Tuesday, October 13, 2009

ဘင်္ဂလာဒေခ်ျ့ စစ်ဦးစီးချုပ် မြန်မာနယ်စပ် အနီး လျှပ်တပြက် သွားရောက်စစ်ဆေး

Narinjara News

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကြည်းတပ် စစ်ဦးချုပ် ဗိုလ် ချုပ် အာဘဒူလ် မူဘိန်းသည် ယမန်နေ့ ညနေပိုင်းက မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော စစ်စခန်း တခုကို သွားရောက် လည် ပတ် စစ်ဆေးခဲ့သည်။

သူသွားရောက်လည်ပတ်ခဲ့သော စစ်အခြေစိုက် စခန်းမှာ အလယ်ခွာတောင် စစ်တပ် စခန်း ဖြစ်ပြီး မြန်မာနယ်စပ် အနီးတွင် တည်ရှိသည်။ အဆိုပါ စစ်စခန်းမှာ စစ်တကောင်း တောင်တန်းနယ် တောင်ပိုင်းတွင် တည်ရှိသော စစ်စခန်းများထဲတွင် အကြီးမားဆုံးဖြစ်သည်။


အဆိုပါ စစ်စခန်းမှာ မြန်မာဘက်မှ ဘူးသီးတောင်မြို့နယ်နှင့် ဆက်စပ်ဒေသတွင် အခြေစိုက်ထားပြီး ယခု မြန်မာဘက်မှ စစ်ရေးအရ လူပ်ရှားနေသော နယ်စပ်ဒေသ အနီးတွင် တည်ရှိသည်။

စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ ဗိုလ်ချုပ် မူဘိန်းသည် ယမန်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ဖြင့် အလယ်ခွာတောင် စခန်းသို့ ရောက်ရှိလာပြီး ဒေသဆိုင်ရာ စစ်ဘက် အရာရှိများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ ကြည်းတပ် စစ်ဦးစီးချုပ် အနေဖြင့် စစ်ရေး အခြေအနေ တင်းမာနေသော မြန်မာ နယ်စပ်အနီးရှိ စစ်စခန်းတခုသို့ သွားရောက်လည်ပတ်ခြင်းမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

တချိန်တည်းတွင်ပင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ BNS Abu Bakar အမည်ရှိ ရေတပ် သင်္ဘော တစီးကို အငြင်းပွား ရေပြင်ပိုင်နက် အနီးကို စေလွတ်ထားပြီး အဆိုပါ နယ်နမိတ် ပတ်ဝန်းကျင်တွင် ခုတ်မောင်း သွားလာ စောင့်ကြည့်နေသည်ဟု ဘင်္ဂလာရေတပ်က ပြောသည်။

အဆိုပါ သင်္ဘောနှင့် အတူ ဖရီးဂိတ် သင်္ဘောများလည်း ပါဝင်သည်ဟု ရေတပ် အရာရှိ တဦးက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် ယခုအခါ စစ်ရေး အရ ပြင်ဆင်မူကို နယ်စပ် တလျောက်တွင် တိုးမြှင့် လုပ်ဆောင်နေပြီး ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ မြန်မာဘက်က ရန်စမူကို အကြိမ်ကြိမ်ပြုလုပ်ခဲ့၍ ဖြစ်သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်က ပြောသည်။

အလားတူ မြန်မာဘက်မှလည်း ယခုအခါ စစ်ရေး တည်ဆောက်မူကို တိုးမြှင့် လုပ်ဆောင်နေသည်ဟု သတင်းရရှိသည်။

No comments: