Monday, June 29, 2009

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် လက်နက်ကြီးကျည်ဆံများ ကျရောက်ပေါက်ကွဲ

ကွန်းဟဒေ့

ယနေ့ ည ၈နာရီ မိနစ် ၂၀ ခန့်တွင် ထိုင်း မြန်မာ နယ်စပ် ဘုရားသုံး ဆူမြို့ အတွင်းတွင် လက်နက်ကြီး ကျည်ဆံ နှစ်လုံး ကျရောက် ပေါက်ကွဲ ခဲ့သည်ဟု သိရ သည်။

ဘုရားသုံးဆူမြို့အတွင်းသို့ လက်နက်ကြီး ကျည်ဆံသုံးလုံး ကျရောက်ခဲ့ရာ နအဖ စစ်တပ် ခလရ အမှတ် ၃၂ တပ်ရင်းရှေ့တွင် တစ်လုံးနှင့် သတင်းစုဆောင်းရေးတပ်ဖွဲ့ ရုံးကွင်းထဲတွင် တစ်လုံးပေါက်ကွဲကာ စုစုပေါင်း ကျည်ဆံနှစ်လုံး ပေါက်ကွဲခဲ့သည်။ နအဖစစ်ကြောင်း ၂ မှ လုံခြုံရေးချထားရာ တိုင်တစ်ရာ ဘုန်းကြီးကျောင်းအနားတွင် ကျရောက်သွားသော ကျည်ဆံတစ်လုံးမှာ မပေါက်ကွဲခဲ့ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျည်ဆံနှစ်လုံးပေါက်ကွဲမှုကြောင့် မြို့ခံများနှင့် နအဖစစ်သားများ တစ်စုံတစ်ရာ ထိခိုက်မရှိဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

“သုံးလုံး ပစ်သွင်းလာတယ်ပဲလို့ကြားတယ်၊ တစ်လုံးက (Sb) ရုံးကွင်းထဲမှာ ပေါက်တယ်၊ လူတော့တစ်ယောက်မှ မထိဘူး၊ ကျည်ဆံအစအနကြောင့် မှန်တွေပဲ နည်းနည်းကွဲသွားတယ်၊ တပ်ကုန်းရှေ့မှာ ပေါက်တဲ့တစ်လုံးလည်း လူတစ်ယောက်မှ မထိဘူးလို့ ပြောနေကြတယ်၊ ပြီးတော့ စစ်ကြောင်း ၂ လုံခြုံရေးယူထားတဲ့ တိုင်တစ်ရာဘုန်းကြီးကျောင်းနားမှာ ကျတဲ့တစ်လုံးကတော့ မပေါက်ဘူးလို့ ကြားရတာပဲ၊ အတိအကျတော့ မပြောတတ်သေးဘူး၊ မနက်ဖြန်ကျမှ အခြေအနေအားလုံးကို သိနိုင်မယ်” ဟု ၄င်းက ပြောသည်။ မည်သည့် လက်နက်ကြီး ကျည်ဆံအမျိုးအစားဖြစ်သည်ကိုလည်း မသိရသေးဟု ၄င်းက ဆက်ပြောသည်။

ထိုသို့ လက်နက်ကြီးကျည်ဆံနှစ်လုံးပေါက်ကွဲမှုကြောင့် နအဖစစ်သားများနှင့် ရဲများက အရေးပေါ်လုံခြုံရေး ကင်းများချထားပြီး မည်သည့်အဖွဲ့မှ ပစ်လိုက်သည်ကိုလည်း နအဖတာဝန်ရှိသူများက လိုက်လံစုံစမ်း နေဆဲပင် ဖြစ်သည်ဟု ၄င်းတို့၏ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

No comments: