Thursday, July 9, 2009

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် အပြင်ထွက်ခွင့်ရ

မင်းနိုင်သူ / ၉ ဇူလိုင် ၂၀၀၉

တပ်မတော် ထောက်လှမ်း ရေး အကြီး အကဲ ဗိုလ်ချုပ်ကြီး ဟောင်း ခင်ညွန့် မကြာမီ ရက်ပိုင်း က အပြင် ထွက်ခွင့် ရသည်ကို တွေ့ခဲ့ ရကြောင်း ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်း ရှင် တဦးက ပြော သည်။

ဗိုလ်ချုပ် ကြီးဟောင်း ဦးခင်ညွန့် သည် ဇူလိုင် (၅) ရက် နေ့တွင် ကွယ်လွန် ခဲ့သော ဗိုလ်မှူး ချုပ် တင့်ဆွေ (ငြိမ်း) စက်မှု (၁) ၀န်ကြီး ဟောင်း ၏ဇနီး ဒေါ်ခင်စန်း ၏ ဈာပနသို့ လာရောက် နာရေး မေးမြန်း ခဲ့စဉ် အဆိုပါ စီးပွား ရေး လုပ်ငန်း ရှင်က တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

၎င်းက “ဦးတေဇ တို့၊ ဇေကမ္ဘာ ဦးခင်ရွှေ တို့လို စီးပွားရေး သမားကြီး တွေလည်း လာမေး ကြတယ် လေ။ ဦးခင်ညွန့် ရောက်လာ တော့ အားလုံး အပြင် ထွက်ပေး ကြရ တယ်။ ဒါပေမယ့် ဦးခင်ညွန့်နဲ့ သူ့ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ တို့ကို မြင်လိုက် ရပါတယ်။ ဗိုလ်မှူး ချုပ် တင့်ဆွေ က ဦးခင်ညွန့်ရဲ့ ဆရာ ဖြစ်ခဲ့ တာကိုး။ ဒါကြောင့် နာရေး လာမေး ကြတာ” ဟု ပြောသည်။

ဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)၏ ဇနီး ဒေါ်ခင်စန်း အသက် (၈၆) နှစ်သည် ဇူလိုင် (၅) ရက်တွင် ကွယ်လွန်ခဲ့ရာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇနီးတို့က ဇူလိုင် (၇) ရက် ညပိုင်း (၈) နာရီမှ (၁၀) နာရီအထိ လာရောက် နာရေးမေးမြန်းသွားခဲ့ကြခြင်း ဖြစ်သည်။

“နှစ်နာရီလောက်ကြာတယ်လေ။ ဦးခင်ညွန့်ကတော့ အရင်အတိုင်းပဲ။ ကျန်းမာရေးလည်းကောင်းတယ်တဲ့။ သူ့ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေကတော့ ခြေထောက်တဖက်သိပ်မကောင်းဘူး။ ထိုင်ရထရတာမလွယ်ဘူးလို့ ပြောသွားတယ်တဲ့” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သွားရောက်ခဲ့သော နာရေးခရီးစဉ်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ စီစဉ်ပေးခြင်းဖြစ်ကာ နာရေးအိမ်ပတ်ဝန်းကျင်တွင် လုံခြုံရေးအပြည့်အ၀ ယူသွားခဲ့ကြောင်း သိရသည်။

တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် ရာထူးမှ အနားပေးခံခဲ့ရ သည့်အပြင် နေအိမ်အကျယ်ချုပ်အချခံခဲ့ရပြီး ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးကို ဖျက်သိမ်းခံခဲ့ရသည်။

No comments: