Tuesday, October 6, 2009

ဖောက်ခွဲရေးသင်တန်း တက်သည်ဟု စွပ်စွဲကာ သံဃာတော်အချို့အား ဖမ်းဆီးစစ်ဆေးနေ

အောင်ထက် / ၆ အောက်တိုဘာ ၂၀၀၉

နယ်စပ်၌ ဖောက်ခွဲရေး သင်တန်း တက်ရောက် ခဲ့သည် ဆိုသော စွပ်စွဲချက်ဖြင့် ပြည်ပနိုင်ငံ များမှ ပြန်ကြွ လာသော သံဃာတော် (၈) ပါးအား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီး ထိန်းသိမ်း လိုက်သည်။

အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီး ထားသော သံဃာတော် များအား ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ မဟာပါသဏ လိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ် ကျောင်းဆောင်၌ နိုင်ငံတော် ဗဟိုသံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော် အချို့နှင့် သတင်းတပ်ဖွဲ့ တို့က စစ်ဆေးခဲ့သည်။

ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက် စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ် ကျခံစေရန် အင်းစိန် အကျဉ်းဦးစီး ဌာနသို့ လွှဲပြောင်း ခဲ့ပြီး ယခုအခါ ကျန်ရှိ သံဃာတော် (၁) ပါးအား ဆက်လက် စစ်ဆေးနေဆဲဟု ဆရာတော်များ နှင့် နီးစပ်သည့် အသိုင်း အ၀ိုင်းမှ သိရ သည်။

သံဃာ တော်များအား ဖမ်းဆီး ထိန်းသိမ်းကာ စစ်ဆေး နေကြောင်း သာသနာရေး ၀န်ကြီးဌာန ၀န်ထမ်း အများစု သိရှိနေ သော်လည်း ၎င်းသံ ဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာ ကျောင်းတိုက်၊ မြို့နယ် ကျေးရွာ တို့ကိုမူ အထူးလျှို့ဝှက်ထားသည်။

“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်း တပ်ဖွဲ့ဝင် တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင် ဖူးကြဘူး” ဟု သာသနာ ရေးဝန်ကြီးဌာန အရာထမ်း တဦးက ပြောသည်။

ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ် စောင့်ကြည့် စစ်ဆေး လျက်ရှိသည်ဟု သိရသည်။

အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။

ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃ မဟာ နာယ ကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်း သုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာန ကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီး ထားသော သံဃာ တော်အချို့ ရှိနေသည် ဟုလည်း သိရသည်။

၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေး လေ့ရှိ ကြောင်း ၀န်ထမ်းတို့က ပြောသည်။

ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန၊ သာသနာ တော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။

တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။

နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။

အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်း ညွန့် ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်း မှ ဆရာတော်တပါးက မိန့်သည်။

No comments: