Saturday, June 27, 2009

စစ်အစိုးရက နယ်စပ်ထိုးစစ်ဖြင့် ထိုင်းကို စိန်ခေါ်

ရဲနည်

ကရင်ဒုက္ခသည် ၄,၀၀၀ ခန့် မြန်မာ နိုင်ငံ အရှေ့ ပိုင်းရှိ သူတို့၏ နေရပ် ရင်းကို စွန့်ခွာ၍ ထိုင်း နိုင်ငံ တွင်းသို့ ထွက်ပြေး ခိုလှုံလာ ကြ သည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် နိုင်ငံ တကာမှ ဖိအားများ တိုးတက် များပြား လာနေသည့် အချိန်တွင် ဤသတင်း ထွက်ပေါ် လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် အပတ်မှစ၍ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်ဖွဲ့(DKBA)များက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၇) ဌာနချုပ်နှင့် ၂ မိုင်ခန့် အကွာအဝေးတွင် ရှိနေသည့် ပြည်တွင်းရွှေ့ပြောင်း ထွက်ပြေးနေကြရသော ဒုက္ခသည်များခိုလှုံ နေရာ လာပါဟား စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြသည်။

စခန်းကိုစွန့်ခွာ၍ ဒုက္ခသည်များက သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ပြီးခဲ့သည့်သောကြာနေ့တွင် ထိုင်းနိုင်ငံတွင်းသို့ ခိုလှုံ လာခဲ့ကြသည်။ ကရင်သတင်းဌာနများ၏ အဆိုအရ ထိုင်းအစိုးရက ယခုအသစ်ခိုလှုံလာကြသူများကို အတည်တကျဖြစ်နေ ပြီးဖြစ်သည့် ဒုက္ခသည်စခန်းများတွင်း လက်ခံရန် တွန့်ဆုတ်နေကြဆဲဟု သိရသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့ နှင့် ၆၂ မိုင် (ကီလို ၁၀၀)အကွာအဝေးရှိ ထဆောင်ယန်း ခရိုင်ရှိ ဘုန်းတော်ကြီးကျောင်းများအတွင်း၌သာ ယာယီလက်ခံ ထားခဲ့သည်။

ပုံမှန်အားဖြင့် ခြောက်သွေ့ရာသီတွင်သာ ထိုးစစ်ဆင်လေ့ရှိသော မြန်မာစစ်တပ်၏ ယခုမိုးရာသီထိုးစစ်မှာ ပုံမှန်မဟုတ်ပါ။ ထိုင်းအစိုးရက ပစ်တင်ဝေဖန်မှုများကို တုံ့ပြန်မှုအဖြစ် ပြုခဲ့ပုံရသည်။

လက်ရှိ အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေရသူ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်း စုကြည် အပေါ် ခုံရုံးတင် တရားစွဲဆိုစစ်ဆေးနေမှုနှင့် ပတ်သက်၍ မေလ ၁၉ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာစစ်အစိုးရ အတွက် အမျက်ထွက်စရာ ဖြစ်စေခဲ့သည်။ မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် တုံ့ပြန်ရေးသားခဲ့ရာ၌ ထိုင်းနိုင်ငံကို ပစ်တင်ဝေဖန်ခဲ့ပြီး ယခုထုတ်ပြန်ကြေညာချက်သည် "ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာ ရောက်စေ သည်"ဟု ဖော်ပြခဲ့သည်။

မြန်မာစစ်အစိုးရ၏ အဆင့်မြင့် သံအရာရှိများကလည်း တဖြည်းဖြည်းမြင့်မားလာနေသည့် နိုင်ငံတကာဖိအားအပေါ် တန်ပြန် သံတမန်ရေးထိုးစစ်များ ပြုလာခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ၎င်း၏ လက်ထောက် ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်၊ ဒု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်တို့က ဒေသအတွင်းရှိ မတူကွဲပြားသည့် အစည်းအဝေးများတွင် တက်ရောက်ရင်း သူတို့စစ်အစိုးရ၏ "ပြည်တွင်းရေး" ကို ၀င်ရောက်မစွက်ဖက်ကြပါရန် ပြောကြားခဲ့ကြသည်။

နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများမှ ဖိအားများ လျော့ပါးသွားမည့်ဟန် မရှိသည်ကို သိရှိကြသည့်အတွက်ကြောင့်လည်း စစ်အစိုးရက ထိုင်းနိုင်ငံရှိ ဒီမိုကရက်တစ်ပါတီ ဦးဆောင်သည့် အစိုးရအား သတိပေးမှုအနေဖြင့် ကရင်ဒုက္ခသည်များကို ထိုးစစ်ဆင်ပြခြင်း ဖြစ်ဟန်တူသည်။

ထိုင်းနိုင်ငံရှိ လက်ရှိ ဒီမိုကရက်တစ်ပါတီဦးဆောင်သည့် ညွန့်ပေါင်းအစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို ထောက်ခံ ကြောင်း သိထားသည့်အလျောက် မြန်မာစစ်အစိုးရက လက်ရှိ ထိုင်းအစိုးရနှင့် ပတ်သက်၍ ကသိကအောင့် ဖြစ်နေရပါ သည်။ ဒီမိုကရက်တစ်ပါတီ၏ မြန်မာပြည်ရေးရာ မူဝါဒကိုလည်း မကျေလည်လှပါ။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအသစ် ကဆစ် ပီရုမ်း(Kasit Piromya) ကလည်း လွန်ခဲ့သည့်နှစ်က "ဘယ်လိုလူမျိုးမဆိုရဲ့ စီးပွားရေးသဘောတူညီချက်တွေ ရှိထားတာကြောင့် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှု ရှိစေမှာမဟုတ်ဘူး၊ ကျနော်တို့ အစိုးရက စီးပွားရေးနဲ့ နိုင်ငံရေးကို ရောထွေးပစ်မှာ မဟုတ်ဘူး"ဟု ပြောခဲ့ဖူးသည်။

နေပြည်တော်ရှိ မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံရေးခေါင်းဆောင် ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ (Taksin Shinawatra)လက်ထက်က ရှိခဲ့ဖူးသည့် နွေးထွေးသော ဆက်ဆံရေးမျိုး လိုလားနေကြပါသည်။ သန်းကြွယ် သူဋ္ဌေး ဖြစ်သူ ၀န်ကြီးချုပ်ဟောင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မြှင့်တင်ပေးရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖြစ်ပေါ်လာစေရေးထက် စာလျှင် စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရေးကိုသာ အလေးထားခဲ့သူ ဖြစ်သည်။

သို့သော်လည်း လက်ရှိ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ) ၏ အခြားအဖွဲ့ဝင် နိုင်ငံများက ထိုင်းနိုင်ငံ၏ ယခု မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ရပ်တည်ချက်အသစ်ကို သဘောကျ ရပ်တည်ပေးကြပါသည်။ ပြီးခဲ့သည့်လက ဖနွမ်းပင်မြို့တွင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပရာ၌ စင်္ကာပူနိုင်ငံ အပါအ၀င် အဖွဲ့၏ အခြားနိုင်ငံများက ဒေါ်အောင်ဆန်း စု ကြည်ကိစ္စ နှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို သဘောတူရပ်တည်ကြောင်း ဖော်ပြခဲ့ကြပါသည်။

စင်္ကာပူနိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုထားသည့် နိုင်ငံတနိုင်ငံ ဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် နီးစပ်သော ဆက်ဆံရေး ရှိနေသည့် နိုင်ငံလည်းဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်များကလည်း ချမ်းသာကြွယ်ဝသည့် ကျွန်းနိုင်ငံတွင် ဆေး ကုသမှုခံယူလေ့ ရှိကြသည်။

လက်ရှိ အာဆီယံအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ထိုင်းနိုင်ငံမှ ဒီမို ကရက်တစ်ပါတီဝင် တဦးဖြစ်နေသည့်အလျောက် သူက မြန်မာနိုင်ငံသွားလျှင် ယခုအခြေအနေတွင် အောင်မြင်ဖွယ် မမြင် သည့် အတွက်ကြောင့်လည်း စင်္ကာပူနိုင်ငံမှ ၀ါရင့်ဝန်ကြီး ဂိုချုပ်တောင်ကို မြန်မာနိုင်ငံသို့ သွားရောက်စေပြီး ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနှင့် တွေ့ဆုံစေခြင်း ဖြစ်ပေလိမ့်မည်။ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ အမြင်ကိုလည်း နားချ ဆွေးနွေးနိုင်ကြမည်ဟု မျှော်လင့်ခဲ့ကြပုံရပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ပြဿနာသာမက၊ ယခုဖြစ်ပေါ်နေသည့် ကရင် ဒုက္ခ သည်များ ပြဿနာ၊ နာမည်ပျက်ခဲ့ရသည့် ရိုဟင်ဂျာဒုက္ခသည်များပြဿနာ စသည့်ဆင့်ကဲ ပြဿနာများကြောင့် ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံများသို့ ရိုက်ခတ်သက်ရောက်နေရပြီ ဖြစ်သည်။ ဤဆင့်ကဲပြဿနာများကြောင့်လည်း အာဆီယံအဖွဲ့က တင်းမာလာခဲ့ပုံလည်း ရပါသည်။

မြန်မာနိုင်ငံတွင် ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့်လည်း၊ ဒေသဆိုင်ရာ အဖွဲ့ အစည်း၏ ကျရှုံးမှုကို ဖော်ပြသကဲ့သို့ ဖြစ်နေစေပါသည်။ မြန်မာစစ်ဗိုလ်ချုပ်များကို မည်သို့မည်ပုံ ကိုင်တွယ်မည်ကို စနစ် တကျ မူဝါဒချမှတ် ချဉ်းကပ်နိုင်ခြင်းမရှိသရွေ့ မြန်မာနိုင်ငံသည် “ဗြဟ္မာ့ ဦးခေါင်း” ဖြစ်နေဦးမည်သာ ဖြစ်သည်။ အာဆီယံ အဖွဲ့၏ ညီညွတ်ရေးကို ထိခိုက်စေရုံမျှမက အသစ်ချမှတ်ခဲ့သည့် အာဆီယံဒေသ ပဋိညာဉ်စာတန်းပါ ဒေသ၏ တန်ဖိုးထား ချက်များကိုလည်း သရော်ခြိမ်းခြောက်နေသည့်အလား ဖြစ်နေပါတော့သည်။

ရဲနည်ရေးသားသည့် Burma Challenges Thailand with its Border Offensive ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments: