Thursday, July 9, 2009

မဲကသာတောအတွင်း ကေအန်ယူ နှင့် ဒီကေဘီအေ တိုက်ပွဲဖြစ်

ရိုင်မရော့ Thu 09 Jul 2009

ကရင်ပြည်နယ် ဘုရား သုံးဆူ နှင့် မဲကသာ ကြားရှိ တဲသုံးလုံး ခေါ် လမ်းခွ တစ်နေ ရာတွင် ရှိသော ကရင် အမျိုး သား အစည်း အရုံး (ကေအန်ယူ) တပ်မဟာ (၆) ယာယီ စခန်း တစ်ခုကို ယမန် နေ့ည (၈) နာရီခွဲ ကျော်၌ တိုးတက်သော ကရင် ဗုဒ္ဓ ဘာသာ တပ်မတော် (ဒီကေဘီအေ) တို့က ဝင်ရောက် ပစ်ခတ် ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် (၁၀) မိနစ်ဝန်းကျင်အတွင်း ဒီကေဘီအေဘက်မှ တပ်သား နှစ်ဦး ကျဆုံးသွားပြီး၊ ကေအန်ယူ (KNU) ဘက်မှ တပ်သားအိပ်မည့်နေရာကို ပြောင်းရွေ့ ထားသည့်အတွက် တစ်ဦးတစ်ယောက်မှ ဒဏ်ရာမရရှိပေ။

“အဲဒီတိုက်ပွဲမှာ လက်နက်ငယ်သာမကဘူး၊ လက်နက်ကြီးတွေဖြစ်တဲ့ (RBG) နဲ့ (79) ကျည်သံတွေကိုလည်း နှစ်ချက်ကြားရတယ်” ဟု တိုက်ပွဲဖြစ်ပွားသည့်အနီးနားရှိ ရွာသား တို့က ပြောသည်။ ၄င်းတို့တိုက်ပွဲဖြစ်ပွားရာနေသည် ဘုရားသုံးဆူမြို့မှ (၁၂) ကီလိုမီတာ သာသာရှိပြီး၊ ချောင်းဆုံ၏မြောက်ဘက်ပိုင်း (၅) ကီလိုမီတာဝေးသည်။

ကေအန်ယူ တပ်မဟာ (၆) ယာယီစခန်းကို ဒီကေဘီအေ (DKBA) ကလိုထူးဖော လုံခြုံရေး တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှုး စောအေဝမ်း နှင့် ကလိုထူးဖော ဗျုဟာစီးပွားရေး တာဝန်ခံ ဗိုလ်မှူးစိုးမိုးတို့က ဝင်ရောက်တိုက်သည်။

“ကျနော်တို့ ယခုလို စစ်မျက်နှာပြင်အသင့်အနေအထားကို ပြင်ထားရတာဟာ နအဖနဲ့ ဒီကေဘီအေ တို့ရဲ့ ထိုးစစ်ဆင်တာကြောင့် ကျနော်တို့ တပ်ရင်း (၁၇) အသိမ်းခံရတယ်၊ အခုလည်း တပ်မဟာ (၆) ကို ဝင်တိုက်မယ်ဆိုတော့ ကျနော်တို့က တိုက်ဖို့ အသင့်ပြင် ထားရတယ်” ဟု ကေအန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒီကေဘီအေ တပ်ရင်းမှ တပ်သားတို့က မဲကသာဒေသရှိ ရွာသားနှစ်ဦးကို ပေါ်တာဆွဲခဲ့သည်ဟု အသက် (၅၂) အရွယ် ရွာခံတစ်ဦးက ပြောသည်။

“တိုက်ပွဲမှာ ဒီကေဘီအေဘက်က နှစ်ယောက်ကျသွားတယ်လို့ ကျနော်တို့ကြားတယ်၊ ကေအန်ယူဘက်မှာတော့ အကျအဆုံး ရှိ မရှိ ဆိုတာကို မသိရဘူး” ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

အရင်က တပ်ရင်းတရင်းတွင် တပ်သား ၃၀ ကျော်ရှိရာမှ တိုက်ပွဲကြောင့် ခလရ (၃၂) တပ်ရင်း စစ်ကြောင်း (၁)၊ (၂) နှင့် ခမရ (၃၅၆) တပ်ရင်း (၁) (၂) တို့ နှစ်ရင်းရှိရာ တပ်ရင်း တစ်ရင်းအတွက် တပ်သား (၁၂၀) နှင့် (၁၃၀) ကြားထားရှိလာသည်။

၎င်းတိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံ ရွာသူရွာသားတို့က ရွာပြင်ထွက်ပြီး အလုပ်လုပ်ခြင်း၊ တောထဲတွင် သွားရောက်လုပ်ကိုင်ခြင်းကို မည်သူတစ်ဦးတစ်ယောက်မှ မသွားရဲဘဲ၊ နအဖစစ်တပ်တို့က ပေါ်တာဆွဲမည်ကို ကြောက်ရွံ့နေကြသည်ဟု ကေအန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လှေသမားတို့၏ပြောပြချက်အရ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းမှ မြိုင်သာယာအနားမှာ ရှိနေ သည့် (KNLA) သက်ကယ်ဂိတ်ကို သိမ်းလိုက်သည့်အတွက် “ကျနော်တို့လှေသမားအတွက် တစ်ဂိတ်လျော့သွားတော့ ငွေလည်း ၁၅၀၀၊ ၂၀၀၀ ပေးရတာ သက်သာတာပေါ့၊ နိုင်ငံရေး ပဋိပက္ခတွေ မသိဘူး၊ ပိုက်ဆံပေးရတာ သက်သာတာပဲသိတယ်” ဟု သူကပြောသည်။

ကေအန်ယူ တပ်မဟာ (၆) နယ်မြေအတွင်း သစ်ထုတ်လုပ်သူများ တဲသုံးလုံးနေရာတွင် ကေအန်ယူ တပ်တို့ အခြေချနေသည်ကို နအဖတပ်တို့ လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ကေအန်ယူဘက်မှ တပ်သား အများဆုံးပါလျင် (၁၀) ယောက်ကျော် သာပါ ဝင်ပြီး၊ နအဖဘက်မှ တပ်သား တပ်ရင်း တစ်ရင်းစာပါဝင်ကြောင်း ၄င်းဘုရားသုံးဆူမြို့ခံက ပြောသည်။

နအဖနှင့် ဒီကေဘီအေ တပ်တို့ ပူပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် ကေအန်ယူ တပ်မဟာ (၇) တပ်စခန်းအတော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ ကရင်ပြည်နယ် တောင်ဘက်ပိုင်း မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့နယ်နှင့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မှာရှိနေသည့် ကေအန်ယူ တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၅)ကို ထိုးစစ်ဆင်ဖို့အ တွက် ပြင်ဆင်နေကြသည်ဟု (BBC) မြန်မာသတင်းဌာနက ဖော်ပြသွားပါသည်။

No comments: