Monday, June 29, 2009

ဘုရားသုံးဆူမြို့တွင် ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲ

Kaowao ဇွန် ၂၉၊ ၂၀၀၉။

စံခလပူရီ(ဇွန်-၂၉)။ ။ ထိုင်း မြန်မာ နယ်စပ် ဘုရားသုံး ဆူမြို့ ၌ ယမန်နေ့ ဇွန်လ ၂၈ ရက်၊ ည ၈ နာရီ ကျော်ခန့်တွင် မိနစ်ပိုင်း ခန့်ခြား ၍ ဗုံးနှစ်လုံး ကျယ်လောင် စွာ ပေါက်ကွဲ သံများ ကြားရ သည်ဟု မြို့ခံများ နှင့် ဆက်သွယ် မေးမြန်း ချက်အရ သိရသည်။


ပထမပေါက်ကွဲမှုမှာ ဘုရားသုံးဆူမြို့ ၊ တပ်ကုန်းရှိ ခလရ ၃၂ တပ်ဧရိယာ ဧည့်ရိပ်သာအနီးဖြစ်ပြီး နောက် ၄ မိနစ် ခန့်အကြာတွင် SB နှင့် စရဖရုံးအနီး၌ ဒုတိယပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဆိုကြသည်။ အဆိုပါပေါက်ကွဲမှုကြောင့် အထိအခိုက်ပျက်စီးမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကို မည်သူ၊ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မှန်းဆရ အလွန်ခက်ခဲကြောင်း ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီမှ အမည်မဖေါ်လိုသော အရာရှိတစ်ဦးက မိမိသတင်းဌာနကို ဆက်သွယ် ပြောကြားခဲ့သည်။

ပေါက်ကွဲမှုကို ယူဆချက်အမျိုးမျိုးဖြင့် ထင်မြင်ခန့်မှန်းနေကြသည်။ သို့သော် စစ်အစိုးရအာဏာပိုင်များက လက်ပစ်ဗုံးဖြစ်သည်ဟု မွန်ပြည်သစ်ပါတီကို အတည်ပြုပြောကြားခဲ့သည်။

ဤပေါ်က်ကွဲမှုသည် ဘုရားသုံးဆူမြို့ပေါ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုက ဖြစ်နိုင်ကြောင်း၊ ဒေသတစ်ဝိုက် တွင် လှုပ်ရှားလျှက်ရှိသော အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ပိုင်းများ၏ အတွင်းရေးများ၊ မူယစ်ဆေး ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းတို့တွင် ပါဝင်ပတ်သက်နေသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့အား ဘုရားသုံးဆူမြို့
ပေါ်ရှိ လက်ရှိ SB, စရဖ၊ တပ်ရင်းထောက်လှန်းရေးတို့သည် သက်ဆိုင်ရာအထက်ဌာနအသီးသီးသို့ သတင်း တင်ပြမှုများ ပြုလုပ်နေသည်ကို သိရှိနေကြကြောင်း၊ ၄င်းလုပ်ရပ်အားမကျေနပ်၍ သတိပေးသည့်အနေဖြင့် ဖေါက်ခွဲပြခဲ့သည်ဟု ၄င်းတို့ယူဆကြောင်း ဘုရားသုံးဆူမြို့ရှိ အမည်မဖေါ်လိုသော မြန်မာရဲတစ်ဦးနှင့် ဆက်သွယ် မေးမြန်းမှုတွင် အသေးစိတ်ဖြစ်စဉ်များနှင့်တကွ ရှင်းပြခဲ့သည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အစိုးရဖက်မှ ဘုရားသုံးဆူဒေသတစ်ဝိုက် လှုပ်ရှားလျှက်ရှိသော အပစ်ရပ်အဖွဲ့များနှင့် လက်နက်ချအဖွဲ့အစည်းများကိုလည်း လုံခြုံရေးကိစ္စများကိုအစဉ်သတိရှိနေစေရန်၊ သတင်း ဖလှယ်ကြရန်နှင့် ညဖက်များတွင် လက်နက်များကိုင်ဆောင်ပြီး၊ ပြောက်ကျားစစ်ဝတ်စုံများဖြင့် သွားလာလှုပ်ရှား
မှု မပြုကြရန် အသိပေးအကြောင်းကြားခဲ့သည်။

ဘုရားသုံးဆူမြို့နှင့်အနီးတဝိုက်တွင် စစ်အစိုးရတပ်ဖွဲ့များအပြင် မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေ၊ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF,၊ KNU-KNLA/PC အမှတ် ၇၀၉ တပ်ရင်းနှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

No comments: