မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 07 ရက် 2009
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ကိုယ်စားလှယ် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ရိပ်သာတွင် တွေ့ဆုံ ဆွေးနွေးကြသည်။
ဒေါ်အောင်ဆန်းစုကြည်က နအဖ အကြီးအကဲထံ ရေးသားပေးပို့သော စာနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုသည် ၂၅ မိနစ်အကြာတွင် ပြီးဆုံးသွားခဲ့သည်။
ဤကဲ့သို့ တွေ့ဆုံမှုသည် ပြီးခဲ့သည့် ၅ ရက်အတွင်း ဒုတိယမြောက် တွေ့ဆုံခြင်းဖြစ်သည်။
လက်တလော ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသော်လည်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းချက်နှင့် သက်ဆိုင်သည်ဟူ၍ အန်အယ်ဒီ ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက အစောပိုင်းတွင် မဇ္ဈိမကို ပြောဆိုခဲ့သည်။
အနောက်ကမ္ဘာမှ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးအတွက် ဗိုလ်ချုပ်မှူးကြီးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်လနှောင်းပိုင်းတွင် စာရေးသား၍ ကမ်းလှမ်းခဲ့သည်။
ထိုကဲ့သို့ ပိတ်ဆို့မှုဖယ်ရှားရေး ကြိုးပမ်းရန်အတွက် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျားနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ပေးစာထဲတွင် တောင်းဆိုထားသည်။
No comments:
Post a Comment