Wednesday, June 24, 2009

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)

မင်းဟန်

(၂၁)


ဒေါ်အောင်ဆန်း စုကြည် သည် ဖခင် အောင်ဆန်း ၏ အတ္ထုပတ္တိ စာအုပ်အား ရေးသား ပြုစုရန် စိတ်ထက်သန် လျက်ရှိသည်။ ၁၉၈၄ ခုနှစ် ရန်ကုန် သို့ ရောက်စဉ် ကလည်း …. နေ့စဉ် လိုလိုပင် တပ်မတော် မော်ကွန်းတိုက် သို့သွားပြီး ဂျပန်ခေတ် Statement များအား လက် ရေး နှင့် ကူးယူခဲ့၏။ ပြင်ဆင်ခဲ့၏။ သခင် အောင်ဆန်း၏ BIA သန္ဓေတည်ရာက ဂျပန်တွင် ဖြစ်သည်။ သခင်အောင်ဆန်းနှင့် ထိတွေ့ ဆက် ဆံ ခဲ့ကြသည့် ဂျပန်လူမျိုးများနှင့် တွေ့ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် သိ၏။ ဤအတွက်ပင် အင်္ဂလန်၌နေစဉ် ဂျပန် ဘာသာ စ ကားအား ဇွဲကြီးစွာနှင့် သင်ယူခဲ့ သည်။


၁၉၈၅ ခုနှစ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်အတွက် …. အခွင့်အလမ်းတခုက ဝင်လာ၏။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂျပန်နှင့် ဆက်စပ်သည့် ဘဝအစိတ်အပိုင်းအား သုတေသနပြုနိုင်ရန် ကျိုတိုတက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်သို့ လာရောက်ရန် ဖိတ်ခေါ်၏။

ဒေါ်အောင်ဆန်းစုကြည်အတွက် …… “ရေဆာစဉ် ရေချမ်းစင်အား တွေ့ခြင်း…..”။ ဂျပန်သို့ သွားရန် ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်ရသည်။ ထိုစဉ်က …. ဒေါက်တာ မိုက်ကယ်အဲရစ်က အိန္ဒိယပြည်မြောက်ပိုင်း “ဆင်းမလား” တွင် ရောက်နေသည်။ “ဆင်းမလားမြို့” အဆင့်မြင့် စာပေလေ့လာရေးဌာနစု၌ သုတေသနပညာရှင်အဖြစ် အမှုထမ်းနေရ၏။ သားအကြီး မြင့်ဆန်းအောင်က …၁၂ နှစ်အရွယ်….။ သားငယ် အောင်ဆန်းလင်းက ၈ နှစ်သား….။ သားကြီး မြင့်ဆန်းအောင်အား အောက်စဖို့တွင်ပင် ကျောင်းအိပ်ကျောင်းစားထားခဲ့ပြီး သားငယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့သွားရန် ဆုံးဖြတ်ရ၏။ စီစဉ်ကြရ၏။ ကျိုတိုသို့ ရောက်သည်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ရှိ “ဂျပန်-မြန်မာ” အသင်းဝင်များနှင့် တွေ့၏။ “ဂျပန်-မြန်မာ” အသင်းမှတဆင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့် သိကျွမ်းရင်းနှီးခဲ့သော …. ဂျပန်အမျိုးသားကြီးများနှင့် တွေ့ရ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ရသည့် ဂျပန်အမျိုးသားကြီးများက ဖခင်ဗိုလ်ချုပ်၏ အကြောင်းအား စိတ်အားထက်သန်စွာ ပြောပြကြ၏။


(၂၂)


ကျိုတိုတွင် တနှစ်ခန့် နေပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်သည် “ဆင်းမလား” ရှိ ခင်ပွန်းရှိသူထံသို့ သွားရောက်ခဲ့၏။ မြင့်ဆန်းအောင်သည်လည်း ကျောင်းအားရက်ဖြစ်သဖြင့် … မြင့်ဆန်းအောင်ကိုလည်း ဆင်းမလားသို့ ခေါ်ခဲ့၏။ ထိုကာလလေးက …. ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု စုစုဝေးဝေး ဆုံဆည်းခွင့်ရခဲ့သည့် ရက်များဟု ဆိုရမည်။ “ဆင်းမလား” တွင်ပင် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းသည် လုပ်ကိုင်နေသည့် သုတေသနဌာန၌ သုတေသီပညာရှင်အဖြစ် အလုပ်ရ၏။ “ဆင်းမလား” ရှိ မိသားစု သိုက်သိုက်မြုံမြုံ နေထိုင်ရသည့် ကာလက တိုတောင်းလွန်းလှသည်။

၁၉၈၇ ခုနှစ်တွင် “ဆင်းမလား” မှ လန်ဒန်သို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ခဲ့ရပြန်သည်။ လန်ဒန်တွင် မျက်စိအား ခွဲစိတ်ကုသမည့် မိခင်အားပြုစုရန် လန်ဒန်သို့ ပြန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်ခင်ကြည်၏ မျက်စိခွဲစိတ်မှုက ချောချောမောမောနှင့် အောင်မြင်ခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ ဦးအောင်ဆန်းဦးသည်လည်း လန်ဒန်သို့ လာရောက်၍ ၁ဝ ရက်ခန့် မိခင်နှင့် အတူနေ၏။

၁၉၈၇ ခုနှစ် …. ဇွန်လလယ်လောက်တွင် ဒေါ်ခင်ကြည် လန်ဒန်မှ ရန်ကုန်သို့ ပြန်သွား၏။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း မိသားစုရှိရာ “ဆင်းမလား” သို့ ပြန်၏။ ၁၉၈၇ ခုနှစ် စက်တင်ဘာလတွင်မူ ဒေါ်အောင်ဆန်းစုကြည်တို့ တမိသားစုလုံး ….. “ဆင်းမလား” မှ “အောက်စဖို့ဒ်” သို့ အပြီးပြောင်းရွှေ့ခဲ့ကြသည်။ အောက်စဖို့ဒ် ပညာရပ်ဝန်းအတွင်း ပြန်၍ အခြေချကြ၏။

အောက်စဖို့ဒ် နေအိမ်တွင် နေထိုင်ရင်း ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပတ္တိအား စတင်၍ ရေးသားသည်။ အတ္ထုပတ္တိ၏ အစအား အမှာစာသဘောမျိုးနှင့် စ၏။

“ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ ဖခင် ကွယ်လွန်သွားပါသည်။ ထိုကြောင့် `ဖေဖေဟာ ဘယ်လို လူစားမျိုးပါလိမ့်` ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ ဘဝလုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေ အထောက်အထားများကို ကျမ စတင်စုဆောင်း လေ့လာဖတ်ရှုခြင်း ဖြစ်ပါသည်။ အောက်တွင်ဖော်ပြပါ အတ္ထုပတ္တိ စာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေပြီး အထောက်အထားများကို အဓိက အခြေခံထားပါသည်။ အကြောင်းနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့ မိသားစုနှင့် ဖေဖေ့အား ကောင်းစွာ သိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။ သွေးသားနီးစပ်စွာ တော်စပ်သူတဦး၏ အတ္ထုပတ္တိကို ရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးနိုင်မည်မဟုတ်ဟု အစွပ်စွဲခံရတတ်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပတ္တိ ရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံသွင်းပေးခဲ့သော အဖြစ်အပျက် အတွေ့အကြုံများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည် မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာ ပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်။


(၂၃)


၁၉၈၈ ခုနှစ် မတ်လ ၃၁ ရက် ….။

အောက်စဖို့ဒ် နေအိမ် ….။

အောက်စဖို့ဒ် ညနေခင်းက …. တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက်ပင်…။ ဆိတ်ငြိမ်အေးချမ်းမှုက …. ပညာရပ်ဝန်း၏ အငွေ့အသက် အဆောင်အယောင်လေလားဟုပင် ထင်မှတ်စရာ…..။

ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းက ဧည့်ခန်းတွင်ပင် စာဖတ်၍ နေကြသည်။ သား ၂ ယောက်မှာမူ သူတို့၏ အိပ်ခန်းအတွင်း၌ ရှိနေကြ၏။ တယ်လီဖုန်း လူခေါ်ဘဲလ်သံက …. ဝေဝေစီစီ …. ။ ဒေါ်အောင်ဆန်းစုကြည်ပင် ထ၍ တယ်လီဖုန်းအား ကိုင်လိုက်၏။

ရန်ကုန်မှ ဖုန်းဖြစ်သည်။ မိခင်ဒေါ်ခင်ကြည်ထံမှ ….။ ၁ဝ မိနစ်ခန့် စကားပြောပြီး တယ်လီဖုန်းအား ချလိုက်သည်။ ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်းဖြစ်သူထံသို့ သွားပြီး…..။

“မေမေ လေဖြတ်သွားလို့တဲ့ …. ဆေးရုံတင်ထားရတယ် …. အဲဒါ ကျမ ရန်ကုန်ကို ချက်ချင်း သွားရမယ်….”

ခင်ပွန်းသည်ကလည်း ကြည်ဖြူစွာနှင့်ပင် ခွင့်ပြု၏။ ချက်ချင်းပင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ခရီးအတွက် ထုပ်ပိုးပြင်ဆင်တော့၏။

ဤခရီးက ….. သူတို့၏ ဘဝများအား ထာဝရ ပြောင်းလဲသွားစေတော့မည် ဟူသည်အား ထိုညနေခင်းက ခင်ပွန်းသည်နှင့် ဒေါ်အောင်ဆန်းစုကြည်ပါ မတွေးထင်မိခဲ့……။


(၂၄)


၁၉၈၈ ခုနှစ်၊ ဧပြီလ ၂ ရက်။

ရန်ကုန်မြို့၊ ဂျပန်ဆေးရုံကြီး။

ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းမှ တက္ကသိုလ်ရိပ်သာလမ်း အိမ်သို့ မဝင်တော့ ----။ ဂျပန်ဆေးရုံသို့ တန်းပြီး လာခဲ့တော့သည်။ အဝတ်အစားထည့်သည့် လက်ဆွဲသေတ္တာ ၂ ခုသာ ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဆေးရုံသို့ ရောက်သည့်အချိန်၌ မိခင် (ဒေါ်ခင်ကြည်) ၏ ကျန်းမာရေး အခြေအနေက ဆိုးဝါး၍ နေပြီဖြစ်သည်။ ရောဂါက ၃-၄ မျိုး ရှိနေသည်။ အဆိုးဆုံးက ဆီးချိုဖြစ်သည်။ ဧပြီလ ၇ ရက်နေ့တွင် ဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီး ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်၍ မိခင် ဒေါ်ခင်ကြည်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ ပြောင်းရွှေ့ခဲ့တော့သည်။ မိခင်ကြီးအား အချိန်မလပ် ပြုစုစောင့်ရှောက်နေရင်း ---- တဖက်မှ တိုင်းပြည် အခြေအနေများကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်၍နေသည်။

မတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား အရေးတော်ပုံကြီးက တိုင်းပြည်၏ အခြေအနေအား ဖော်ပြ၍နေသည်။


(၂၅)


အင်းယားကန်ဘောင်နှင့် ပြည်လမ်းမအကြားတွင် “တံတားဖြူ“ ဟူ၍ လူသိများသည့် မြောင်းကူးတံတားရှိသည်။ တံတားဖြူအား ကျော်ပြီးသည်နှင့် ဆန္ဒပြသည့် ကျောင်းသားထု လူတန်းကြီးသည် ဖြုန်းစားကြီး တန့်ရပ်သွားသည်။ သံဆူးကြိုးခွေများကို ဆန္ဒပြ လူတန်းကြီး၏ အရှေ့တွင် ဖြတ်သန်းပိတ်ပြီး ကာထားသည်။ သံဆူးကြိုးများ၏ နောက်တွင်မူ မောင်းပြန်သေနတ်များ ကိုင်ထားသည့် စစ်သားများက လူတန်းကြီးအား အသင့်ချိန်၍ ရပ်နေကြ၏။ စစ်သားများ၏ နောက်တွင်တော့ ဘရင်းကယ်ရီယာများ၊ လူတန်းကြီးအနောက်တွင်တော့ ----- ဒုတ်များ၊ ကြိမ်ဒိုင်များနှင့် လုံထိန်းများက ကန်ဘောင်ရိုးပေါ်သို့လည်း တက်လာကြသည်။ ဆန္ဒပြသည့် ကျောင်းသားတို့အား စစ်သားများနှင့် လုံထိန်းတို့က သုံးဘက်မှ ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်သည်။ ကျန်သည့် တဖက်မှာလည်း ခြံဝင်းမြင့်မြင့်ကြီးများက ပိတ်၍ ကာထားပြန်သည်။

အမိန့်ပေးသံများ ထွက်လာသည်။ လုံထိန်းများက ကျောင်းသားများကို ဝင်ရိုက်တော့သည်။ နံပါတ်ဒုတ်များ၊ အရိုးတွင်းတွင် ကျိုးအက်သံများ၊ သွေးများ အလူးလူးအလိပ်နှင့် အလဲလဲအပြိုပြို ကမ္ဘာပျက်၍ နေလေပြီ။

ဒေါ်ခင်ကြည် အား နေအိမ်သို့ ပြန်လည်ကြိုယူခဲ့ပြီးသည့် နောက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ နေ့စဉ်လိုလိုပင် သခင်အုန်းမြင့် ရောက်ခဲ့သည်။ ၁၉၈၈ ခု၊ မတ်လ ကျောင်းသား အရေးအခင်းများ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်မှ မေးသည်။ သခင်အုန်းမြင့် ပြောပြသည်များကို နားထောင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လေးလေးနက်နက် တွေး၍ နေသည်။ ပြီးနောက် -------

“----- အခု တိုင်းပြည်အခြေအနေက သိပ်ဆိုးသထက်ဆိုးလာတော့ အန်ကယ်နဲ့ စုနဲ့ ၁၉၈၄ တုန်းက ပြောခဲ့တဲ့ အတိုင်းမျိုးပေါ့။ ငြိမ်းချမ်းရေးကို ရမှဖြစ်မယ်။ ငြိမ်းချမ်းရေးမရရင် တိုင်းပြည်တော့ တော်တော်ကို ဒုက္ခရောက်ကုန်မယ်။ လူတွေ ဒုက္ခရောက်ကုန်မှာ။ ဒါကို ဘယ်လိုလုပ်ရရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားကြရတော့မယ်။ အန်ကယ်လည်း စဉ်းစားပါ။ စုလည်း စဉ်းစားမယ်။ ဘယ်ပုံဘယ်နည်း စရမယ်ဆိုတာ -----“


(၂၅)


မတ်လနှင့် ဇွန်လများမှာ ဖြစ်ပျက်ခဲ့တဲ့ သွေးထွက်သံယို အရေးအခင်းများက အစိုးရအဖွဲနဲ့ ထိုအဖွဲ့ကို ဦးဆောင်နေတဲ့ ပါတီကို အယုံအကြည် ကင်းမဲ့နေတာကို ဆန္ဒပြရာတွင် ကိုယ်တိုင်ပါဝင်သူများနဲ့ နောက်မှ အားပေးသူများက ဖော်ပြလိုက်ပါတယ်။ ကျနော်ဟာ မတ်လနဲ့ ဇွန်လအတွင်းက စိတ်မချမ်းမြေ့စရာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် သွယ်ဝိုက်သော နည်းဖြင့် တာဝန်မကင်းသူဟု ယူဆတာက တကြောင်း၊ အသက်အရွယ်လည်း ထောက်လာတာက တကြောင်းတို့ကြောင့် ပါတီဥက္ကဋ္ဌနှင့် ပါတီဝင်အဖြစ်မှ ထွက်ခွင့်ပေးကြပါလို့ ပါတီဝင်တွေကို မေတ္တာရပ်ခံအပ်ပါတယ်။

နေဝင်း

အရေးပေါ်ပါတီ ညီလာခံ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ

၁၉၈၈၊ ဇူလိုင်လ ၂၃ ရက်

ဦးနေဝင်းက အရှင်ထွက် ထွက်ပြီး ကားလိပ်ကြားသို့ တိုးဝင်သွား၏။ ဇူလိုင်လ တတိယအပတ်အတွင်းမှာ ဖြစ်သည်၊ အမြောက်နှင့် ယန္တရားတပ်မှ ဗိုလ်မှူးလှမြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဆက်၍ လာသည်။ မည်သည့် အကြောင်းကိစ္စကြောင့် ဆက်လာသည်ဟူ၍မူ မသိ။ ဒေါ်စုမှ ဦးနေဝင်းနဲ့ တွေ့ချင်တယ်၊ စီစဉ်ပေးပါလို့ ပြောတော့ သူ အကြောင်းပြန်ပါမည်ဟု ပြောသည်။ ဦးနေဝင်း ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခဲ့ပြီးနောက်တွင် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ နေရာများအား ဦးစိန်လွင်မှ ဝင်ရောက်၍ တာဝန်ယူခဲ့သည်။ တက်လာသည်နှင့် လက်စွမ်းပြတော့သည်။ ဦးအောင်ကြီး၊ ဦိးအောင်ရွှေ စသည့် အငြိမ်းစား စစ်ဗိုလ်ကြီးများအား ထောင်ထဲသို့ သွင်းတော့သည်။ ဒုတိယအကြိမ် ဗိုလ်မှူးလှမြင့်ထံမှ ဖုန်းဆက်လာသည်။ ဦးနေဝင်းနှင့် တွေ့နိုင်မည့် အကြောင်းကိုမူ မပြော။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး မလုပ်ဘူးဆိုဟု ပြောမေး မေးသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျမ နိုင်ငံရေးမလုပ်ဘူး ဆိုတာက နိုင်ငံခြားမှာ နေပြီးတော့ နိုင်ငံရေးမလုပ်မှာကို ပြောတာပါဟု ပြန်၍ ပြောလိုက်သည်။ တဖက်မှ မည်သို့မျှ ပြန်၍မပြော၊ တယ်လီဖုန်းလည်း ချ၍ သွားတော့သည်။


(၂၆)


''ဒီမိုကရေစီ ချက်ချင်းပေး''

''မဆလ အစိုးရ ကျဆုံးပါစေ''

''စိန်လွင် အလိုမရှိ''

''ဦးအောင်ကြီးနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေး''

ကြွေးကြော်သံများက ရန်ကုန်မြို့ တမြို့လုံး ကျယ်လောင်စွာ မြည်ဟိန်းနေသည်။ ရန်ကုန်မြို့တွင်သာမက ပဲခူး၊ သနပ်ပင်၊ ရေနံချောင်း၊ ပြည်၊ တောင်ကြီး၊ မြို့များတွင်လည်း ''စိန်လွင် အလိုမရှိ'' ဟူသည့် အသံများက ကျယ်လောင်နေလေပြီ။ ည ၈ နာရီတွင် မြန်မာ့အသံမှ ဦးစိန်လွင်နှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့ ၂ ဦး လက်မှတ်ထိုးထုတ်ပြန်သည့် ကြေညာချက်များအား ဖတ်ကြားကြေညာသွားသည်။ ရန်ကုန်မြို့တွင် မာရှယ်လော (စစ်ဥပဒေ) ထုတ်ပြန်ကြောင်း ကြေညာချက်ပင် ဖြစ်သည်။ ထိုနေ့က ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ဖြစ်သည်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ သခင်အုန်းမြင့်၊ ဦးထွေးမြင့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာတို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ကြသည်။ ဆွေးနွေးကြသည်။ တိုင်းပြည်၏ အခြေအနေက သိပ်ဆိုး၍ နေပြီ၊ မည်သို့လုပ်ကြမည်နည်း၊ မည်သို့စ၍ လုပ်ကိုင်ကြမည်နည်း၊ အပြင်တွင် ရာသီဥတုက အုံ့မှိုင်းနေသည်။

''တိုင်းပြည်အခြေအနေက သိပ်ဆိုးနေပြီ၊ လူတွေကလည်း ဒုက္ခသိပ်ရောက်နေပြီ ---ငြိမ်းချမ်းရေးအတွက် အတိုင်ပင်ခံ ကော်မတီတခုဖွဲ့ပြီး လုပ်ဖို့တောင်းဆိုရင်တော့ ကောင်းမယ် ထင်တယ်'' ဦးထွေးမြင့်မှ တွေးတွေးဆဆနှင့် ဆွေးနွေးသည်။

''ကောင်းပါတယ်။ ဒီက `စ`ရင်ကောင်းပါတယ်။ ကော်မတီထဲမှာ ဘယ်သူဘယ်ဝါ ပါရမယ်။ ဘာမယ်တော့ မတောင်းဆိုဘဲနဲ့ ကော်မတီဖွဲ့ဖို့ပဲ တောင်းဆိုရင် ကောင်းမယ်'' သခင်အုန်းမြင့်က ဦးထွေးမြင့်၏ ဆွေးနွေးချက်ကို ထပ်၍ ဖြည့်စွက်သည်။

''ကျမ သဘောတူပါတယ်။ ဒီကပဲ `စ` ပြီး လုပ်ကြတာပေါ့။ ပြီးတော့ ကျမတို့ ဒီလုပ်ငန်းတွေ စလုပ်တာနဲ့ လုံးဝ အကြမ်းမဖက်ရေးဘဲ။ အကြမ်းမဖက်ဝါဒ၊ ဂန္ဒီဝါဒပေါ့။ ဒါကို ကျမတို့ရဲ့ `မူ` အနေနဲ့ ထားလိုက်မယ်။ နောက်ပြီး ဥပဒေ ဘောင်အတွင်းကပဲ လုပ်မယ်။ မြေအောက်တို့ တောခိုတာတို့ လက်နက်ကိုင်တိုက်တာတို့ လုံးဝ မလုပ်ဘူး။ ဒါ ကျမတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ပဲ'' ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် အားလုံးက သဘောတူကြသည်။ အပြင်ဘက်ဆီမှ သေနတ်သံများအား သဲ့သဲ့ကြားကြရသည်။ အားလုံး စိတ်မသက်သာစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

No comments: