

ကြာလာတော့မှ အကျင့်ရှိသွားပြီး သက်သာသွားတယ်လို့ ပြောကြပါတယ်။

အခုအချိန်မှာ ဦးရယ်ဟာပြတ်နေတဲ့ လက်ဖျံကို ကော်ပိုက်လုံး ဇွန်းကြီးတပ်ပြီး အကူအညီမရှိ သော်လည်း အခက်အခဲမရှိပဲ စားသောက်နိုင်နေပါပြီ။

ဒါပေမယ့်လည်း ဒုက္ခိတဘ၀ဆိုတာ လွယ်လွယ်လေး မဟုတ်ပါဘူးလို့ မျက်စိမမြင်တော့တဲ့ ထီးဆိုင်ခေါ် ဆိုတေးရိုက ပြောပါတယ်။

“ဘဝကို အရှုံးမပေးဘူးဆိုတာတခါတလေ ပေါ်လာတယ် ပေါ်သည့်တိုင်အောင်လည်း အားကိုးလို့ မရတော့ ဘူးလားလို့ အဲလိုမျိုး ခံစားရတယ် အဲဒါကြောင့် ကျနော်ကတော့ စိတ်ညစ်ရင် ကိုယ့်စိတ်ကို ဘုရားနဲ့ပဲ ဖြေသိမ့် ရတယ်” လို့ ဦးခေါင်းကိုမော့ပြီး ပြောနေတဲ့ ထီးဆိုင်က မရေရာတဲ့ ခရီးကို ဆက်လျှောက်ဖို့ ဆုံးဖြတ်ထား ပါတယ်။

သူကအပြုံးကလေးနဲ့ “သူငယ်ချင်းက တခါခေါ်သွားပြီးရင် နောက်တခါ သွားတတ်တယ် အဲဒါဟာ ဘုရားပေးတဲ့ လက်ဆောင် လို့သတ်မှတ် ထားတယ်” လို့ ပြောနေတတ်ပါတယ်။

သာမန်လူတွေလို မဟုတ်တော့ပဲ ဒုက္ခိတဘ၀ကို ရောက်သွားတော့ စိတ်ဓါတ်ကျတာတွေ ရှိနေပေမယ့် ကိုယ့် ဘာသာ ကိုယ်ဖြေသိမ့်ရင်း ဘ၀ကိုအရှုံးမပေးပဲ ရင်ဆိုင်ကျော်လွှားနေကြ တဲ့သူတွေပါ။

“ကိုယ်ခံစားရလည်း ကိုယ့်ဟာကိုယ်ပဲပြန်ဖြေသိမ့်ရတယ်” လို့ မျက်မမြင်ထီးဆိုင်က ပြောပါတယ်။

လက်နှစ်ဖက်လုံးမရှိတော့တဲ့ ဦးရယ်ကလဲ “ဘာမှ မလုပ်တတ်တော့ဘူး ကိုယ့်စိတ်ကို ပျော်အောင် ထားရတော့ တာပဲ” လို့ပြောပါတယ်။

အသက်အားဖြင့် ၃၉ နှစ်နီးပါး ရောက်နေပြီဖြစ်တဲ့ ဦးရယ် နဲ့ ထီးဆိုင် တို့ကတော့ သာမာန်လူတွေ အတွက် အလေးမထားလောက်စရာ ကိစ္စတွေဟာ သူတို့အတွက်ကတော့ အမြဲတမ်း ခက်ခဲနေတတ်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဘဝဆိုတာ ဘယ်အခြေအနေရောက်ရောက် အရှုံးမပေးသမျှ မရှုံးဘူးဆိုတာ သူတို့ နှစ်ယောက်ရဲ့ ရုန်းကန်မှုတွေက သက်သေပြနေပြီမဟုတ်လား။…

No comments: