Wednesday, July 15, 2009

ဧရာဝတီတိုင်းတွင် လေဆင်နှာမောင်းတိုက်ခတ်ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်များပျက်စီး

NEJ / ၁၅ ဇူလိုင် ၂၀၀၉

ယမန်နေ့ မွန်းလွဲ (၂) နာရီ ကျော် အချိန် ခန့်က ဧရာဝတီ တိုင်းအ တွင်းတွင် လေဆင် နှာမောင်း တိုက်ခတ် မှုတခု ဖြစ်ပွား ခဲ့ကြောင်း ဧရာဝတီ တိုင်း ဒေသ ခံများ ထံမှ သိရ သည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာကြီးတရွာဖြစ်သော ကြိမ်ချောင်းကြီးကျေးရွာတွင် အိမ်အလုံးရေ (၃၅) လုံးခန့် ပြိုသွားကြောင်း ဘိုကလေးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

“အိမ်ကတော့ (၃၅) လုံးလောက်တော့ရှိမယ်လို့ ကြားတယ်။ သေသေချာချာတော့ မသိရသေးဘူး။ ဒီသတင်းကိုလည်း ဘယ်ကိုမှ မပြောရဘူးလို့ ပြောထားပါတယ်။ အဲဒီကြိမ်ချောင်းကြီးရွာဆိုတာ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်းတိုက်တော့ တရွာလုံး ပျက်စီးသွားတဲ့ ရွာကြီးပါ။ အစိုးရကလည်း အခု ပြန်လည်ထူထောင်ရေးတွေ သေသေချာချာ လုပ်ပေးတာခံရတဲ့ ရွာလို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် ကျေးရွာခံများအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ကို ခံစားရပြီးနောက် (လေ) ဆိုလျှင် ကြောက်ရွံ့နေကြကြောင်း ဘိုကလေးမြို့ခံများက ပြောသည်။

“အခုလေဆင်နှာမောင်းကြောင့် လူအချို့ ဆေးရုံကိုရောက်နေကြတယ်။ အရေအတွက်ကိုတော့ မသိရဘူး။ (၁) ယောက် သေတယ်လို့လည်း ကြားပါတယ်” ဟု ဘိုကလေးမြို့ခံတဦးက ပြောပြသည်။

“ကျနော်တို့ ဘိုကလေးမှာ ကြိမ်ချောင်းရွာက တော်တော်ကိုကြီးပါတယ်။ စီးပွားရေးတွေလည်း အရင်က တော်တော်ကောင်းကြ ပါတယ်။ နာဂစ်တိုက်ပြီးတဲ့နောက်တော့ အခြေအနေတွေ ပျက်တဲ့လူတွေ များသွားတယ်” ဟုလည်း ဘိုကလေးမြို့မှ ကျောင်းဆရာတဦးက ပြောသည်။

ယမန်နေ့က တိုက်ခဲ့သော လေဆင်နှာမောင်းလမ်းကြောင်းမှာ ငွေဆောင်ကမ်းခြေထိရောက်ခဲ့ပြီး ငွေဆောင်ရွာတွင်ရှိသည့် ရဲစခန်းနှင့် တိုက်နယ်ဆေးရုံတို့ကိုလည်း လေကြောင်းထိခဲ့ကြောင်း၊ ကမ်းခြေရှိ Sliver View ဟိုတယ်အဆောက်အအုံနှစ်ခုမှာ အမိုးအချို့လန်သွားကြောင်း ဟိုတယ်ဝန်ထမ်းတဦးက ပြောသည်။

No comments: