ခိုင်လင်း / ၂ အောက်တိုဘာ ၂၀၀၉
ကချင်ပြည် ဒီမိုကရေစီ သစ်တပ်မတော် (NDA-K) ထိန်းချုပ်ရာ ပန်ဝါ ဒေသအနီး ချီဗွေမြို့ နားတွင် နအဖ အခြေချ တပ်စခန်း အသစ် တည်ဆောက်ရန် ပြင်ဆင် နေသည်။
ယခင်က ချီဗွေ ရဲစခန်းအနီးတွင် နအဖ ရှေ့တန်းတပ်စခန်းတခု ရှိခဲ့ရာမှ ချီဗွေမြို့ပြင်ရှိ တောင်ကုန်းပေါ်တွင် အမြဲတမ်း အခြေချသွားမည့် စစ်တပ်တည်ဆောက်ရန် စီစဉ်နေသည်ဟု စစ်တပ်နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက “ချီဗွေမြို့ထဲက စခန်းက တပ်တွေအမြဲမနေရဘူး။ (၄) လတခါလောက်လဲတာ။ အခုလောလောဆယ် ခလရ (၅၈)၊ ဝိုင်းမော်တပ်က ရှေ့တန်းအနေနဲ့ အဲဒီမှာ ထိုင်နေတာ။ အခုက ချီဗွေကနေ (၁) မိုင်ကျော်ကျော်လောက်အထိ တောင်ပေါ် ပြန်တက်ရသေးတယ်။ မဆုတ်တမ်း ခံစစ်စခန်းဆိုပြီး အမည်တပ်ထားတယ်။ ပြီးခဲ့တဲ့ အပတ်တည်းကစလို့ သရီးကရောင်တို့၊ တုံဖုန်းကား (တရုတ်လုပ် ခြောက်ဘီးကား) တွေနဲ့ ရိက္ခာတွေ၊ စစ်ပစ္စည်းတွေ စပို့နေပြီ။ မြစ်ကြီးနားကနေ ဒီဘက်ကို သယ်နေတာ” ဟု ပြောသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်ရင်းများက အလှည့်ကျ ရှေ့တန်းစခန်းအဖြစ် လှုပ်ရှားနေရသည့် ချီဗွေအနီးတွင် အခြေချတပ်စခန်းသစ်အဖြစ် တည်တော့မည်ဖြစ်သော်လည်း တပ်၏အမည်ကိုမူ မသိရှိရသေးကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သဘောတူထားပြီး ဒေသအတွင်း တပ်မြေနေရာကြည်ရှုစစ်ဆေးမှုများကို မပခ စစ်ဘက်အရာရှိများ ပြီးခဲ့သည့်လပိုင်းက လာရောက်လုပ်ပြီးသွားသလို NDA–K တပ်ဖွဲ့ဝင်များအား မြစ်ကြီးနားမြို့အနီး၊ ပြင်ထောင်ကျေးရွာတွင် သင်တန်းပေးနေ၍ မကြာမီအချိန်အတွင်း NDA–K နယ်မြေတွင် နယ်ခြားစောင့်တပ်များနှင့် နအဖတပ်များ တည်ရှိတော့မည်။
ထို့ကြောင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်အား နအဖတပ်များက တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်ကပါ ဝိုင်းပတ်သွားသလိုဖြစ်နေ၍ ကေအိုင်အိုအတွက် စစ်ရေးအရ ခြိမ်းခြောက်ဖိအားပေးခံရဖွယ်ရှိနေကြောင်း စစ်ရေးအကဲခတ်များက ဝေဖန်နေကြသည်။
ကေအိုင်အိုအဖွဲ့သည် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ယခုချိန်ထိ လက်ခံသဘောတူညီနိုင်ခြင်း မရှိသေးဘဲ နယ်ခြားစောင့်တပ်အစား ကချင်ဒေသကာကွယ်ရေးတပ်အဖြစ်သာ ပြောင်းလဲရန် ဆန္ဒရှိနေသည်။
No comments:
Post a Comment