Wednesday, July 8, 2009

ဖားကန့်ရေဘေးကယ်ဆယ်ရေး မလုပ်နိုင်သေး ရေဘေးဒုက္ခသည်များ အခက်ခဲကြုံနေရ

NEJ / ၈ ဇူလိုင် ၂၀၀၉

ကချင်ပြည် နယ်၊ ဖားကန့် ဒေသ အတွင်း ဇူလိုင် (၅) ရက် က စတင်၍ ဒေသ တခုလုံး ရေကြီး ခဲ့ရာ လူအများ အပြား သေဆုံး ပြီး အိုး အိမ် အမြောက် အမြား ရေနစ် မြုပ်ခဲ့ သော်လည်း ကယ်ဆယ်ရေး လုပ်ငန်း များ ယနေ့ အချိန် အထိ မပြုလုပ် သေးကြောင်း ဒေသ အ တွင်း ကလာ သည့် သတင်း များအ ရ သိရ သည်။

ယခုအခါ ဖားကန့်မြို့အတွင်း ဝင်ရောက်ခဲ့သည့် ရေများ ပြန်ကျသွားသော်လည်း ရွှံ့နွံများမှာ အမြင့် (၁) ပေမှ (၃) ပေအထိ ကျန်ရှိနေပြီး မိမိနေအိမ်များနှင့် အနီးဝန်းကျင်တွင် ကိုယ့်အစီစဉ်ဖြင့်ကိုယ်သာ ရှင်းလင်းနေရသကဲ့သို့ ရိက္ခာနှင့် ရေပြတ်လပ်မှုများ ကြုံနေရချိန်တွင် ရေဘေးကယ်ဆယ်ရေးအကူအညီ ယခုချိန်ထိ ရောက်ရှိမလာသေးကြောင်း ဖားကန့်မြို့ခံတဦးက ပြောသည်။

၎င်းက “စည်ပင်သာယာက အခုလောလောဆယ် ရေပေါ်မျောလာတဲ့ အလောင်းကောက်တာလောက်ပဲ လုပ်သေးတယ်။ သူတို့ချည်းနဲ့မရလို့ ကုမ္ပဏီတွေက လူလွှတ်ပေးပြီး ဝိုင်းကူလုပ်နေရတယ်။ စားဖို့သောက်ဖို့က ကိုယ့်အသိမိတ်ဆွေအချင်းချင်း ဝေငှစားသောက်နေရတယ်။ မုန့်နှစ်ထုပ်စီ ရယက ထုတ်ပေးတယ်လို့ ပြောတယ်။ လိုက်ဝေတာ မဟုတ်ဘူး။ ကိုယ်က သွားယူရတာ။ မြစ်ကြီးနား၊ မိုးကောင်းဘက်က ကယ်ဆယ်ရေးတွေလည်း ရောက်မလာပါဘူး။ ပိုက်ဆံရှိတဲ့သူတွေဆီက ငွေတွေ ကောက်နေတယ်လို့ကြားတယ်။ အခုထိ ဘာအကူအညီမှ မရသေးဘူး။ ထမင်းမစားရတဲ့သူနဲ့၊ သောက်ဖို့ရေမရှိတာနဲ့၊ အိပ်စရာ နေရာမရှိတာနဲ့ ဒုက္ခမျိုးစုံ ကြုံနေရတယ်” ဟု ပြောသည်။

မိုးဆက်တိုက်ရွာသွန်းခဲ့၍ ဖားကန့်မြို့အား ရေပေးဝေနေသည့် တစ်သုံးလုံး အကျိုးတူ ရေပေးဝေရေး ကုမ္ပဏီ၏ ဆည်တမံ တနင်္ဂနွေနေ့ညပိုင်းက ကျိုးကျသဖြင့် ဖားကန့်မြို့ရေကြီးခဲ့ရပြီး ဥရုချောင်းအတွင်း မြေစာပုံများ ပိတ်ဆို့သွားသဖြင့် ဖားကန့်ဒေသ တခုလုံး ရေဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။

“ဥရုချောင်းအနောက်ဘက်ခြမ်း ဖားကန့်တခုတည်းမှာ အခုထိ လူပေါင်း (၁ဝဝ) ကျော် သေဆုံးခဲ့တယ်။ အလောင်းတွေက မြေအောက်မှာ ကျန်နေသေးတယ်။ ဥရုချောင်းအရှေ့ခြမ်းက မရှီးကထောင်း၊ ဆိုင်းတောင်တို့ဆို ရေအောက်ရောက်သွားပြီ။ ဖားပြင်၊ မံမုံဆိုလည်း အိမ်တွေ မြုပ်ကုန်ပြီ။ အဲဒီဘက်မှာ ဘယ်လောက်သေတယ်ဆိုတာ မသိနိုင်သေးဘူး။ တနေရာနဲ့ တနေရာ သွားဖို့ အတော်ခက်နေတယ်။ ဆေးရုံမှာ လူ (၇ဝ) လောက် မြေပြိုလို့ ဒဏ်ရာရတာတွေ တင်ထားရတယ်။ ဝမ်းလျှော၊ ဝမ်းပျက်တွေ ဖြစ်နေပြီ။ သောက်သုံးရေမသန့်လို့ ထင်တာပဲ။ ဆေးရုံမှာ လူနာတွေပြည့်နေလို့ ဆရာ၊ ဆရာမတွေလည်း မနားရဘူး။ အပြင်ဆေးခန်းမှာလည်း ဝမ်းလျှောတဲ့ သူတွေနဲ့ ပြည့်နေတာပဲ” ဟု အဆိုပါဖားကန့်မြို့ခံက ပြောသည်။

ဖားကန့်၊ တာမခံကျောက်စိမ်းတွင်းဒေသတွင် ယခုကဲ့သို့ ရေကြီးမှုမျိုး ယခင်က မရှိခဲ့သော်လည်း နဝတ တက်လာပြီးနောက်ပိုင်း အကျိုးတူဖက်စပ်လုပ်များ ပေါ်ပေါက်လာချိန်တွင် ခေတ်မီစက်ယန္တရားများနှင့် တောင်များ ဖြိုခြင်း၊ ဥရုချောင်းအား သဲအိမ်များဖြင့် တားဆီးပြီး ရေလမ်းကြောင်းပြောင်းခြင်း၊ မြေအောက်သို့ ဥမင်လိုဏ်များ ဖောက်ခြင်း စသည့်နည်းများဖြင့် ကျောက်စိမ်းများ ရှာဖွေခဲ့ပြီး အဆိုပါ ကျောက်တူးရာမှာ ထွက်ရှိသည့် မြေစာများအား အနီးဝန်းကျင်တွင် စုပုံထားသည့်အတွက် မိုးကြီးလာပါက မြေစာပုံ ပြိုကျမှုများ မကြာခဏ ဖြစ်ပွားနေသည်။

No comments: