Sunday, June 21, 2009

မျှော်လင့်ချက်မဲ့နေတဲ့ လူထုရဲ့ ကြိမ်မီးအုံးဒေါသ

အေးချမ်းမြေ့

ပြည်သူ လူထုသည် စစ် အာဏာရှင် ၏ လုပ်ရပ်ကို ရွံရှာ မုန်းတီး ကြောက်ရွံ့ ကြသည်၊ ဒေါ်အောင်ဆန်း စုကြည်ကို ချစ်၍ သနား သည် .. သို့သော် သူတို့၏ တ နေ့စာ ဝမ်းရေးက ထိုကိစ္စ များထက် ပိုအရေးကြီး နေသော ကြောင့်သာ ရဲရဲဝံ့ဝံ့ ရင်မဆိုင် နိုင်ကြခြင်း ဖြစ်သည် ..။

မကြာတော့မည့် အချိန်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချဖို့ သေချာနေပြီ။ ထို သို့ အမိန့်ချရန်အတွက် အမှုကို မတရားဆင်ကာ စွဲချက်တင်ခြင်းဖြစ်ကြောင်း လူ တိုင်း နားလည်သည်။ သူတို့ချစ်ခင်သော ဒေါ်အောင် ဆန်း စုကြည်အတွက် ကြိတ်မနိုင်ခဲမရ ဖြစ်နေကြ သော် လည်း လူထုက ငြိမ်သက်လွန်းသည်။

ရန်ကုန်လူထု ၆ သန်းကျော်ရှိသည့်အနက် ဒေါ်အောင်ဆန်းစုကြည် တရား ရင်ဆိုင်နေရသည့် အင်းစိန်ထောင် ရှေ့တွင် သွားရောက် စုရုံး သည့် လူအရေအတွက်မှာ ၂၀၀ ကျော် ၃၀၀ ခန့်သာ ရှိသည်။ ထိုအထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်က ၁၀၀ ကျော် ပါဝင်နေသည်။

ထိုသို့ ငြိမ်သက်နေရခြင်း အကြောင်းရင်း များရှိပါသည် ..။

ထို အကြောင်းရင်းများကို သုံးသပ်ကြည့်မည် ဆိုပါလျှင် .. ပထမအချက်က သူတို့၏ သမုဒ္ဒရာဝမ်းတထွာအတွက် နေ့စဉ် လုံးပန်းနေရခြင်းကြောင့်ဟု တွေ့ရမည် ဖြစ်သည်။ အများစုက တနေ့ အလုပ်လုပ်မှ နေ့တဝက်စာလောက် သာ စားစရာရသည့် အနေအထား ဖြစ်နေသည်။ နောက်တချက်ကတော့ စစ်အစိုးရ၏ မတရားဖိနှိပ်မှု၊ ဖမ်းဆီး အရေးယူမှု၊ ရိုက်နှက်နှိမ်နင်းမှုများကို မျက်မြင်ကြုံတွေ့ခဲ့ရသောကြောင့် အကြောက်တရား ကြီးမားနေရခြင်း ဖြစ်သည်။

“လူထုက စိတ်အရမ်းဆိုးနေတယ်။ ဒါပေမယ့် သူတို့မှာ တနေ့စာတနေ့ စားဖို့က ပိုအရေးကြီးနေတယ်” ဟု NLD ခေါင်းဆောင် သတင်းစာဆရာကြီး ဦးဝင်တင်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို စတင်စစ်ဆေး သည့်နေ့က လမ်းများပိတ်ထားသောကြောင့် ဈေးသည်များ ဒုက္ခရောက်ကြရသည်။

ယနေ့ မေလ ၂၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ၁၉ နှစ်ပြည့် အခမ်းအနား ကျင်းပနေစဉ် ရုံးထဲတွင် လူ ၃၀၀ ခန့်ရှိနေသည်ဟု သိရသည်။ ရုံး၏ အပြင်ဘက် ဝန်းကျင်တွင်လည်း စွမ်းအားရှင် ၃၀၀ လောက်စောင့်ကြည့်နေသည်ဟု ရန်ကုန်မြို့ခံ တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရချိန် .. အင်းစိန်ထောင်ပတ်ဝန်းကျင်တွင်လည်း စွမ်းအားရှင်များကို ငှားရမ်းကာ ချထားသည်ဟု သတင်းများအရ သိရသည်။

စွမ်းအားရှင် အရေအတွက်က လာရောက်အားပေးသည့် NLD အဖွဲ့ဝင်အရေအတွက်နှင့် ပြည်သူလူထု အရေအတွက်ထက် များသည်ဟုလည်း ကြားရသည်။ ထို့ပြင် စွမ်းအားရှင်များက NLD အဖွဲ့ဝင်များနှင့် ပြည်သူ လူထုကို စကားဖြင့် နှောင့်ယှက်ချင်းများရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသည့် ကျောက်မြောင်းသား တဦးက ပြောပြသည်။

“ကုလားမယားရဲ့ အမှုကိုများကွာ လာပြီးကြည့်နေရသေးတယ် ဆိုပြီး ရန်စသလို ပြောနေတာ” ဟု သူက ဆိုသည်။

ကုမ္ပဏီရုံးခန်းများ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များတွင် ထိုကိစ္စကို အချင်းချင်း ပြောဆိုမှုများရှိပြီး တက္ကစီဒရိုင်ဘာများကလည်း ထိုကိစ္စကိုပင် သူတို့သိသလောက် ပြောဆိုနေကြကြောင်း ကြားသိရသည်။ ထို့ပြင် ဂျီတော့ခ် ချက်တင်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ထူးခြားမှု၊ နောက်ဆုံး သတင်းများကို အချင်းချင်း မေးမြန်းပြောဆိုမှုများ ရှိသည်၊ ပြည်ပအခြေစိုက် ရေဒီယိုများမှ သတင်းများကိုလည်း နားထောင်ကြ သည်ဟု ရန်ကုန်မြို့မှ လူလတ်ပိုင်းအရွယ် အင်ဂျင်နီယာတဦးက ဆိုသည်။

ပြည်သူလူထု ဘက်က လှုပ်ရှားမှုကို ထောင့်စေ့အောင် ပိတ်ထားသည့် စစ်အစိုးရ၏ ရက်စက်မှုကို လူတိုင်းက သိသည်။ ရန်ကုန်မြို့နေ နာမည်ထင်ရှားသည့် စာရေးဆရာ တဦးကလည်း ပြည်သူလူထုအနေနှင့် ဒေါ်အောင် ဆန်းစုကြည် မတရား အမှုရင်ဆိုင်နေရခြင်းကို အချင်းချင်း မကျေမချမ်း ပြောဆိုကြကြောင်း ပြန်ပြောပြသည်။

“လူတွေက စစ်အစိုးရကို အရင်ထက်ပိုမုန်းလာတယ်၊ ပိုပြီး ဒေါသထွက်တယ်၊ ပြီးတော့ အရင်ထက်လည်း ပိုကြောက်လာကြတယ်။ နောက်တခုက စားဝတ်နေရေးပဲ။ လူတွေက ဒီကိစ္စကို အရမ်း စိတ်ဝင်စားပေမယ့် တနေ့စာတနေ့ စားဖို့ ရှာရတာက ပိုအရေးကြီးနေတယ်” ဟု ထို စာရေးဆရာက ပြောသည်။

သို့သော် အကြောက်တရားကတော့ ကြီးမား လွှမ်းမိုးနေဆဲဖြစ်သည်။

လူထုငြိမ်သက်နေရခြင်း၏ နောက်ထပ်အကြောင်းရင်း တခုကတော့ ခေါင်းဆောင် ကင်းမဲ့နေခြင်းပဲ ဖြစ်သည်။ စစ်အာဏာရှင်များက ပြည်သူလူထုကို ခေါင်းဆောင်နိုင်မည့်သူ မှန်သမျှ ဖမ်းဆီးကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားသည်။

တက်ကြွလှုပ်ရှားသည့် လူလတ်ပိုင်းအရွယ် ခေါင်းဆောင်နိုင်မည့်သူ မှန်သမျှ ထောင်ထဲတွင် ရောက်နေကြ သည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ အနုပညာသည်များ ကို ဦးဆောင်ဦးရွက်ပြုနိုင်သည့် လူရွှင်တော် ကိုဇာဂနာ ကဲ့သို့ ခေါင်းဆောင်များ၊ သံဃာတော်များထဲမှ ငယ်ရွယ် တက်ကြွသည့် အရှင်ဂမ္ဘီရ လို ခေါင်းဆောင်များ၊ လူ့အခွင့်အရေးအတွက် လှုပ်ရှားသည့် မစုစုနွေးနှင့် မနီလာသိန်း ကဲ့သို့သော အမျိုး သမီးခေါင်းဆောင်များ၊ လူငယ်ထုကို က စံပြုလောက်သည့် ထက်မြက်သော ကိုဇေယျာသော်၊ ကိုနေဘုန်းလတ် တို့လို ခေါင်းဆောင်များ တယောက်မကျန် ထောင်ထဲသွင်းထားလိုက်ပြီ။

နောက်ထပ် လူထု၏ ရှေ့တွင် ဦးဆောင်ဦးရွက်ပြုနိုင်သည့် ခေါင်းဆောင် တဦးဦး ပေါ်ထွက်လာလျှင်လည်း ချက်ချင်း ထောင်ထဲဖမ်းသွင်းလိုက်ဦးမည်မှာ ယုံမှားသံသယ ရှိစရာမလိုပေ။

NLD ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်ကလည်း ပြည်သူလူထုကို ခေါင်းဆောင်မည့်သူ မရှိဟု ပြောခဲ့သည်။

၂၀၀၇ သံဃာတော်များ အရေးတော်ပုံကာလ၊ သံဃာတော်များက ရှေ့မှ ဦးဆောင်ကာ လမ်းလျှောက်ခဲ့ ပြီးသည့် နောက် လူထုက တဖြည်းဖြည်း လိုက်ပါလာခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးပြီ။ ထိုစဉ်ကတည်းက သံဃာတော်များ ကိုပင် မချန်ဘဲ ရိုက်နှက် ဖြိုခွင်းသည့် စစ်အစိုးရ၏ ရက်စက်မှုကို ပြည်သူလူထုက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ သည်။

ရန်ကုန်မြို့မှ သတင်းစာဆရာကြီး လူထုစိန်ဝင်းက ပြည်သူလူထုသည် ကိုလိုနီခေတ်ကတည်းက ယခုအချိန်ထိ ခေတ်အဆက်ဆက် တာဝန်ကြေခဲ့ပြီး သတ္တိလည်း ရှိခဲ့သည်ဟု သုံးသပ်သည်။

“ပြည်သူလူထုကိုတော့ အပြစ်ပြောလို့မရဘူး။ ခေါင်းဆောင်မယ့် ပါတီက အင်အားချိနဲ့နေတယ်၊ ခုချိန်မှာ NLD အနေနဲ့ စစ်တပ်ကို ပြိုင်ဘက်အနေနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။

တချို့သော ရန်ကုန်မြို့ခံများက စစ်အစိုးရအပေါ် အမေရိကန်နှင့် နိုင်ငံတကာ၏ အရေးယူမှုကို မျှော်လင့်နေ ကြသည်။ ၂၀၀၇ သံဃာတော် အရေးတော်ပုံကာလ၊ ၂၀၀၈ မေလ နာဂစ်မုန်တိုင်း ဝင်ခဲ့စဉ် ကာလများက မျှော်လင့်ခဲ့သလို မဖြစ်ခဲ့သော်လည်း ယခုတကြိမ်တွင် ထပ်မံမျှော်လင့် နေကြသေးသည်။

နိုင်ငံတကာက စစ်အစိုးရကို ယခုတကြိမ်တွင် ဖိအားပိုပေးသည်။ အမေရိကန်နှင့် ဥရောပကော်မရှင်တို့က စီးပွားရေးပိတ်ဆို့မှု ထပ်မံတိုးမြှင့်သည်၊ တရုတ်နှင့် အိန္ဒိယမှလွဲ၍ အိမ်နီးချင်းနိုင်ငံတို့၏ ကြေညာချက်များသည် လည်း ယခင်ကာလများကထက် အားရဖွယ်ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံ အရေးကို စိုးရိမ်ဖွယ်တရပ်ဟု ယူဆကာ ကြေညာချက် ထုတ်ပြန်သည်။

အမေရိကန် သမ္မတ မစ္စတာ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးအတွက် ယမန်နေ့က ထပ်မံ တောင်းဆိုလိုက်သည်။

အာဆီယံ အလှည့်ကျဥက္ကဌဖြစ်သော ထိုင်းနိုင်ငံ၏ ကြေညာချက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ပါရှိသည်။ ထိုသို့သော အာဆီယံ၏ ကြေညာချက်ကို စစ်အစိုးရက အလေးအနက် ကန့်ကွက်စာ ထုတ်ခဲ့သည်။

သို့သော် ..။

ရလဒ်အနေနှင့်မူ နိုင်ငံတကာကို အားကိုး၍ မရနိုင်ကြောင်း မြန်မာ့နိုင်ငံရေးကို လေ့လာသူတိုင်း ရိပ်စား မိသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်မှ မြန်မာနိုင်ငံကို ထုတ်ပယ်လိုက်ရန်၊ စစ်အစိုးရကို နိုင်ငံတကာ စစ်ခုံရုံးတင် စစ်ဆေး အပြစ်ပေးရန် ဆိုသည်တို့မှာ စိတ်ကူးယဉ်မျှော်လင့်ချက်သာ ဖြစ်သည်ဟု လေ့လာသူများက ဆင်ခြင် သုံးသပ်ကြ သည်။

“ဒေါ်အောင်ဆန်းစုကြည် ထောင်ကျတော့မယ် ဆိုတာသိတော့ လူတွေ မျှော်လင့်ချက် လုံးဝမဲ့သွားကြတယ်” ဟု ရန်ကုန်အခြေစိုက် စာရေးဆရာက ပြောသည်။ ။

No comments: