Saturday, September 5, 2009

အမှောင်မှာ ကျွေရတဲ့ပန်း

ကန္တာရ၀တီတိုင်း(မ်)

စစ်အာဏာရှင် လက်ထက်မှာ မြေမြုပ်မိုင်းကို လူထုရဲ့ အသက်ထက် တန်ဖိုးထား

ကမ္ဘာပေါ်မှာ လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှ မရှိပါဘူး။ လူ့အသက်ကိုလည်း ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။ ဒါပေမဲ့ ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းမှာ ရှိတဲ့ လောပိတ ရေအားလျှပ်စစ်စက်ရုံမှ မြို့ပြဒေသဘက်ကို သွယ်တန်းသွားသော လျှပ်စစ်ဓါတ်တိုင် အနီးအနားတလျှောက် ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေက လူ့အသက်ထက် တန်ဖိုးရှိနေကြောင်းကို သက်သေပြသွားခဲ့ကြပါပြီ။


ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒီမောဆိုမြို့နယ် ထီးလသူးခိုကျေးရွာအနီး သွယ်တန်းသွားသော လျှပ်စစ်ဓါတ်တိုင် တနေရာမှာ အသက် ၁၀ နှစ် မပြည့်သေးတဲ့ နွားကျောင်းသား ကလေးငယ် ၂ ဦး မြေမြုပ်မိုင်း နင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ မြန်မာစစ်တပ်များက လျှပ်စစ်ဓါတ်တိုင် အနီးတ၀ိုက် ထောင်ထားသော မြေမြုပ်မိုင်းတွေကို ရွာသားတွေအနေဖြင့် နင်းမိပါက မိုင်းဖျက်ဆီးမှုဖြင့် မိုင်းတလုံးရဲ့ တန်ဖိုးကို ပြန်လျော်ပေးရမယ်လို့ အမိန့်ထုတ်ပြန်ထားတဲ့အတွက် သေဆုံးသွားခဲ့ရတဲ့ ကယန်းကလေးငယ်နှစ်ဦးအား မိဘတွေက တိတ်တိတ်ပုန်းလေး သဂြိုလ်လိုက်ရရှာတယ်။

“ဖြစ်ပြီးတဲ့ တစ်ရက်၊ နှစ်ရက်လောက်မှာပဲ သဂြိုလ်လိုက်ပါတယ်။ လူတွေက ဘယ်လိုပြောရမလဲ။ ရေငုံနှုတ်ပိတ် ထားရတယ်လေ။ အမိန့်စာ ကျပြီးကတည်းကပေါ့၊ ဒီကလေးနှစ်ယောက် ဖြစ်တဲ့ ကိစ္စကို ရပ်ကွက်လူကြီးတွေလည်း သိတယ်။ ဒါပေမဲ့ ပြောလို့ မရဘူး” လို့ ထီးလသူးရွာသားတဦးက ပြောပြပါတယ်။

“နည်းနည်းလေး ငယ်တဲ့ တယောက်က ဗိုက်ဖက်မှာပေါ့။ ရင်ဘတ်တွေနဲ့ ဗိုက်တခြမ်းလုံး ပွင့်ထွက်သွားတာပဲ။ တယောက်ကတော့ မျက်နှာ လုံးဝရစရာ မရှိတော့ဘူး” ဟု မြေမြုပ်မိုင်းကြောင့် သေဆုံးသွားတဲ့ ကလေးငယ်နှစ်ဦးကို တွေ့မြင်ခဲ့သူ ဒီမောဆိုမြို့နယ်မှ ဒေသခံတဦးက ပြောပြသွားပါတယ်။

ကရင်နီလူမှုကယ်ဆယ်ရေးနဲ့ သတင်းအချက်အလက်များ စုဆောင်းသုတေသနပြုထားသော အဖွဲ့တွေရဲ့ ခန့်မှန်းထားချက်အရ ကရင်နီပြည်မှာ မြေမြုပ်မိုင်း အလုံးပေါင်း (၁) သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအရေအတွက်ဟာ ကရင်နီမှာ ရှိနေတဲ့ လူဦးရေ (၃) သိန်းရဲ့ ထက်ဝက်မှာ ရှိနေတဲ့အတွက် လူတွေရဲ့ သွားလာလုပ်ကိုင်စားသောက်ရေးမှာ လွန်စွာမှ ဒုက္ခရောက်နေကြရပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံ အနီးတ၀ိုက်မှာပင် စစ်အစိုးရမှ ထောင်ထားသော မြေမြုပ်မိုင်းပေါင်း ၁၈၀၀၀ ခန့် ရှိပြီး ထိုင်း-ကရင်နီပြည် နယ်စပ်တလျှောက်မှာမူ မြေမြုပ်မိုင်းပေါင်း ၂၀၀၀ ကျော်တယ်လို့ ကရင်နီ သတင်းအချက်အလက်များ စုဆောင်းသုတေတနပြုသော (ကေဒီအာဂျီ) အဖွဲ့မှ ပြုစုထားချက်အရ သိရပါတယ်။

“ထိုင်း-ကရင်နီနယ်စပ်ဘက်မှာပဲ စာရင်းရှိထားအရဆိုရင် ၂၀၀၀ ကျော် ရှိတယ်။ ဒါတောင်မှ ကျနော်တို့ နေရာဒေသအလိုက် ကွက်ကျားကွက်ကျား ရှိတဲ့ မိုင်းတွေရှိသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထောင်ထားတဲ့ မိုင်းလည်း ရှိတယ်။ နောက်ပြီးတော့ အပစ်ရပ်အဖွဲ့အစည်း ထောင်ထားတဲ့ မိုင်းတွေလည်း အများကြီး ရှိသေးတယ်။ စွန့်လွတ်မိုင်းတွေလည်း ရှိတယ်” ဟု ကေဒီအာဂျီအဖွဲ့မှ ဒု-တာဝန်ခံတဦး ဖြစ်တဲ့ ခူးတော်ပိုးက ပြောပါတယ်။

မြေမြုပ်မိုင်းတွေကို စစ်အစိုးရတပ်မှ အထူးသဖြင့် သူတို့ရဲ့ တပ်အခြေစိုက်ရာ စခန်းတိုင်းရဲ့ အနီးတ၀ိုက်၊ ကရင်နီပြည်တွင်းမှာ လျှပ်စစ်သွယ်တန်းသွားတော တာဝါတိုင်အောက်ခြေ အနီးတ၀ိုက်၊ အနက်ရောင် နယ်မြေလို့ သတ်မှတ်ခံထားရတဲ့ အိုင်ဒီပီများ ပုန်းအောင်းနေတဲ့ နေရာဒေသ အနီးတ၀ိုက်နဲ့ ကရင်နီတပ်မတော်တွေ လှုပ်ရှားနေတဲ့ နယ်မြေဒေသမှာ ထောင်လေ့တယ်လို့ ကရင်နီပြည်တွင်းတွင် မိုင်းအကြောင်းနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့က ဆိုပါတယ်။

မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်း အများဆုံး အသုံးပြုသူတွေမှာ အစိုးရမဟုတ်ပဲ တိုင်းရင်းသား လက်နက်အဖွဲ့တွေသာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှဒေသ မိုင်းကင်းစေရေး ဆွေးနွေးပွဲသို့ မြန်မာစစ်အစိုးရက ပထမအကြိမ် တက်ရောက်လာခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

မြန်မာစစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ချေမှုန်းရာမှာ တပါးနိုင်ငံများမှ ထုတ်လုပ်တဲ့ မြေမြုပ်မိုင်းတွေကို အသုံးပြုနေတဲ့အပြင် ကိုယ်ပိုင်ထုတ်လုပ်တဲ့ မြေပေါ်မြေအောက် မိုင်းတွေဖြင့်လည်း ကရင်နီပြည်တွင် အသုံးပြုနေပါတယ်လို့ ကရင်နီတပ်မတော်က တုံ့ပြန်ပြောဆိုပါတယ်။

“သူတို့က တပါးနိုင်ငံက ဗုံးအမျိုးအစားတွေလည်း သုံးတယ်။ သူတို့ ကိုယ်တိုင်ထုတ်တဲ့ ဗုံးကိုလည်း သုံးတယ်။ အများကြီးပဲ။ မြေမြုပ်ဗုံး ရှိတယ်။ တိုက်မိုက်ဗုံး ရှိတယ်။ မြေပေါ်ဗုံးလည်း ရှိတယ်။ ဒါပေမယ့် စစ်အစိုးရတွေက ကျနော်တို့ကို ညွန်းတာပဲလေ” ဟု ကရင်နီ တပ်မတော်မှ ဗျူဟာမှူး ဘျားရယ်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက မြန်မာစစ်အစိုးရကဲ့သို့ စက်ရုံအလုပ်ရုံများ အဆောက်အဦးတွေ မရှိတဲ့အပြင် အဆောက်အဦး လုံခြုံရေးအတွက် မိုင်းထောင်ထားခြင်းတွေလည်း မရှိကြောင်း ကရင်နီတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောပါတယ်။

ယခုလ ၁၀ ရက်နေ့တွင် ကရင်နီတပ်မတော် ရှေ့တန်းစခန်း တနေရာမှာ ထွက်ပြေးလာခဲ့ကြတဲ့ စစ်အစိုးရ လက်ဖြောင့်တပ်သားတွေရဲ့ ပြောပြချက်အရ တပ်ချိန်း၍ တဖွဲ့နဲ့တဖွဲ့ မိုင်းထောင်ထားတဲ့ နေရာကို အကုန်မပြနိုင်တာကတကြောင်း၊ ပြနိုင်ခဲ့သော်လည်း လိုက်လံထိန်းသိမ်းခြင်း မပြုနိုင်တာကတကြောင်း စတာတွေဖြင့် စွန့်လွတ်မိုင်း အမြောက်အများ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ကရင်၊ ကရင်နီ၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်၊ ပဲခူးနှင့် တနင်္သာရီးတိုင်း စတဲ့ဒေသဟာ မြေမြုပ်မိုင်းကြောင့် အသက်အန္တာရာယ် ခြိမ်းခြောက်မှုနဲ့ သေကျေပျက်စီးမှုတွေ ရှိတဲ့ ပြည်နယ်တွေ ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံအတွင်း မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း အသုံးပြုမှုကြောင့် သေကျေပျက်စီးမှု အများဆုံး နိုင်ငံတွေမှာ ပါဝင်နေတယ်လို့ မြေမြုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ရေး လှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ သြဂုတ်လ ၇ ရက်နေ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြေမြုပ်မိုင်း ထုတ်လုပ်မှု၊ တင်သွင်းမှု၊ သုံးစွဲမှု စတာတွေကို ပိတ်ပင်ဖို့ နိုင်ငံတကာ သဘောတူညီချက် ချုပ်ဆိုတဲ့ ၁၉၉၇ အော်တိုဝါ Ottawa မှာ လက်မှတ်ရေးထိုးခြင်း မရှိတဲ့ နိုင်ငံ ၃၀ ကျော်မှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။ ကမ္ဘာမှာ မြေမြုပ်မိုင်းကို တွင်ကျယ်စွာ အသုံးပြုနေဆဲ ဖြစ်တဲ့ နိုင်ငံ ၂ နိုင်ငံမှာ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဖြစ်ကြပါတယ်။

မြန်မာပြည်က အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားများ နာလှန်မထူနိုင်အောင် စစ်အုပ်စုက လက်နက်အားကိုးပြီး ဖိနှိပ်ထားပါတယ်။ နိုင်ငံကို စစ်တပ်အာဏာဖြင့် ဆက်လက်ချုပ်ကိုင်နိုင်ဖို့အတွက် စစ်အစိုးရက တဖက်သတ် ရေးဆွဲထားသော ဥပဒေမူကြမ်းကို မတရားသော နည်းလမ်းဖြင့် အတည်ပြုထားပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ ခေါ်ယူမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂါတ်ကို စစ်တပ်ကသာ လက်နက်အားကိုးပြီး ချုပ်ကိုင်နေ၍ နိုင်ငံအတွင်းမှာ ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ အလိုလို ပပျောက်သွားမယ်လို့ ဘယ်သူ့မှ အာမခံချက် ပေးလို့ မရပါဘူး။

ထိုနည်းတူ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒီမောဆိုမြို့နယ် ထီးလသူးခိုကျေးရွာမှာ ကလေးလေးနှစ်ယောက် စစ်အစိုးရ မြေမြုပ်မိုင်းကို နင်းမိတဲ့အတွက် မိုင်းလျော်ကြေး ပေးရမှာကို စိုးရိမ်သောကြောင့် မိဘတွေက သားငယ်လေးတွေရဲ့ အလောင်းကို တိတ်တိတ်ပုန်းခိုးပြီး သဂြိုလ်လိုက်ရဲ့ အဖြစ်မျိုး ဆက်မဖြစ်နိုင်ဘူးလို့လည်း ဘယ်သူ့မှ ကြိုတင်ပြောလို့ မရပါဘူး။ စစ်တပ်အာဏာရှင် စနစ်အောက်က ပြည်သူပြည်သားတွေရဲ့ အသက်ဟာ လုံးဝ တန်ဖိုး မရှိဘူးဆိုတာ သိသာထင်ရှားနေပါတယ်။

မြန်မာနိုင်ငံမှာ ကာလကြာရှည်စွာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ စစ်ရေးပြဿနာတွေ ပြေလည်စေရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲလာစေဖို့ တိုင်းရင်းသား အတိုက်အခံအင်အားစုတွေနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေမှ ပါဝင်သဘောတူနိုင်သည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နိုင်မှသာလျင် ပြည်သူလူထုတွေကို အန္တာရယ်ပေးနေတဲ့ မြောက်များစွာသော မြေမြုတ်မိုင်း ကိစ္စကိုလည်း ဖြေရှင်းနိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

No comments: