နဝမ အကြိမ်မြောက် ဆွေမျိုး ပေါက်ဖော် ပျော်ပွဲရွှင်ပွဲ၏ တစိတ် တပိုင်း အနေဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှု အဖွဲ့များ၊ နွားအလှ လှည်းယာဉ် နှင့် အလှမယ်များ စီတန်း လှည့်လည်ပွဲ ကို ယမန်နေ့က ရွှေလီမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး မူဆယ် ခရိုင်မှ ယဉ်ကျေးမှု အဖွဲ့နှင့် နွားလှည်း ယဉ်တစီး ပါဝင် ဆင်နွှဲခဲ့သည်။နှစ်နိုင်ငံ နယ်စပ်ဒေသ အတွင်းရှိ ကချင်၊ ပလောင်၊ ရှမ်း၊ မြန်မာနှင့် တရုတ်လူမျိုး တို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ကို ဖော်ပြသည့် ဝတ်စား ဆင်ယဉ် မှုများ၊ အကများ၊ ရိုးရာ ဓလေ့ များကို ပြသ ခဲ့ကြပြီး နွားလှည်း ယာဉ် စုစုပေါင်း (၃၇) စီးတွင် အလှပြ မယ်များ တဦးစီ လိုက်ပါ လျက် လှည့်လည်ပြသ ခဲ့သည့်အတွက် ယခင် နှစ်များထက် ပိုမို စည်ကားကြောင်း ရွှေလီ ဒေသခံ တဦးက ပြောသည်။
၎င်းက “လူတွေက အတော်လေးများလာတယ်။ ဗမာဘက်ကဆို တိုင်းရင်းသားအဖွဲ့တွေကော၊ အိုးစည်ဝိုင်းနဲ့ ကတာတွေ ပါလာတယ်။ နွားလှည်းယာဉ်တွေလည်း အရင်ကထက် အစီးရေတိုးလာတယ်။ ဗမာလှည်းကတော့ အရင်နှစ်တွေလိုပဲ တစီးပဲလာတယ်။ စစ်သူကြီးနှစ်ယောက်က နွားလှည်းဘေး ကပ်လိုက်တဲ့ ပြကွက်ကတော့ နွားလှည်းယာဉ်ပြပွဲ စကတည်းက အခုချိန်ထိ လေး၊ ငါး နှစ်ရှိနေပြီ၊ ဒါဟာ ဒါပဲ၊ အပြောင်းအလဲ လုပ်မလာတတ်သေးဘူး” ဟု ရွှေလီဒေသခံတဦးက ပြောသည်။
ဆွေးမျိုးပေါက်ဖော်ပျော်ပွဲရွှင်ပွဲကို ၂ဝဝဝ ပြည့်နှစ်မှစတင်၍ ၂ဝဝ၃ ခုနှစ်၊ တရုတ်ပြည်အတွင်း ဆားရောဂါဖြစ်ပွားနေချိန်မှလွဲ၍ နှစ်စဉ် မေလ ပထမပတ်အတွင်း တရုတ်ပြည်၊ ရွှေလီမြို့၌ ကျင်းပလာရာ ယမန်နှစ်မှစ၍ အောက်တိုဘာသို့ ရက်ပြောင်းရွှေ့ ကျင်းပခဲ့သည်။
ပွဲတော်ရက်များအတွင်း နွားအလှယာဉ်ပြိုင်ပွဲ၊ ဖက်ရှင်ပြပွဲ၊ တိုင်းရင်းသားဝတ်စုံပြပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ အားကစားပြိုင်ပွဲများကို ကျင်းပလေ့ရှိသကဲ့သို့ ယမန်နှစ်ကစ၍ ကျောက်မျက်ပြပွဲနှင့် ဈေးရောင်းပွဲတော်များပါ တပါတည်း ကျင်းပလာသည်။
ယခုစတင်ကျင်းပနေသည့် နဝမအကြိမ်မြောက် ဆွေးမျိုးပေါက်ဖော် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ (၃)ရက်၊ နံနက်ပိုင်းက တရုတ်ပြည်၊ ရွှေလီမြို့၊ ရွှေလီ မြစ်ကမ်းဘေး ပြည်သူ့ရင်ပြင်တွင် မြန်မာဘက်မှ မူဆယ်ခရိုင်ဥက္ကဋ္ဌဦးဆောင်ပြီး တက်ရောက်ခဲ့သကဲ့သို့ တရုတ်ဘက်မှ တယ်ဟုန်တိုင်းခရိုင်အဆင့် အာဏာပိုင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မနက်ဖြန်တွင် ပြီးဆုံးမည်ဖြစ်သည်။
No comments:
Post a Comment