မင်းနိုင်သူ / ၁၀ ဇူလိုင် ၂၀၀၉
ဒေါ်အောင်ဆန်း စုကြည် ၏ ထပ်တိုး သက်သေ ဒေါ်ခင်မိုးမိုး ကို ယနေ့ အင်းစိန် တရား ခွင်၌ စစ်မေး ခဲ့ပြီးနောက် နှစ်ဘက် ရှေ့နေများ အပြီး သတ် လျှောက်လဲ ရန် ဇူလိုင်လ (၂၄) ရက်သို့ ရုံးချိန်း ပေးလိုက်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုံးကြိုင် က ပြောသည်။
“တရားခွင်ကို မနက် (၁၀) နာရီကတည်းက စတယ်။ ညနေ (၅)နာရီခွဲမှ ပြီးပါတယ်။ အစိုးရရှေ့နေတွေက အပြင်းအထန် မေးခွန်းတွေနဲ့ တောက်လျှောက်စစ်မေးနေလို့ ဒီလောက်ကြာသွားတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုနေသော အင်းစိန်တရားခွင်ကို နံနက် (၁၀) နာရီတွင် စတင်လေ့ရှိသော်လည်း လာမည့် (၂၄) ရက်နေ့တွင်မူ မွန်းလွဲ (၂) နာရီသို့ ပြောင်းရွှေ့ချိန်းဆိုထားသည်။
ယနေ့တရားခွင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လာရောက်သည့် ဇူလိုင် (၃) ရက်တွင် စစ်ဆေးမည်ဟု ချိန်းဆိုထားမှုကို ပြောင်းရွှေ့ခဲ့သော တရားခွင်ဖြစ်သည်။
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုခဲ့သည်။
အင်းစိန်အထူးတရားရုံးတရားခွင်၌ အစိုးရဘက်မှ တရားလိုပြသက်သေ (၁၅) ဦး ထွက်ဆိုစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့ရာ အင်းစိန်အထူးတရားရုံးက တဦးတည်းသောသက်သေ ရှေ့နေဦးကြည်ဝင်း (လပွတ္တာမြို့နယ်) ကိုသာ ထွက်ဆိုခွင့်ပြုခဲ့သည်။
ယင်းကဲ့သို့ သက်သေ (၁) ဦးသာ ထွက်ဆိုခွင့်ရခြင်းမှာ တရားမျှတမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်းတရားရုံးသို့ ထပ်မံတင်ပြရာ နောက်သက်သေအဖြစ် ရှေ့နေဒေါ်ခင်မိုးမိုးကို ရန်ကုန်တိုင်းတရားရုံးက ခွင့်ပြုပေးခဲ့ပြီး ဦးတင်ဦးနှင့် ဦးဝင်းတင်တို့အတွက် ဗဟိုတရားရုံးအထိ သက်သေပြင်ဆင်ခွင့် အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။
ယခုစွပ်စွဲအမှုဖွင့်ထားသည့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ နအဖစစ်အစိုးရက အရေးယူနိုင်သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း (၂၀) ကာလ အတွင်း နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ နေခဲ့ရပြီးဖြစ်သည်။
No comments:
Post a Comment