မျိုးသိဏ်း
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထဲရေး ဝန်ကြီးဌာန ဌာနတွင်း ပြဿနာ များနှင့် အတူ ရုတ်တရက် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသူ ရန်ကုန် တိုင်း ရဲမှုးကြီးဟောင်း ဝင်းနိုင်မှာ အင်းစိန် ထောင်အတွင်း အထူးဆောင်တွင် ချုပ်နှောင် ခံထားရပြီ ဖြစ်ကြောင်း အင်းစိန် အကျဉ်းထောင် အရာ ရှိ များက ပြောသည်။
`တပတ်နီးပါး ရှိနေပါပြီ။ လောလောဆယ်မှာတော့ အထူးဆောင်ကို အ.က.စ က ထောင်မှူးအဆင့် ဝန်ထမ်းတွေတောင် သွားခွင့်မရဘူးခင်ဗျ။` ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော ထောင်ကြီးမှ အရာရှိတဦးက ပြောသည်။
ရဲမှူးကြီး ဝင်းနိုင်နှင့်အတူ ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူးနှင့် မြို့နယ်မှူးတို့မှာလည်း အဖမ်းခံထားရပြီဟု သိရသည်။
ရဲမှူးကြီး ဝင်းနိုင်မှာ သူ၏ ဇနီးဖြစ်သူ ဦးစီးဖွင့်လှစ်သော အလှပြုပြင်ရေးဆိုင် ပြဿနာမှအစပြုပြီး လာဘ်ပေး လာဘ်ယူမှုများဖြင့် စစ်ဆေးခံရသည်။ ရာထူးမှ ဖယ်ရှားပြီး အကျယ်ချုပ် ချထားစဉ် ကာလအတွင်း ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့၍ ရဲချုပ် ခင်ရီကိုယ်တိုင် လိုက်ခေါ်ခဲ့ရသည်ဟု ပြည်ထဲရေး သတင်းရပ်ကွက်တခုက ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သတင်းရပ်ကွက်က ပြောသည်။ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
ဦးဝင်းနိုင်က သူ၏ ဗြူတီဆလွန်းသို့ ရန်ကုန်တိုင်းမြို့နယ်ရှိ ရဲဝန်ထမ်းများနှင့် ရဲဝန်ထမ်း မိသားစုများကို သွားရောက် အလှပြင်စေခဲ့သည်ဟု နာမည်ကျော်ကြားသည်။
`ဟုတ်ပါတယ်။ ကျနော်တို့ လသာစခန်းကလည်း လွှတ်ရပါတယ်။ ဆိုင်မှာ အနိမ့်ဆုံး ဆံပင်ညှပ်ခက (၃၀၀၀) ကျပ် ယူပါတယ်။ ခေါင်းလျှော်တာလဲ (၃၀၀၀) ပါပဲ။` ဟု လသာရဲစခန်းမှ ရဲဝန်ထမ်းတဦးက ပြောသည်။
စက်တင်ဘာလ ဒုတိယပိတ်ခန့်မှစတင်၍ အောက်တိုဘာလဆန်းအထိ ရန်ကုန်တိုင်းအတွင်းရှိ ` အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ၊ ညကလပ်များ` ကို စီမံချက်ဖြင့် ပိတ်ပင်ထားခဲ့သော်လည်း ကျောက်တံတား မြို့နယ်အတွင်း အနှိပ်ခန်းလေးခု ဖွင့်လှစ်မြဲ ဖွင့်လှစ်ခဲ့သည့်အတွက် ကျောက်တံတား ရဲစခန်းမှူး အရေးယူခံရခြင်း ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ပြောသည်။
ရဲချုပ်ခင်ရီနှင့် ပတ်သတ်၍ တိုင်းရုံးမှ ဒုရဲအုပ်က- `ရဲချုပ်က ဖြစ်ဖြစ်ချင်းမှာ ရဲမှူးကြီးကို အာမခံပေးဖို့ အထက်ကို တင်ပြခဲ့ပါတယ်။ နေပြည်တော်မှာ စစ်ဆေးနေတုန်း အာမခံ ထုတ်ပေးခဲ့တာလို့ ကျနော်တို့ ကြားပါတယ်။ နောက်ပိုင်း ရဲမှူးကြီး ဝင်းနိုင် ပျောက်သွားတော့ ရဲချုပ်လည်း အစစ်ဆေးခံရတယ်လို့ သိရပါတယ်။` ဟု ပြောသည်။
ရဲချုပ်ခင်ရီကို ခေါ်ယူစစ်ဆေးမှု ပြင်ပတွင် သတင်းများ ပြန့်နှံလာမှုကို ထိန်းချုပ်သည့် အနေဖြင့် စက်တင်ဘာ (၃၀) ရက်နေ့တွင် အစိုးရအာဘော် သတင်းစာများ၌ ရဲမှူးခင်ရီ ရန်ကုန်တိုင်းအတွင်း ရဲတပ်ဖွဲ့များကို စစ်ဆေးသည့် သတင်းအား ထုတ်ပြန်စေခဲ့သလို ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်များတွင်ပါ ထဲ့သွင်းစေခဲ့သည်။
အောက်တိုဘာ (၃)ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ (၄၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၊ ရှေ့နေချုပ် ဦးအေးမောင် နှင့် ဒုတိယ ရဲချုပ် ရဲမှူးချုပ် ဇော်ဝင်းတို့သာ တက်ရောက်ခဲ့သဖြင့် ပြင်ပတွင် ရဲချုပ်အား ထိန်းသိမ်းထားသည် ဟူသော ကောလဟာလများ ပိုမို ပျံနှံခဲ့သည်။
ယခု အပတ်ထုတ် ပုဂ္ဂလိကပိုင် ဂျာနယ်များတွင် ရဲချုပ်ခင်ရီ စက်တင်ဘာ (၂၉) ရက်နှင့် (၃ဝ)ရက်နေ့တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်းများအား စစ်ဆေးလျှက် ရှိနေသည် ဟူသော သတင်းနှင့် ဓါတ်ပုံကို စာပေစီစစ်ရေးက ဖိအားပေး၍ ထည့်သွင်း ပုံနှိပ်စေသည်။
`ဟုတ်ပါတယ်။ စာပိုဒ် သုံးပိုဒ်ပါတဲ့ သတင်းတိုလေးနဲ့ ဓါတ်ပုံကို စာပေစီစစ်ရေးက ထုတ်ပေးပြီး။ ဒီသတင်းထည့်ပေးဖို့ ပြောခဲ့ပါတယ်။`ဟု ပြည်တွင်း သတင်းဂျာနယ်တခုမှ အယ်ဒီတာ တဦးက ပြောသည်။
လတ်တလောကာလတွင် သင်္ကန်းရောင် သုတ်ထားသည်ဟု လူအများ ပြောဆိုနေကြသော လိမ္မော်ရောင် ဆိုင်ကယ်များ စီးနှင်းနေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ ဌာနတွင်း ပြဿနာများကို လူအများ စိတ်ဝင်စားနေကြကြောင်း တွေ့ရသည်။
ပိတ်ပင်ထားသော အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များနှင့် ညကလပ်များမှာ ယနေ့အချိန်တွင် ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။
No comments:
Post a Comment