မြန်မာ နအဖ စစ်အစိုးရမှ အငြင်းပွား ရေပြင်ပိုင်နက် အတွင်း ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ဂတ်စ်တူးဖေါ်ခွင့် ကန်ထရိုက် ရရှိထားသော အမေရိကန် ကုမ္ပဏီ ConocoPhillips ကို ဂတ်စ်ရှာဖွေ မလုပ်ရန် သတိပေး ထားသည်။ မြန်မာ စစ် အစိုးရမှ အဆိုပါ ကုမ္ပဏီကို များမကြာမှီက ပင်လယ်ပြင် လုပ်ကွက် အမှတ် ၁၁ တွင် ဂတ်စ်ရှာဖွေ တူးဖေါ်မူ မလုပ်ရန် သတိ ပေးခဲ့ပြီး အဆိုပါ ပိုင်နက်နယ်မြေမှာ မြန်မာပိုင် ဖြစ်သည်ဟု ပြောကြား ကြောင်း သိရသည်။
အမေရိကန် ကုမ္ပဏီ ConocoPhillips မှာ ဘင်္ဂလာ ပင်လယ်အော် ကမ်းလွန်ရေပြင် လုပ်ကွက် ၁၀ နှင့် ၁၁ တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖေါ်ခွင့်ကို များမကြာမှီက ဘင်္ဂလာဒေခ်ျ့ အစိုးရထံမှ ရရှိထားသော ကုမ္ပဏီ ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရ တာဝန်ရှိသူများ အပြောအရ အမေရိကန် ConocoPhillips မှ တာဝန်ရှိသူများမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် အငြင်းပွားရေပြင်ပိုင်နက် ကိစ္စကို ဆွေးနွေးရန် အထူးလိုလားနေသည်ဟု သိရသည်။
အဆိုပါ ကုမ္ပဏီမှ အငြင်းပွားရေပြင်ပိုင်နက်အတွင်း ဂတ်စ်တူးဖေါ်နေစဉ် မြန်မာဘက်က စစ်သင်္ဘောများ စေလွတ်ပြီး ဂတ်စ်တူးဖေါ်မူကို ရပ်တန့်ပါက မည်သို့ လုပ်ဆောင်မည်ကို သိလိုပါကြောင်း ဘင်္ဂလာအစိုးရ တာဝန်ရှိသူများကို မေးမြန်းထားသည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့မှာ ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြစ်ပွားခဲ့သဖြင့် လွန်ခဲ့သော နိုဝင်္ဘာလအတွင်းက နှစ်ဘက်နိင်ငံမှ အငြင်းပွားရာ ရေပြင်ပိုင်နက်အတွင်း စစ်သင်္ဘောများ စေလွတ်ခဲ့ကြသည်။
၎င်းနောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့်လည်း သူနိုင်ငံအတွင်း ရေပြင်ပိုင်နက်များကို လုပ်ကွက်များ သတ်မှတ်ပြီး နိုင်ငံခြား ကုမ္ပဏီများကို ဂတ်စ်နှင့် ရေနံ ရှာဖွေရန် ဌားရမ်းလာခဲ့သည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် ယခုအငြင်းပွားရာ ရေပြင်ပိုင်နက် အတွင်း နိုင်ငံခြား ကုမ္ပဏီ များ ဂတ်စ်ရှာဖွေ တူးဖေါ်ပါက မြန်မာနှင့် ပြဿနာ ဖြစ်လာနိုင်သဖြင့် အမေရိကန် အစိုးရ၏ အကူအညီကို ရရှိရန် ၀န်ကြီးချုပ် ရှိတ်ခါးဆီနာ၏ အမေရိကန် ခရီးစဉ်အတွင်း ချဉ်းကပ်ကြိုးစားခဲ့သည်ဟု သံတမန် သတင်း ရပ်ကွက်အရ သိရသည်။
No comments:
Post a Comment