၂၀၁၀ ရွေးကောက်ပွဲ ကို သပိတ်မှောက် ရန်အတွက် အဓိက ကျသည့် ပြည်သူ ထူထုကို လှုံ့ဆော်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန်လိုကြောင်း လူ့ဘောင်သစ် ဒီမိုက ရက်တစ်ပါတီ တွဲဘက် အထွေထွေ အတွင်း ရေးမှူး ဦးငွေလင်းက ပြောသည်။ယနေ့ ကျရောက်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တည်ထောင်ခြင်း (၂၁) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား တွင် ပြော ဆို လိုက်ခြင်းဖြစ်သည်။
“၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ အဓိကက လူထုအပေါ်မှာ တာဝန်ရှိပါတယ်။ နောက်ပြီး လူထုက မန်းဒိတ်ပေးထားတဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ပိုင်ရှင်တွေ ဖြစ်ပါတယ်။ အဲဒီလူထုတွေက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ကြိုဆိုပိုက်ထွေးတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ အဲဒါကြောင့် ဆက်လက် သပိတ်မှောက်သွားရမှာပဲဖြစ်တယ်” ဟု ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်အတွက် နိုင်ငံရေးအင်အားစုများအနေဖြင့် ပြည်သူလူထုကို ယခုထက်ပိုပြီး စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ပြီး အနိုင်ရပါတီများကိုလည်း ယခင်ထက် ပိုမိုဝန်းရံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရန်လိုကြောင်း ဦးငွေလင်းက ဆက်ပြောသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားနှင့်ပတ်သက်၍ “(၂၁) နှစ်တာ ကျနော်တို့ ဖြတ်သန်းမှုအတွင်းမှာ စွန့်လွှတ်စွန့်စား အသက်ပါပေးပြီး ဆောင်ရွက်သွားခဲ့ကြတဲ့ ရဲဘော်တွေ၊ အခုထက်တိုင် ဆောင်ရွက်နေကြတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချင်တာရယ်၊ ၂၀၁၀ ရွေးကောက်ပွဲအပေါ်မှာ ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းကို လူထုတွေ၊ မဟာမိတ်အဖွဲ့တွေကို ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင် ကျောင်းသားလူငယ်များ၊ လူတန်းစားအသီးသီးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီများထဲတွင် (၉၀) ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် အင်အားအကြီးမားဆုံး ပါတီဖြစ်ကာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးအတွက် တိုက်ပွဲဝင်နေသည့် ပါတီဖြစ်သည်။
No comments:
Post a Comment