ရန်ကုန်သား
အများက အကောင်း မြင်လှတယ် မဟုတ် ဘူးလို့ ပြောနေ ပေမယ့် ကုလ သမဂ္ဂ အထွေထွေ အတွင်း ရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာ ပြည်ခရီး စဉ်ဟာ မြန်မာ တွေအတွက် အားတက် စရာ အသစ် တခု ဖြစ်လာ နေပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီရဲ့ မကြာသေးခင်က နေပြည်တော်ခရီးစဉ်မှာ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ လက်ကြီးဗလာသက်သက် မပြန်ရလေအောင် စီစဉ်နိုင်ခဲ့တာကတော့ သေချာသလောက်ပါပဲ။ တဖက်ကလည်း သတိထားစရာက ဗိုလ်ချုပ်မှူးကြီးမှာ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ် မအောင်မြင်အောင် ဝှက်ဖဲတွေ အများကြီးလည်း ရှိနေပါလိမ့်မယ်။
တကယ်လို့များ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟာ သမားရိုးကျ ချည်းကပ်နည်းကိုပဲ သုံးမယ်ဆိုရင်တော့ ဘာမှ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်သလို ဆွေးနွေးပွဲဟာလည်း အောက်မှာ ဖော်ပြထားတဲ့ မေးခွန်း ၃ ခုနဲ့ပဲ အဆုံးသတ်သွားပါလိမ့်မယ်။ မြန်မာလို နိုင်ငံမျိုးနဲ့ ဆက်ဆံနေရတဲ့ သံတမန်တွေအနေနဲ့ ပိုပြီး တီထွင်ကြံဆနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်ကောင်း လိုပါလိမ့်မယ်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီးခင်ဗျား .. ဗိုလ်ချုပ်ကြီးတို့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစနစ်ဆီကို အသွင်ကူးပြောင်းဖို့ လုပ်နေတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အဆွေတော်တို့ရဲ့ လုပ်ငန်းစဉ်မှာ နိုင်ငံရေး Stakeholder တွေ အားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ တိုက်တွန်းပါရစေ။
ကျနော်တို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ၊ အခြေခံ ဥပဒေ စတာတွေကို မထောက်ခံတဲ့ လူတွေကိုလည်း ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုမယ်ဆိုတာ အစောကတည်းက ပြောထားပြီး ဖြစ်ပါတယ်။ အားလုံး ပါဝင်ခွင့်ပြုမယ်ဆိုတာကို အဆွေတော်ကို အာမခံ ပြောကြားလိုပါတယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ တရားစွဲဆိုနေတဲ့ ကိစ္စဟာ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှသာ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး ဖြစ်နိုင်မှာဖြစ်လို့ သူတို့ အားလုံးကို လွှတ်ပေးဖို့ အဆွေတော်အနေနဲ့ စဉ်းစားပေးဖို့ တိုက်တွန်းချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအနေနဲ့ ကျနော်တို့ အလေးထားပါတယ်။ ဒါပေမဲ့ သူမကို တရားစွဲဆိုနေတဲ့ ကိစ္စဟာ တရားရုံးရဲ့ ကိစ္စသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားဆိုသူများကလည်း တည်ဆဲဥပဒေများနဲ့ ငြိစွန်းလို့ အရေးယူထားရတဲ့ အကျဉ်းသားများသာ ဖြစ်တယ်ဆိုတာ ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ သင့်လျော်သူများကို ထောင်ချီပြီး လွှတ်ပေးနေတာတွေလည်း သူ့အပိုင်းနဲ့သူ
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆွေးနွေးတာတွေကို ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင် ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။ ကုလသမဂ္ဂရဲ့ အဓိက တာဝန်ဟာလည်း အဲဒီ အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးပွဲ ဖြစ်မြောက်သွားဖို့ ဖြစ်ပါတယ်။ အဆွေတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံက ဘာတွေ ရလိုတယ်ဆိုတာ ပြောနိုင်ပါက ကျနော်တို့ သွားရောက်တွေ့ဆုံ ဆောင်ကြဉ်းပေးလိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီက ကျနော်တို့အနေနဲ့ ဘာတွေရလိုတယ်ဆိုတာ ကြေညာချက်တခု ထုတ်ပြန်ထားပါတယ်။ အခုကိစ္စက သူမဘက်က တုံ့ပြန်မှု မရှိတာပါ။ ကျနော်တို့ လိုလားချက်တွေကို သဘောတူရင် သူမကို ကျနော်ကိုယ်တိုင် တွေ့ဆုံပါ့မယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ သမားရိုးကျ စဉ်းစားပြီး ထုံးစံအတိုင်း ဆောင်ရွက်မယ်ဆိုခဲ့ရင် အထက်မှာပြောခဲ့တဲ့ မေးခွန်း ၃ ခုနဲ့ပဲ လမ်းဆုံးသွားမယ်လို့ ထင်ပါတယ်။ ထိပ်တန်း သံတမန်များဟာ အခုလို သမားရိုးကျ ချဉ်းကပ်နည်းထက် ပိုတဲ့ နည်းလမ်းများကို ကျွမ်းကျင်လိမ္မာရပါတယ်။
မြန်မာနိုင်ငံ အခြေအနေအရ အကောင်းဆုံး နည်းလမ်းကတော့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတခုကို စဉ်းစား၊ နှစ်ဖက်စလုံးကို ချပြပြီး အဲဒါဆိုရင် သဘောတူမလားဆိုတဲ့ မေးခွန်းကို တည့်တည့်မေးရတော့မယ့် အချိန် ရောက်နေပါပြီ။ တပ်မတော်ဟာ သူ အသာစီး မရရင်၊ အခုထက် ပိုကောင်းတာ မရနိုင်ရင် ဘာကိုမှ လက်ခံမှာ မဟုတ်ဘူး ဆိုတာကိုလည်း သိထားဖို့ လိုပါလိမ့်မယ်။
No comments:
Post a Comment