Friday, October 9, 2009

ရဲချုပ်၏သတင်းဟောင်း စစ်အစိုးရသတင်းစာတွင်လိမ်လည်ဖော်ပြ

ဝီရ / ၉ အောက်တိုဘာ ၂၀၀၉

ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည်ဟု သတင်းထွက်ပေါ်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရဲချုပ်ခင်ရီနှင့် ပတ်သက်၍ အများပြည်သူများအား သက်သေပြရန် ပြီးခဲ့သည့် သီတင်းပတ်က ရိုက်ကူးခဲ့သည့် ရဲချုပ်၏ ဓာတ်ပုံအဟောင်းများကို စစ်အစိုးရပိုင် သတင်းစာများတွင် ဆက်တိုက်ဖော်ပြထားသည်။

ထိုသို့ဖော်ပြရာတွင် အချက်အလက်အချို့ လွဲချော်နေကြောင်းနှင့် သမားရိုးကျ ဖော်ပြခြင်းမျိုး မဟုတ်ကြောင်း ပြည်နယ် ရဲမှူးအဆင့်ရှိသူ ရဲဝန်ထမ်းတဦးက ပြောသည်။

၎င်းက “(၇) ရက်နေ့ သတင်းစာမှာပါတဲ့ ရဲချုပ် ခင်ရီရဲ့ ဓာတ်ပုံသတင်းက အမှန်မှာ အောက်တိုဘာ (၆) ရက်က ရိုက်တာမဟုတ်ဘူး။ အောက်တိုဘာ (၁) ရက်က ပုံဖြစ်တယ်။ မနေ့က (၈) ရက်နေ့ထုတ်တဲ့ သတင်းစာမှာလည်း အစီအစဉ်မကျဘူး။ ဟိုး စက်တင်ဘာ (၂၉) ရက်က သန်လျင်ရဲစခန်းကို သွားတဲ့ပုံ ပြန်ပါလာတယ်။

ဒါကြောင့် ကျနော်တို့ ရဲတပ်ဖွဲ့အထဲကတောင် ဒီကိစ္စကို နားမလည်တော့တာ။ ရဲချုပ် ဘာဖြစ်နေလဲဆိုတာကို” ဟု ခေတ်ပြိုင်သို့ ရှင်းပြသည်။

အောက်တိုဘာ (၇) ရက်ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့၌ လုပ်ငန်းဆိုင်ရာများ ဆွေးနွေးမှာကြား” ဆိုသည့်သတင်းကို အောက်တိုဘာ (၆) ရက်နေ့စွဲဖြင့် သွားရောက်သည့်အဖြစ်အပျက်မျိုး ဖြစ်အောင် ရေးသားဖော်ပြထားသည်။ သို့သော် အမှန်တွင် ထိုဆွေးနွေးပွဲသည် အောက်တိုဘာ (၁) ရက်ကဟု ထိုရဲမှူးက အခိုင်အမာ ပြောဆိုသည်။

ယင်းသို့ဖော်ပြရခြင်းမှာ အပတ်စဉ်ထုတ် ဂျာနယ်များတွင် အတင်းအဓမ္မ ဖော်ပြခိုင်းသော်လည်း ယခုတပတ်ထုတ် ဂျာနယ်များတွင် ထိုသတင်း ပါလာခြင်းမရှိ၍ ယခုကဲ့သို့ သတင်းစာများတွင် ရဲချုပ်သည် ကောလာဟလသတင်းများကဲ့သို့ မဟုတ်ကြောင်း သက်သေပြရန်အတွက် ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

ရဲချုပ်ခင်ရီ၏ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ရဲစခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည့် စက်တင်တာ (၂၉) ရက်ပါ အကြောင်းအရာကိုလည်း ယမန်နေ့ အောက်တိုဘာ (၈) ရက်ထုတ် ကြေးမုံသတင်းစာတွင် ပြန်လည်ဖော်ပြထားသည်။

ရဲချုပ်ခင်ရီအား စစ်တပ်အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်လာချိန် အောက်တိုဘာ (၁) ရက်တွင် ရဲချုပ်က အင်းစိန် ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်လေ့လာခဲ့သည့် ထိုနေ့ထုတ် မြန်မာ့အလင်း၏ ဓာတ်ပုံသတင်းတွင် ရက်စွဲဖော်ပြထားခြင်း မရှိချေ။

No comments: