Sunday, June 21, 2009

ရယက စာရေးမတချို့ မယက ဥက္ကဌများထံတွင် မယားငယ်နေမှုကြောင့် မောင်တောမြို့ ဂုဏ်သိက္ခာကို ထိခိုက်နေသည်ဟု မြို့လူကြီး တဦးကပြော

Narinjara News 6/21/2009

မောင်တော တွင် တာဝန် ကျသူ ဗမာ အမျိုးသား မယက ဥက္ကဌများ ထံတွင် ရခိုင် အမျိုး သမီး ရယက စာရေးမ များ မယား ငယ်နေ မှုကြောင့် မြို့ဂုဏ် သိက္ခာကို ထိခိုက် နေသည်ဟု မောင်တောမြို့က လူကြီး တဦးက ပြောသည်။

“ဗမာတွေကို ယူမယ်ဆိုရင်လည်း လူလွတ်တွေ လူပျိုတွေကို ယူကြပါဗျာ။ ခုတော့ဗျာ မိန်းမရှိတယ်ဆိုတာကို သိရက်နဲ့ သူတပါး လင်ကို ဖျက်ပီးယူနေကြတော့ ရခိုင်လူမျိုး ဆိုတဲ့ ဂုဏ်သိက္ခာကို မပြောပါနဲ့တော့။ မြို့ရဲ့ ဂုဏ်သိက္ခာကပါ အဖတ်ဆယ် မရအောင် ကျဆင်း နေပါတယ်။ ”

ယခင်နှစ်က အိမ်ထောင်ရှိသူ မောင်တော မယက ဥက္ကဌ ဦးမြင့်မောင်မှာ ရယက စာရေးမ တဦးနှင့် ဖေါက်ပြန်မှုကြောင့် မောင်တောမြို့တွင် ဟိုလေး တကျော် ဖြစ်သွားခဲ့ပြီး ဥက္ကဌနှင့် စာရေးမကို သက်ဆိုင်ရာမှ အလုပ်က ထုတ်ပယ် ပစ်ခဲ့သည်။

သူက “မယက ဥက္ကဌ ဦးမြင့်မောင်မှာ ဒေါ်နှင်းလဲ့စိုးဆိုတဲ့ မိန်းမရှိတယ်။ ဒေါ်နှင်းလဲ့စိုးက ဘူးသီးတောင်မြို့နယ် ဒု- တရားသူကြီး ဖြစ်တယ်။ ဒါကိုသိရဲ့နဲ့ ဖြူမဦးဆိုတဲ့ စာရေးမက မယားငယ်နေတယ်။ မြို့သူ မြို့သားတွေ သိသွားတော့ တိုင်တာ တန်းတာတွေ ဖြစ်သွားတာနဲ့ မယက ဥက္ကဌ ဦးမြင့်မောင် အလုပ်က ပြုတ်သွားတယ်။ နောက်ပိုင်း ဦးမြင့်မောင်က ဒေါ်နှင်းလဲ့စိုးကို ကွာရှင်းပြီး ဖြူမဦးကို ယူသွားတယ်။ ဦးမြင့်မောင် ပြုတ်တော့ နောက် မယက ဥက္ကဌ တဦးဖြစ်တဲ့ ခင်မောင်ထွန်း တာဝန်ကျလာတယ်။ သူ့မှာလည်း ဇနီး စန္ဒာအောင် ဆိုတာ ရှိတယ်။ သူကလည်း အခု သူမိန်းမ စန္ဒာအောင်ကို ကွာရှင်းပြီးနောက် ရယက စာရေးမ တဦးကို ယူဖို့ လုပ်နေတယ်။ ”

ဦးခင်မောင်ထွန်းမှာလည်း အဆိုပါ ကိစ္စကြောင့် မောင်တောတွင် မယက ဥက္ကဌ အဖြစ် ၇ လတာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်မှ အနားပေးခံလိုက်ရကာ ယခင် ဇနီးဖြစ်သူ ဒေါ်စန္ဒာအောင်ကို ကွာရှင်းပြီး မောင်တောမြို့ အမှတ် (၁) ရပ်ကွက်မှ ဦးဝင်းမောင်၏ သမီး ရယက စာရေးမ စန္ဒာခိုင်ကို ယူရန် စီစဉ် နေသည်ဟု သိရသည်။

“ဦးခင်မောင်ထွန်းက နေပြည်တော်သို့ သွားရောက်ပြီး အရင်မိန်းမကို ကွာရှင်းတယ်။ သူတို့မှာ ခလေးနှစ်ယောက် ရှိတယ်။ အခု သူက ရယက စာရေးမ စန္ဒာခိုင်ကို ယူဖို့ လာနေတယ်။ သူနဲ့ မင်္ဂလာဆောင်ဖို့အတွက် အစီအစဉ်တွေ လုပ်နေတာကို တွေ့နေရပါတယ်။ မြို့သူ မြို့သားတွေကတော့ တော်တော့ကို အော့နှလုံး နာနေကြပါတယ် ” ဟု သူက ပြောသည်။

မယက ဥက္ကဌ ဦးမြင့်မောင်ထက် အရင် ဗိုလ်ကြီး နီအောင်ဆိုသော မယက ဥက္ကဌ တဦးသည်လည်း မောင်တောတွင် တာဝန်ကျဖူးခဲ့ပြီး အဆိုပါ ဥက္ကဌသည်လည်း ရုံးစာရေးမ တချို့ အပါအ၀င် အနည်းဆုံး အမျိုးသမီး ၄ ဦးနှင့် ဖေါက်ပြန်မူများ ဖြစ်ခဲ့သည်ဟု သိရသည်။

ခင်မောင်ထွန်း ပြီးနောက် ယခု လက်ရှိ တာဝန်ကျနေသော မောင်တော မယက ဥက္ကဌ မှာ ဦးတင်အုံး ဖြစ်ပြီး ယခင် မယက ဥက္ကဌများကဲ့သို့ အဖြစ်ဆိုးများနှင့် ကြုံရမည်ကို စိုးရိမ်သောကြောင့် ဇနီးဖြစ်သူက ဖိအားပေးသည့် အတွက် လင်ဖြစ်သူ ဦးတင်အုံးမှာ အလုပ်မှ နုတ်ထွက်စာ တင်ထားသည်ဟု ခိုင်လုံသော သတင်းအရ သိရှိရသည်။

ယခု မယက ဥက္ကဌများနှင့် ငြိစွန်းသွားကြသည့် အမျိုးသမီးများမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပြီး အာဏာနှင့် ငွေအရှိန်အ၀ါများကို ပြ၍ မယက ဥက္ကဌများ၏ စည်းရုံး သိမ်းသွင်းမှုကို ခံကြရသူများ ဖြစ်သည်ဟု မောင်တောမှ ကျောင်းဆရာ တဦးက ထောက်ပြ ပြောဆိုသည်။


No comments: