Sunday, June 21, 2009

ရွေးကောက်ပွဲလုပ်ငန်းစဉ် ရှေ့ဆက်ရေး လက်နက်ကိုင်အဖွဲ့များနှင့် နအဖ မြွေဖမ်းနေပြီလော


နအဖ စစ်အုပ်စု သည် ၂၀၀၈ ခုနှစ် မေလ တွင် ညောင်နှစ် ပင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အား လိမ်လည် အတည်ပြုပြီး ကတည်းက ၂၀၁၀ ပြည့် နှစ်တွင် ရွေးကောက်ပွဲ ကျင်းပ မည်ဟု ပြည်သူ လူ ထုနှင့် နိုင်ငံ တကာအား အသိပေး ထားပြီး ဖြစ်သည်။ သို့ရာတွင် ၂၀၀၉ နှစ်ဝက် ကုန်ဆုံး ခါနီး ယခုအချိန် အထိ နိုင်ငံရေး ပါတီများ မှတ် ပုံ တင်ခွင့်၊ စည်ရုံး လှုံ့ဆော်ခွင့် နှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ ကို ထုတ်ပြန် ကြေညာ နိုင်ခြင်း မရှိသေးပေ။

ထိုသို့ ကြန့်ကြာ နေခြင်း အကြောင်း အရင်းများ တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များအားလုံး လွတ်မြောက်ရေး အ တွက် နိုင်ငံ တကာ၏ တောင်းဆိုမှု များကို ဟန်ပြပင် မဖြည့်ဆည်း ပေးနိုင်သေး ခြင်း၊ နအဖ စစ်အုပ်စု လွယ်လင့် တကူ မျှော်လင့် ထားသည့် အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့များ အသွင်ပြောင်းရေး ကိစ္စရပ်များ လည်း မှန်းထား သလို ဖြစ်မလာ ခြင်း … စသည့် အချက် (၂) ချက် သည် အဓိက ဖြစ်မည်ဟု လေ့လာ သူများက သုံးသပ်ပြော ဆိုနေကြ သည်။

နအဖကိုယ်တိုင်ကလည်း ထို (၂) ချက်ကို ဟန်ပြဖြစ်စေ ဖြေရှင်းနိုင်မှ ၂၀၁၀ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံအသိအမှတ်ပြုမည်ဟု ယူဆထားသည်မှာ သေချာသည်။ ထို့အတွက်ကြောင့်လည်း ထို (၂) ချက် နှင့်ပတ်သက်၍ ဖြေရှင်းရန် နအဖစစ်အုပ်စု နည်းပေါင်းစုံဖြင့် အကြံထုတ် ကြိုးစားနေသည်ကို တွေ့ရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရေး တောင်းဆိုချက်ကိုမူ နအဖစစ်အုပ်စုက လိုက်လျောလိုဟန်မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုပင် ထောင်ချောက်ဆင် ပုဒ်မတပ်ပြီး ဆက်လက်ဖမ်းဆီးထိန်းသိမ်းရန် ကြံစည်နေသည်ကို အများသိပြီးဖြစ်လေသည်။ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပချိန်အထိ တိုင် နိုင်ငံရေးအကျဉ်းသားများတွင် ပြစ်ချက်ရှိနေ၍ လွှတ်မပေးခြင်းဖြစ်သည်ဟု နိုင်ငံတကာအား အကြောင်းပြ နှစ်သိမ့်ရန် စစ်အုပ်စု အကြံထုတ်နေလေသည်။

တပြိုင်နက်တည်းတွင် ရွေးကောက်ပွဲမကျင်းပမီ တိုင်းပြည်၌ လက်နက်ကိုင်တော်လှန်သည့် အဖွဲ့အစည်းများ (နအဖအခေါ် လက်နက်ကိုင်သောင်းကျန်းသူများ) မရှိတော့ဘဲ တပေါင်းတစည်းတည်းသော တပ်မတော်နှင့် လုံးဝငြိမ်းချမ်းသည့် အခြေအနေရောက်နေပြီဟု နိုင်ငံတကာကို အထင်ရောက်စေလို၍ အပစ်အခတ်ရပ် အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး ချော့မော့သိမ်းသွင်းမှုများလည်း ဖုတ်ပူမီးတိုက် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

နအဖစစ်အုပ်စုသည် လက်နက်ကိုင်ထားဆဲ အပစ်ရပ်အဖွဲ့များဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA – ESS) မိုင်းလားအဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (KIO)၊ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ကို ရွေးကောက်ပွဲမကျင်းပမီ နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလဲဖွဲ့စည်းရေးအတွက် စည်းရုံးသိမ်းသွင်းနိုင်မည်ဟု လွယ်လင့်တကူ တွေးထင်ထားပုံပေါ်သည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် တရုတ်နယ်စပ်မှ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့များအသွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး စစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိမည်ဟု ရှမ်းပြည်နယ်တခုလုံးကို တာဝန်ယူထားသည့် ကစထမှူး
ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စက်တင်ဘာလကုန်ပိုင်းတွင် ကျိုင်းတုံအရှေ့မိုင်းလားအဖွဲ့၊ တောင်ပိုင်း UWSA ၀ တပ်ဖွဲ့အရာရှိများကို ကျိုင်းတုံမြို့၌ ခေါ်ယူပြီး တွေ့ဆုံအသိပေးခဲ့သည်။ တွေ့ဆုံရာတွင် အပစ်ရပ်တပ်ဖွဲ့များအား လက်နက်ချခိုင်းခြင်းမဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာတိုင်းလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းမည့်အကြောင်း အသိပေးပြောဆိုခဲ့သည်။

တပ်များကို ပြန်လည်ဖွဲ့စည်းသည့်အခါ နိုင်ငံတော်၏ တပ်မတော်အောက်တွင် ထားရှိမည်ဖြစ်သည့်အတွက် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ညီညွတ်သည့် အရည်အချင်း အဆင့်အတန်း ပြည့်မီသည့် တပ်ဖွဲ့များ ဖြစ်ဖို့လိုသည်။ ထို့အတွက် အပစ်ရပ်အဖွဲ့များမှ အဆင့်မမီသည့် တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးများနေရာတွင် လိုအပ်ပါက ဗမာ့တပ်မတော်မှ အရာရှိများနှင့် အစားထိုးပြီး အုပ်ချုပ်သွားမည်ဟု ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့နောက် အပစ်ရပ်အဖွဲ့များဆီသို့ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု- ဗိုလ်ချုပ်ကြီးရဲမြင့်နှင့်အဖွဲ့ လွန်းထိုးသွား လာပြီး တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ကာ ဇွန်လကုန်တွင် အပြီးအပြတ် အဖြေပေးဖို့ အသိပေးပြောကြားခဲ့သည်။

ဇွန်လ (၃) ရက်နေ့တွင် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့်အဖွဲ့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ခေါင်းဆောင်များနှင့် လားရှိုးတွင် တွေ့ဆုံရာ၌ အပစ်ရပ် SSA-N ခေါင်းဆောင်များက “အခုလောလောဆယ် လူငယ်တပ်မှူး ခပ်များများနဲ့ အောက်ခြေအဆင့်တွေက အသွင်ပြောင်းဖို့ သဘောမပေါက်သေးတော့ ကျနော်တို့ ဆက်လက် စည်းရုံးနေရတုန်း ဖြစ်တယ်။ အဆင်သင့် မဖြစ်သေးတာကြောင့် ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် ပေါ်ပေါက်လာမှသာ အဲကိစ္စ ပြန်ဆွေးနွေးစေချင်ပါတယ်” ဟု ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့်အဖွဲ့သည် ဇွန်လ (၄) ရက်နေ့မှ (၈) ရက်နေ့အထိလည်း ကိုးကန့်၊ ဝ နှင့် မိုင်းလားအဖွဲ့တို့၏ ဌာနချုပ်များရှိရာသို့ သွားရောက်စည်းရုံးခဲ့သည်။ ဇွန် (၄) ရက်နေ့တွင် လားရှိုးမှတဆင့် ကိုးကန့်ဒေသ လောက်ကိုင်သို့ ရောက်ရှိလာပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်ကြားရှင်နှင့် တွေ့ဆုံခဲ့ရာတွင် ဦးဖုန်ကြားရှင်က နောင်တက်လာမည့် အစိုးရအဖွဲ့နှင့်သာ ဆွေးနွေးလိုသည့်အကြောင်း တုံ့ပြန်ခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က မိမိတို့ အဆိုပြုထားသည့် နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို ဆောင်ရွက်မည်ဆိုလျှင် နောက်တက်လာမည့် အစိုးရအနေဖြင့် ကျေးဇူးတင်မည့်အကြောင်း ပြောဆိုရာ ကိုးကန့်အဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ကြားရှင်က “ချွေးမရဲ့အခြေအနေကို မသိဘဲ ကျနော့်သားကို သူ့အိမ် မထည့်ပေးလိုက်နိုင်ပါဘူး” ဟု ပြောဆိုခဲ့သဖြင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ကျွဲမြီးတိုသွားသည်ဟု သိရသည်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်သည် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းသို့လည်း ဇွန်လ (၆) ရက်နေ့က ရောက်ရှိခဲ့ပြီး ဝ အဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စကို ငြင်းပယ်သည့်အတွက် မိုင်းလားအဖွဲ့ဌာနချုပ်ရှိရာ မိုင်းလားမြို့သို့ ဆက်လက်သွားရောက်ခဲ့သည်။

ဇွန်လ (၉) ရက်နေ့တွင် အပစ်ရပ် မိုင်းလားဥက္ကဋ္ဌ စ၀်စိုင်းလင်း၊ ဒု-ဥက္ကဋ္ဌ စ၀်ဆန်လူ၊ စ၀်ဆန်းပေ၊ တပ်မဟာမှူး၊ ဌာနမှူးများက စရဖအကြီးအကဲ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဖြိုး၊ တြိဂံတိုင်းဂျီဝမ်း၊ မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်း၊ ကျိုင်းတုံစရဖမှူးတို့ အဖွဲ့အား အထူးဒေသ (၄) မြို့တော် မိုင်းလား၌ (၃) နာရီကြာ လက်ခံတွေ့ဆုံ ဆွေးနွေးပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အစီအစဉ်ကို (ကိုးကန့်/ပန်ဆန်းတို့ကဲ့သို့ပင်) လက်မခံနိုင်ကြောင်း ပြောကြားလိုက်သည်ဟု ဆိုသည်။

မိုင်းလားဥက္ကဋ္ဌ ဦးစိုင်းလင်းက “ကျနော်တို့ အောက်ခြေတပ်မှူးအဆင့်ဆင့်နဲ့ ပြည်သူတွေရဲ့သဘောထားကို ဇွန်လ (၂) ရက်နေ့ကနေ (၆) နေ့အထိ စစ်တမ်းကောက်ခဲ့တယ်။ (၉၅) ရာခိုင်နှုန်းက လက်မခံကြဘူး။ အားလုံးရဲ့သဘောထားက နဂို ပိုနေမြဲကျားနေမြဲအတိုင်းပဲ ဆက်လက်နေထိုင်သွားလိုတယ်” ဟု ပြောကြားခဲ့သည်။

ဇွန်လ (၇) ရက်နေ့တွင် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တချို့နှင့် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းတို့ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံရာတွင် မွန်ပြည်သစ် ပါတီဥက္ကဋ္ဌ နိုင်ထော်မွန်၊ မော်လမြိုင်မြို့တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်တလညီ၊ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်ထာဝရ၊ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့နှင့် ဗိုလ်ချုပ် နိုင်ဇေယျတို့က ပါဝင်သည်။ မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်တဦးက တွေ့ဆုံဆွေးနွေးမှုအနေဖြင့် ထူးခြားမှုမရှိကြောင်း၊ လျှို့ဝှက်ကိစ္စဖြစ်သည့်အတွက် အသေးစိတ်ကို ထုတ်ဖော်ပြေကြား လိုခြင်းမရှိကြောင်း ပြောဆိုသည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထော်မွန်၊ ဒု-ဥက္ကဋ္ဌ နိုင်ရဿနှင့် နိုင်တလညီတို့သည် မတ်လဆန်းပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ နအဖအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ ဧပြီလအတွင်းက မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံရန် ချိန်းဆိုထားသည့် အစီအစဉ်ကိုမူ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ဖျက်သိမ်းခဲ့သည်ဟု မွန်ပြည်သစ်ပါတီ အသိုင်းအဝိုင်းက ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခေါင်းဆောင်များကလည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ဇွန်လ (၁၀) ရက်နေ့တွင် ပြောကြားလိုက်သည်။ KIO ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်သည့်အချိန်မှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း တာဝန်ယူနိုင်မည် ဖြစ်ကြောင်း၊ လူထု၏ သဘောထား၊ ကချင်တပ်ဖွဲ့ဝင်များ၏သဘောထားများကို တောင်းခံရန် လိုအပ်ကြောင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက ပြောသည်။

နယ်ခြားစောင့်တပ်အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ (၂၈) ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းက ကေအိုင်အို ခေါင်းဆောင်များကို ပထမအကြိမ် အသိပေးပြောကြားခဲ့သည်။ မေလ (၂၁) ရက် နေ့ကလည်း စစ်အစိုးရ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကေအိုင်အို ခေါင်းဆောင်များကို နယ်ခြားစောင့်တပ်အရေး ဒုတိယအကြိမ် ကမ်းလှမ်းခဲ့သည်။

ကေအိုင်အိုက နယ်ခြားစောင့်တပ်ကိစ္စအတွက် လိုအပ်ပါက စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် မေလ (၃၀) ရက်နေ့မှ စတင်ပြီး အဖွဲ့ဝင် (၇) ဦးပါ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် ကေအိုင်အို၏ ဒု-ဥက္ကဋ္ဌ ဂေါင်ရီဇော်ဆိုင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော်၊ ဗိုလ်ကြီး လဖိုင်လ၊ ဗိုလ်ကြီး ဂေါလိုး လအောင်၊ ဆရာ ကွမ်းထပ် ထိန်နန်နော်နှင့် ဗိုလ်ကြီး ဂျီနောင်နီတို့ ပါဝင်သည်။

KIO ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဂျိမ်းစ်လွမ်ဒေါင်က “နိုင်ငံတခုမှာ စစ်တပ်တွေ အများကြီး မရှိသင့်ဘူး ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိသေးဘူးဆိုတော့ လက်နက်ကိုင်အဖွဲ့က တခုမက ရှိနေမှာပါ” ဟု ပြောသည်။ ဂျိမ်းစ်လွမ်ဒေါင်က ရှင်းပြသည်။ မကြာမီကာလအတွင်း စစ်အစိုးရ ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံမည်ဟု ဆိုသည်။ တွေ့ဆုံရာတွင်လည်း KIO အဖွဲ့၏ သဘောထား ပြောင်းလဲရန်ရှိမည်မဟုတ်ပေ။

ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) အဖွဲ့ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းနှင့် လာမည့် ဇွန်လ (၂၄) ရက်နှင့် (၂၅) ရက်နေ့များတွင် ပန်ဝါဒေသ၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး ဦးဆခုန်တိမ့်ယိန်းနှင့် အဖွဲ့တက်ရောက်မည်ဟု သိရသည်။

NDAK အဖွဲ့အနေဖြင့် သူတို့ထိန်းချုပ်ထားသည့် ဒေသမှ ကချင်ပြည်သူများအတွက် လုပ်လက်စ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ မြန်မာစစ်အုပ်စုလက်အောက် ပြန်ရောက်သွားမည်ကို စိုးရိမ်သည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့ကို လောလောဆယ် မှာ နယ်ခြားစောင့်တပ်ဖွဲ့အသွင် ပြောင်းလိုသည့် ဆန္ဒမရှိကြောင်း၊ သို့သော်လည်း မြန်မာစစ်အစိုးရနှင့် အလိုက်သင့် ဆက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း NDAK ဗဟိုကော်မတီဝင်တဦးက ပြောဆိုသည်။

နအဖသည် အပစ်ရပ်အဖွဲ့မဟုတ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုမူ ထိုင်းအစိုးရမှတဆင့် ဖိအားပေးခိုင်း ခဲ့သည်။ ထိုင်းအစိုးရမှ ခေါ်ယူတွေ့ဆုံဆွေးနွေးသည့် KNU အဖွဲ့ကမူ နအဖနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ထိုင်းနိုင်ငံ (သို့) အခြားတတိယနိုင်ငံ တနိုင်ငံကို အဆိုပြုခဲ့ပြီး နအဖထံ လက်နက်မချရခြင်းအကြောင်းကို ထိုင်းအစိုးရသို့ အကျေအလည် ဆွေးနွေးတင်ပြခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် KNU နှင့် ပြေလည်ရေး နအဖမှန်းထားသလို ဖြစ်မလာသည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ၂၀၁၀ မတိုင်မီ အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်အစိုးရက တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို စေခိုင်းထားသည်ဟု သိရသည်။ ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ကေအန်ယူ လက်အောက်ခံ တပ်မဟာ (၇) ကို လက်နက်ကြီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းသည် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့၏ ညွှန်ကြားချက်ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

ဇွန်လ (၂) ရက်မှစ၍ (၁၀) ရက်နေ့အထိ KNU တပ်မဟာ (၇) ဌာနချုပ်ကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီကေဘီအေဘက်မှ အယောက် (၂၀) ကျော် ကျဆုံးပြီး (၄၀) ခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒီအေဘီအေက အတည်ပြုပြောကြားကာ KNU ဘက်မှ (၃) ဦး ဒဏ်ရာရရှိသည်ဟု KNU တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။ ထို့အပြင် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကရင်ကျေးရွာသား (၄,၀၀၀) ခန့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ထွက်ပြေးခိုလှုံနေကြရသည်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) သည်လည်း ၂၀၀၈ နိုဝင်ဘာမှ ဇွန်လဆန်းပိုင်းအထိ နအဖစစ်တပ်နှင့် တိုက်ပွဲကြီးငယ် (၃၅) ကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်မှ (၃၁) ယောက်ကျဆုံးပြီး လက်နက်အမြောက်အမြား သိမ်းဆည်း ရမိကြောင်း၊ SSA ဘက်မှ (၂) ယောက်နှင့် လက်နက် (၁) လက် ဆုံးရှုံးကြောင်း ထုတ်ပြန်ကြေညာသည်။

ဇွန်လ (၂) ရက်မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် SSA-S ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်မဟာမှူးများ စစ်ဒေသတပ်မှူး များ၊ စစ်ကြောင်းမှူးများ၊ လုံခြုံရေး အုပ်ချုပ်ရေး စည်းရုံးရေးပိုင်းအရာရှိများ၏ ၂၀၀၉ ပထမ ခြောက်လပတ် အစည်းအဝေး ကြေညာချက်တွင် ပါဝင်သည့် …

(၁) ရှမ်းပြည်အတွင်း အပစ်ရပ်အဖွဲ့များအားလုံးနှင့် အပြန်အလှန် နားလည်ပံ့ပိုးစည်းလုံးမှု တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး။

(၂) အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်ဖွဲ့စည်းထားသော (၆) ပြည်ထောင် စစ်ရေးမဟာမိတ် (Military Alliance) အတွင်း ယခင်ကထက် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာသတင်း အချက်အလက်များ ပိုမိုဖလှယ်ရေး။

(၃) စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် မျက်ခြေမပြတ် စောင့်ကြည့်ရေး။

(၄) စစ်အစိုးရအား ဘုံရန်သူအဖြစ် သတ်မှတ်ကြသည့် ရှမ်းပြည်တွင်း/ပြည်ပနိုင်ငံရေး၊ စစ်ရေးအဖွဲ့အစည်းများနှင့် စစ်ရေးမဟာမိတ် နိုင်ငံရေးမဟာမိတ်ဖြစ်လာနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရေး။

(၅) တရုတ်၊ ထိုင်း၊ လောနိုင်ငံ အစိုးရများ ရှမ်းပြည်တွင်းရေးကိစ္စ ပိုမိုသိရှိနားလည် ရင်းနှီးကျွမ်းဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရေး … စသည့် အချက်များကိုကြည့်လျှင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) အနေဖြင့် နအဖစစ်အုပ်စုအား အညံ့ခံမည့်အနေအထား လုံးဝမတွေ့ရပေ။

နအဖစစ်အုပ်စုက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အစီအစဉ်ကို လက်ခံမခံ ဇွန်လကုန်တွင် အပြီးအပြတ် အဖြေပေးရန် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များကို တောင်းဆိုခဲ့ရာ ၂၀၀၉ နှစ်ဝက်ကျိုးခါးနီး ယခုအချိန်အထိ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (DKBA) တဖွဲ့တည်းသာလျှင် လက်ခံသေးသည်ကို ကြည့်လျှင် အပစ်ရပ်အဖွဲ့များသည် နအဖတွေးထင်ထားသလို သူငယ်နှပ်စားများ မဟုတ်ကြောင်း တွေ့ရပေသည်။

ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်အနေဖြင့် အပစ်ရပ်ခေါင်းဆောင်များကို ကျောသပ်လှည့်ဖြားလိုက်လျှင် စစ်အုပ်စုဖြစ်ချင်သည့် နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေး အကောင်အထည်ပေါ်လာမည်ဟု ထင်ထားပုံရသည်။ ယခုအချိန်ထိ အပစ်ရပ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ‘NO’ ဟူ၍သာ အလိမ္မာသုံးပြီး ဆက်တိုက်ငြင်းပယ်နေကြသည့်အတွက် လှည့်ဖျားသိမ်းသွင်းလိုသည့် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်သာ ချာလပတ်လည်ပြီး နေပြည်တော်ပြန်သွားရသည်ကို တွေ့နေရပေသည်။

ဤအခြေအနေတွင် နအဖအနေဖြင့် သူတို့သတ်မှတ်ပေးထားသည့် နောက်ဆုံးသတ်မှတ်ရက် ကုန်ဆုံးသည်အထိ အပစ်ရပ်အဖွဲ့များက ခေါင်းမညိတ်ပါက စစ်ရေးအရ အပြီးတိုင်ချေမှုန်းမည်လား ဆိုသည်ကို စောင့်ကြည့်ရပေတော့မည်။ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်လေ့လာသူ ဦးအောင်ကျော်ဇောကတော့ “၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အကျပ်အတည်းဖြစ်နေတဲ့ အန်အယ်လ်ဒီနဲ့ လူမျိုးစုကိစ္စ၊ အပစ်ခတ်ရပ်ကိစ္စကို လွယ်လွယ်ကူကူ လုပ်လို့ရမယ်လို့ သူတို့တွက်တာ။ အခုက နိုင်ငံတကာ ဖိအားတွေက တိုးလာ၊ ပြည်တွင်းကလည်း အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေဖြစ်တော့ စစ်ရေးအရ ဖိအားပေးတာတို့ဆိုတာ မဖြစ်လာနိုင်ပါဘူး” ဟု ဆိုသည်။

နအဖစစ်အုပ်စုအနေဖြင့် အပစ်ရပ်အဖွဲ့များအား စစ်ရေးအရလည်း အပြီးအပြတ် မချေမှုန်းနိုင်၊ သူတို့၏ နယ်ခြားစောင့် တပ် အသွင် ပြောင်း ရေး အစီအစဉ်ကိုလည်း လက်ခံလာအောင် မစွမ်းဆောင်နိုင်ဘဲ ဤအခြေအနေအတိုင်း လိပ်ခဲတင်းလင်း ဆက်ဖြစ်နေပါက နအ ဖဖြစ်လိုလှသည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တခုတည်းသော တပ်မတော် ဖြစ်ရေး ရည်မှန်းချက်မှာ အကောင်အထည် ပေါ် လာမည် မဟုတ်ပေ။ ထိုသို့ အကောင်အထည် ပေါ်မလာပါက ရွေးကောက်ပွဲဥပဒေထုတ်ပြန်ရေး၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့် ပေးရေး ဆို သည်များလည်း အလှမ်းဝေးနေဦး မည်ဟု ယူဆရပေသည်။



No comments: