Thursday, June 25, 2009

မြောက်ကိုရီးယား၏ နျူကလီးယား စစ်အစိုးရမျှော်လင့်

ကိုထွေး Thursday, 25 June 2009

မြန်မာ စစ် အစိုးရ သည် နျူကလီးယား နှင့် ပတ်သက်သော နည်းပညာ များကို ရရှိလို သဖြင့် မြောက်ကိုရီးယား နှင့် ရင်းရင်း နှီးနှီး ပူးပေါင်း နေခြင်း ဖြစ်ကြောင်း ဝါရင့် နိုင်ငံရေး သမားတဦး က ယနေ့ သုံးသပ် ပြောဆို လိုက်သည်။

နျူကလီးယား နည်းပညာကို ရုရှား ထံမှ အပြည်အစုံ ရရှိရန် မလွယ် ကူသဖြင့် မြောက်ကိုရီးယားကို အားကိုး နေခြင်း ဖြစ်သည်ဟု သခင် ချန်ထွန်းက ဧရာဝတီ ကို ပြောပြသည်။

“ရုရှား နိုင်ငံက နိုင်ငံကြီး ဆိုတော့ သိက္ခာ ထိုက်သင့် သလောက် စောင့်ရတော့ ပညာကုန် ပေးမှာ မဟုတ်ဘူး၊ မြောက်ကိုရီးယား ကတော့ ပေးနိုင် တယ်၊ ပြီးတော့ မြန်မာက အမေရိကန် နဲ့ မတည့် တာလည်း ပါတာပေါ့”ဟု သခင်ချန်ထွန်း က ပြောသည်။

၁၉၇၄-၇၅ ခုတွင် သခင်ချန်ထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။


စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံသည် အမေရိကန်၏ ကန့်သတ် တားမြစ်မှုများ ခံနေရချိန်တွင် မြောက်ကိုရီယား အပါအဝင် ဘဝတူ နိုင်ငံများ ဖြစ်သည့် အီရန်၊ ကျူးဘား အစရှိသော နိုင်ငံများနှင့် ပိုရင်းနှီးရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

၁၉၈၃ ခုနှစ်က ရန်ကုန်မြို့သို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား အာဇာနည်ဗိမာန်တွင် မြောက်ကိုရီးယားတို့က ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် မြန်မာနှင့် မြောက်ကိုရီးယားတို့၏ သံတမန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့သည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာ ဆက်ဆံရေးပြတ်တောက်ခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန် အဆက် အ သွယ် ပြန်လည် ပြုလုပ်ကြရာ ၎င်းဆက်ဆံရေးသည် စစ်အစိုးရ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း သခင် ချန်ထွန်းက ပြောသည်။

သခင်ချန်ထွန်းသည် မြောက်ကိုရီးယားအပြင် တရုတ်နိုင်ငံတွင်လည်း သံအမတ်ကြီးအဖြစ် သွားရောက် တာဝန် ယူခဲ့ဖူးသူ ဖြစ်သည်။

ထို့ပြင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား အိပ်မက်ကို မြောက်ကိုရီးယားက ကူညီနိုင်ဖွယ် ရှိကြောင်း သုံးသပ်သူ တချို့က ပြောဆို လျက်ရှိကြသည်။

အရှေ့အလယ်ပိုင်း အခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနကလည်း မြန်မာနိုင်ငံတွင် နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ် နှင့် ပတ်သက်နိုင်ဖွယ် ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဗွီဒီယို မှတ်တမ်းကို ယနေ့ ထုတ်လွှင့် ပြသခဲ့သည်။၊

မြောက်ကိုရီးယားသည် ပြီးခဲ့သည့်လက နျူကလီးယား လက်နက် စမ်းသပ်ခဲ့သည့်အတွက် လက်နက်ပစ္စည်းများ တင်ပို့ ရောင်းချခွင့် ပိတ်ပင်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူ ဆုံးဖြတ်ထားသည်။

ဤအတောအတွင်း ဇွန်လ ၁၇ ရက်နေ့က မြောက်ကိုရီးယား ဆိပ်ကမ်းမှ ထွက်ခွာလာပြီး မြန်မာနိုင်ငံသို့ ဦးတည် နေသည်ဟု သတင်းထွက်နေသည့် မြောက်ကိုရီးယား Kang Nam 1 သင်္ဘောနှင့် ပတ်သက်၍ နိုင်ငံတကာက အထူး အာရုံစိုက်လျက်ရှိသည်။

ယင်းသဘောင်္ပေါ်တွင် အသေးစား စစ်လက်နက် ပစ္စည်းများ သယ်ဆောင် သွားမည်ဟု ယူဆရကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ဖော် ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ စစ်သင်္ဘောတစီးကလည်း မြောက်ကိုရီးယား သင်္ဘောကို နောက်ယောင်ခံ လိုက်လျက်ရှိသည်ဟု ဆိုသည်။

ဤသင်္ဘောသည် ကုလသမဂ္ဂ၏ အရေးယူမှု ထုတ်ပြန်အပြီးတွင် ပထမဆုံးအကြိမ် စောင့်ကြည့်ခံရသည့် သင်္ဘော ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

ယခုအခါ ၎င်းသင်္ဘောသည် တရုတ်နိုင်ငံ ရေပိုင်နက်ကို ကျော်လာပြီး မလက္ကာရေပိုင်နက်အတွင်း ရောက်ရှိ နေပြီဖြစ်သည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် သံတမန် ဆက်ဆံရေး အနှစ် ၂ဝ ကျော်ကြာ ရပ်ဆိုင်းခဲ့ရာမှ တိတ်တဆိတ် ဆက်သွယ်မှုများ ပြုလုပ်လာခဲ့ကာ မကြာသေးမီကမှ တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

၂ဝဝ၇ ဧပြီလတွင် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ရန်အီးလ် မြန်မာနိုင်ငံသို့ သွားရောက်ပြီး နှစ်နိုင်ငံ သံတမန် ဆက်သွယ်ရေး ပြန်လည်ပြုလုပ်ရန် သဘောတူ စာချုပ် ချုပ်ခဲ့သည်။

No comments: