Thursday, June 25, 2009

စစ်ဝါဒီကြောင့်အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

ညီညီချမ်း

နိုင်ငံ တနိုင်ငံတွင် နိုင်ငံသား အခွင့်အရေး ဆုံးရှုံး လာလျှင် ထိုနိုင်ငံ အတွင်း မှီတင်း နေထိုင်ကြသော ပြည်သူ များမှာ စားဝတ်ေ နရေး အ ကြပ်အတည်း၊ လူမှုရေး အခက် အခဲများနှင့် ကြုံရ လေ့ရှိသည်။ မြန်မာ နိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီး နောက် ယနေ့ အထိ ပြည်သူ လူထုမှာ စားဝတ် နေရေး၊ လူမှုရေး အခက် အခဲများနှင့် ရင်ဆိုင် နေရသည်မှာ လူတိုင်း အသိပင် ဖြစ်သည်။ ထိုနည်း တူ စွာပြည်တွင်း စစ်နှင့် တိုင်းရင်းသား လူမျိုးများ ၏ နိုင်ငံရေး ပြဿနာ သည်လည်း ဖြေရှင်း၍ မရသေး သည့် အခြေ အနေတွင် ရှိနေသည်။


ယခုကဲ့သို့ အခြေအနေ ဆိုးများနှင့် ရင်ဆိုင်နေရသည့် အဓိက အကြောင်းအရင်းမှာ အောက်ပါအတိုင်း လေ့လာတွေ့ရှိရ သည်။

မြန်မာနိုင်ငံသည် ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်အရ ပြည်တွင်း နိုင်ငံရေး ကိစ္စရပ်များကို ဖြေရှင်းနိုင်သည့် အလားအလာ ကောင်းများရှိခဲ့သော်လည်း အစိုးရအဆက်ဆက်မှ ညီရင်းအစ်ကို တိုင်းရင်းသား အချင်းချင်း ညှိနှိုင်း အဖြေရှာနည်းကို အသုံးမပြုဘဲ စစ်အင်အားသုံး အပြုတ်တိုက်ရေးကို သုံးခဲ့သည်။ ထို့ကြောင့် လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်မီး တောက်လောင်လာခဲ့သည်။ အလားတူ နိုင်ငံသား ပြည်သူတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် အစရှိသည့် အခြေခံ အခွင့်အရေးများ ပိတ်ပင်ခဲ့ခြင်းနှင့် လူမှုရေး အထွေထွေအကြပ်အတည်းများကြောင့် (၈၈၈၈) အရေးတော်ပုံ ပေါ်ပေါက်လာခဲ့ရသည်။

၁၉၈၈ နောက်ပိုင်းန အ ဖ စစ်အစိုးရ၏ နိုင်ငံရေး ဦးတည်ချက်တရပ်ဖြစ်သည့် “ အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေး” ကြွေးကြော်သံကို သုံးသပ်ရာတွင် အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသား အင်အားစု များနှင့် ဒီမိုကရေစီအင်အားစုများတို့က သုံးပွင့်ဆိုင် ဆွေးနွေးအဖြေရှာရေးကို အစဉ်တစိုက် တောင်းဆို ကြိုးပမ်းခဲ့ ကြသည်။ ကြိုးပမ်းနေဆဲလည်းဖြစ်သည်။ ဤဖြေရှင်းနည်းကို ကုလသမဂ္ဂကလည်း ထောက်ခံအားပေးသည်။ တဖန် တွေ့ဆုံ ဆွေးနွေးရေး အခြေခံ သဘောတရားကို သုံးသပ်ရာတွင်လည်း တွေ့ဆုံဆွေးနွေးရေးသည် အပြစ်ပေး အရေးယူခြင်း မဟုတ်ပေ။ ညှိနှိုင်းအဖြေရှာခြင်းပင် ဖြစ်သည်။ တဖက်ကိုနာစေပြီး အခြားတဖက်ကို အသာရစေသည့် နည်းလမ်းလည်း မဟုတ်ပေ။ ချိန်ခွင်လျှာညှိ၍ အဖြေရှာရမည်ပင်။ ဒါဆိုလျှင် တွေ့ဆုံဆွေးနွေးခြင်းသည်သာ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၏ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ပါလော။ ယခုအခြေအနေတွင် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် မလိုက်နာသူသည် မည်သူနည်း။ ဤကဲ့သို့ မလိုက်နာသူသည် အမှန်တကယ် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လိုလားပါရဲ့လားဟု မေးခွန်းထုတ်လျှင် န အ ဖ စစ်အစိုးသာ ဖြစ်ကြောင်း အဖြေပေးရပေလိမ့် မည်။

န အ ဖ အစိုးရ၏ “ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ပေါက်လာရေး” ကြွေးကြော်သံကို သုံးသပ်ရာတွင်- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လက်နက်ကိုင် အပစ်အခတ်ရပ် အဖွဲ့အစည်းများ အပါအ၀င် အခြား ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားအင်အားစုများ အမျိုးသားညီလာခံတွင် တက်ရောက်ဆွေးနွေး ခဲ့ကြသည်။ သို့သော် အမျိုးသားညီလာခံတွင် လွတ်လပ်စွာ ဆွေးနွေးခွင့် မရသည့်အပြင် တင်ပြဆွေးနွေးချက်အချို့လည်း ပယ် ချခြင်း ခံခဲ့ရသည်။ သို့ဖြစ်၍ ညီလာခံကိုယ်စားတွေ အမျိုးသားညီလာခံမှ နှုတ်ထွက်သွားသည်။ ထိုနည်းတူစွာ
အပစ်ခတ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ သည်လည်း အမျိုးသားညီလာခံမှ နှုတ်ထွက် ခဲ့သည်။ ဤအချက်ကို ကြည့်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ မခိုင်မာအောင် မည်သူ လုပ်နေကို ဆန်းစစ်နိုင်ပါသည်။ ပြီးခဲ့သည့် သတင်းပတ်က အဓမ္မ လုပ်အားပေး စေခိုင်းမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က ထောက်ပြရသည့် အခြေအနေကို ကြည့်လျှင် ဖွဲ့စည်းပုံတွင် စစ်တပ်က မည်မျှ အသာစီးယူထားတာကို ခန့်မှန်းကြည့် နိုင်ပါသည်။

လက်ရှိ စစ်အစိုးရ၏ “ နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေနှင့် တရားဥပဒေစိုးမိုးရေး” ကြွေးကြော် သံကို သုံးသပ်ရာတွင် ဖိနှိပ်မှုကြောင့် ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြမှုကို တားဆီးရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ သြဇာလွှမ်းမိုးထားနိုင်သည့် ရန်ကုန်နှင့် အခြားမြို့တွေမှာ ဗုံးဖေါက်ခွဲမှု အမျိုးမျိုး ဖန်တီးပြီး နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို စွပ်စွဲပြောဆိုသည်။ ဤစွပ်စွဲချက် ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကို အဖြေရှာကြည့် ရာတွင် ပေါက်ကွဲမှုများမှာ ၎င်းတို့သြဇာလွှမ်းမိုးထားသည့် နေရာများတွင်သာ ဖြစ်သည်က များသည်။ ပေါက်ကွဲသည့် နေရာကို ရောက်ရန် လုံခြုံရေး အထပ်ထပ်ချထားသည့်အပြင် စစ်ဆေးမှု အမျိုးမျိုးလည်း ရှိသေးသည်။ အခြားအတိုက် အခံ အဖွဲ့အစည်းများ လွယ်လွယ်နဲ့ ၀င်ရောက်နိုင်သည့် အနေအထားလည်းမရှိ။ များသောအားဖြင့် ကိုယ်ပိုင်ပြဌာန်း ခွင့်နှင့် ဒီမိုကရေစီအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားအင်အားစုများနှင့် ဒီမိုကရေစီ အင်အားစု များ၏ လမ်းစဉ်ကလည်း အကြမ်းဖက်လိုသည့် ဦးတည်ချက်မရှိ။ မလွှဲမရှောင်၍သာ လက်နက်ကိုင် တိုက်ပွဲဝင်နေရခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် နိုင်ငံတော် ဆူပူ မတည်ငြိမ်မှု ဖြစ်အောင် မည်သူတွေက လုပ်ဆောင်နေသည်ကို ညာဏ် မျက်စိနဲ့ တွေးကြည့်နိုင်ပါသည်။

တရားစီရင်ရေး အခြေခံသည် လူတိုင်းတွင် ဥပဒေစိုးမိုးမှုအောက်တွင် ရှိသည်။ ဥပေဒရှေ့မှောက်တွင် လူတိုင်း အခွင့် အရေးတန်းတူ (equality is before the law)ရှိသည်။ အုပ်ချုပ်သူ အစိုးရရော အုပ်ချုပ်ခံ ပြည်သူများပါ ဥပဒေကို လိုက်နာရသည်။ တရားဥပဒေစိုးမိုးရေး အဆောက်အအုံသည် ဘက်လိုက်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ဖွဲ့စည်းထား သည်ကို တွေ့ရသည်။ သို့သော် ယခု မြန်မာနိုင်ငံ ဖြစ်ရှိနေတဲ့ အနေအထားမှာ အုပ်ချုပ်သူတွေက ဥပဒေအပေါ် တွင်ရှိသည်။ ဆိုလိုသည်မှာ အမိန့်အတိုင်း နာခံရပြီး မည်သည့်ကိစ္စမျှ မချိုးဖေါက်ရ။ အုပ်ချုပ်သူတွေက အကောင် အထည်ဖေါ်၊ ဖြစ်လိုသည့်ဆန္ဒအတိုင်း အမိန့်ထုတ်ပြန်သည်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ် ချိုးဖေါက်မှုဖြင့် တရားစွဲဆိုပြီး ၎င်းအမှု ရုပ်သိမ်းပြီးဖြစ်သော်လည်း နေအိမ်အကျယ်ချုပ် ဆက်လက်ချထားသည်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးအောင်သိန်းအား ရှေ့နေလိုက်ခွင့်လိုင်စင် ပိတ်ပင်လိုက်သည့်အပြင် အမှုလိုက်ရှေ့နေ ဦးလှမျိုးမြင့်၏ စနီး ဒေါ်ခင်ခင်အေး အား အကြောင်းမဲ့ အလုပ်ဖြုတ်လိုက် သည်ကို ကြည့်လျှင် မည်သူတွေ တရားဥပဒေ အပေါ်တွင် ရှိနေသည်။ မည်သူတွေက တရားဥပဒေစိုးမိုးရေးအား ချိုးဖေါက်နေသည်ကို အထင်းအရှားတွေ့ရှိနိုင်ပါသည်။ စင်စစ် န အ ဖ စစ်အစိုးရသာ ဖြစ်နေပါသည်။

အထက်ပါအချက်များကို သုံးသပ်ကြည့်လျှင် လူမြင်ကောင်း၊ ဖတ်ကောင်းအောင်သာ ဖေါ်ပြထားသော နိုင်ငံရေး ဦးတည်ချက်မှာ လုပ်ငန်းအကောင်အထည်ဖေါ်မှုနှင့် ၃ နှင့် ၄ ပမါ ကျောခိုင်းနေပါသည်။ ကြွေးကြော်သံက တရား ဥပဒေစိုးမိုးရေး၊ စစ်ဝါဒီက ဥပဒေအပေါ် လွှမ်းမိုးနေသမျှ ကာလပတ်လုံး မြန်မာပြည်သူလူထုမှာ ယခုထက် မိုမိုဆိုးရွား သော အကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်မှာ သေချာပါသည်။


No comments: