NEJ / ၁၀ ဇူလိုင် ၂၀၀၉
အင်းစိန် ထောင် အထူး တရားရုံး တွင် ဒေါ်အောင်ဆန်း စုကြည် ၏ အမှု တရားခွင် စစ်ဆေး သည့် အခါတိုင်း ၎င်းအား ထောက်ခံ သူများ လာရောက် စုဝေး သည့် နေရာကို ရဲများက သိမ်းပိုက် ထားကြောင်း မျက်မြင် တဦးက ပြောသည်။
၎င်းက “ခါတိုင်း ဦးဝင်းတင်အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ လာပြီး စုဝေးထိုင်စောင့်လေ့ရှိတဲ့ အင်းစိန်ဈေးရှေ့ လမ်းဘေးက နေရာကို ဒီနေ့မနက်ပိုင်းမှာ ရဲတွေကြိုတင်နေရာယူ ၀င်ထိုင်ထားတာ တွေ့ရတယ်။ နောက် အနီးအနား အင်းစိန်ဈေးလမ်းတလျှောက် ဘယ်နေရာမှ စုဝေးလို့မရအောင် ရဲနဲ့အရပ်ဝတ်လုံခြုံရေးတွေကို ခပ်စိပ်စိပ်ချထားတယ်” ဟု ပြောသည်။
ခါတိုင်းထက်ထူးခြားသည်မှာ အင်းစိန်ဈေးလမ်းနှင့် လမ်းသွယ်လေးများ ဆက်ထားသည့်နေရာတိုင်းတွင် သံဆူးကြိုး အတားအဆီး အ ကာ အရံများ ချထားကြောင်း၊ အင်းစိန်ခုံးတံတားကျော်သည်နှင့် ရဲများ၊ စွမ်းအားရှင်များ၊ လုံထိန်းကားများ၊ အကာအရံ အတား အဆီး များနှင့် ပြည့်နေကြောင်း အဆိုပါ မျက်မြင်ဖြစ်သူက ပြောသည်။
၎င်းက “အင်းစိန်ခုံးတံတား မျက်နှာချင်းဆိုင်လမ်းမှာ လုံထိန်းကား (၆) စီး၊ တံတားအ၀င် ဘယ်ဘက်နံဘေးမှာ ရဲကား (၂) စီး ရပ်ထားတယ်။ နောက် ခုံးတံတားကစပြီး ကားတွေကို သွားလာခွင့်ပိတ်ထားတယ်။ ခုံးတံတားအဆင်းမှာ လုံထိန်းကား နောက်ထပ် (၂) စီး၊ ဈေးရှေ့လမ်းပိတ်ဆို့ရာမှာ လုံထိန်းကား (၄) စီးနဲ့ ပေါက်တောဝဘက်မှာလည်း လုံထိန်းကားတွေ ချထားတယ်” ဟု ပြောသည်။
ယခုကဲ့သို့ လုံခြုံရေး များပြားနေခြင်းကြောင့် အင်းစိန်ထောင်ဘူးဝရှေ့ လမ်းတလျှောက်တွင် ထောက်ခံသူများ စုဝေးနေသည်ကို မတွေ့ရကြောင်း ၎င်းက ပြောသည်။
No comments:
Post a Comment