ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 08 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ ပြည် မြောက်ပိုင်း ကမ္ဘာကျော် ကျောက်စိမ်း ထွက်ရှိရာ ဖားကန့် ဒေသ တွင် ယခုလ ၄ ရက် နေ့က မြေပြိုမှု ဖြစ်ပွား ခဲ့သဖြင့် အနည်း ဆုံး လူ ၃၀ ခန့် သေဆုံး ခဲ့ကြောင်း ဒေသ ခံများ အပြော အရ သိရ သည်။
ကချင်ပြည်နယ်အတွင်း တည်ရှိသည့် ဖားကန့်တွင် ပြီးခဲ့သည့်တပတ်မှ စတင်၍ အဆက်မပြတ် မိုးရွာသွန်းခဲ့သဖြင့် ကျောက်စိမ်းတူးရာ ဥရုချောင်းတလျှောက်ရှိ ကျောက်စိမ်းတွင်းများမှ စွန့်ပစ်မြေစာပုံများ ပြိုကျသောကြောင့် ယခုလို လူသေဆုံးမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
“ဥရုချောင်းတလျှောက်မှာ ရှိတဲ့လူတွေရော၊ အိမ်တချို့ရော ချောင်းထဲမျောသွားတယ်။ တပတ်လောက်ရှိပြီ။ ကလပ်ကုန်းတို့ မြေစာပြိုပြီးတော့ အိမ်တွေ၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေ၊ လူတွေလည်း တော်တော်များများ ပါသွားတယ်။ လမ်းတွေလည်း သွားမရ ဖြစ်နေတယ်။ ဆိုင်းတောင်မြို့၊ လုံးခင်းမြို့တွေဆို ရေတွေ ဖုံးနေတုန်းပဲ” ဟု ဖားကန့်မြို့မှ ဒေသခံတဦးက ပြောသည်။
ချောင်းဘေးရှိ လူနေအိမ်များ ရေနစ်ကုန်သဖြင့် ရေလွတ်ရာ ကုန်းပေါ်သို့ လူအများ ထွက်ပြေးခဲ့ကြရသည်။
သေဆုံးမှုတွင် မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ လာရောက်၍ ကျောက်တူးလုပ်ငန်း လုပ်ကိုင်သူအချို့နှင့် ဒေသခံအချို့ ပါဝင်သွားခဲ့ပြီး၊ ရုပ်အလောင်းများသည် မြေအောက်တွင် နစ်မြုပ်ကုန်သဖြင့် ပြန်လည်တူးဖော်ရန် မလွယ်ကူကြောင်း ဒေသခံများက ဆိုသည်။
ကျောက်စိမ်းနှင့် ရွှေ ထွက်ရှိသည့် ဖားကန့်ဒေသတွင် မြေပြိုကျမှု ဖြစ်ပွားလေ့ရှိသော်လည်း အဆက်အသွယ် ပြတ်တောက်သည့် ဒေသဖြစ်သဖြင့် သတင်း ထွက်ပေါ်မှု နည်းပါးလေ့ရှိသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လကုန်ပိုင်းတွင်လည်း မိုးများ ဆက်တိုက်ရွာသွန်းသဖြင့် မြေစာများ ပြိုကျကာ လူဦးရေ ၂၀ ခန့် သေဆုံးခဲ့သေးသည်။
No comments:
Post a Comment