Narinjara News
မြန်မာ - ဘင်္ဂလာနယ်စပ်တွင် နှစ်ဘက်တပ်များကို အားဖြည့် ချထားမူကြောင့် နယ်စပ် အခြေအနေ တင်းမာနေသော်လည်း နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်အတိုင်း လည်ပတ်လျှက်ရှိသည်။
တက်ကနက်မြို့မှ ကုန်သည် တဦးက “ ခုပြဿနာ ဖြစ်နေတာက ကုနှ်တွင်းပိုင်း နယ်စပ်ချင်းထိစပ်နေတဲ့ နေရာတွေမှာ ဖြစ်နေတဲ့အတွက် နတ်မြစ်ကို ဖြတ်ပြီး ပြုလုပ်နေတဲ့ နယ်စပ် ကုန်သွယ်ရေးက ပုံမှန်အတိုင်းဘဲ ရှိနေပါတယ်။ မောင်တောက နေ့ချင်းပြန်လာတဲ့ မော်တော်ဘုတ်တွေလည်း ပုံမှန် သွားလာနေသလို ပင်လယ်ကို ဖြတ်ပြီး ကုန်တွေ တင်ပို့နေတဲ့ သင်္ဘောတွေ ဘုတ်တွေလည်း ပုံမှန် ၀င်ရောက်နေတာကို တွေ့ရပါတယ်” ဟု ပြောသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တောင်ဘက်ပိုင်း နယ်စပ် တက်ကနက် မြို့နယ်အတွင်း အခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး စစ်ဘက်ဆိုင်ရာ လူပ်ရှားမူများလည်း ထူးထူးခြားခြား ရှိမနေကြောင်း သိရသည်။
“ ကော့ဘဇားတောင်ဘက်ပိုင်း နတ်မြစ်ကမ်းခြေတလျောက်မှာ ဘင်္ဂလာဒေခ်ျ့ဘက်က စစ်ရေးအရ လူပ်ရှားမူတွေကို မတွေ့ရပါဘူး။ ဘီဒီအာရ်တွေလည်း ပုံမှန်အတိုင်း စောင့်ကြပ်နေတာကို တွေ့မြင်နေရပါတယ်။ လူတွေလည်း ခါတိုင်းလိုဘဲ သွားလာ လူပ်ရှားနေကြတာပါဘဲ” ဟု သူက ပြောသည်။
တက်ကနက် ဆိပ်ကမ်းတွင် ဖွင့်လှစ်ထားသော နယ်စပ်ကုန်သွယ်ရေး စခန်းသို့ မြန်မာဘက်မှ ကျွန်းသစ်များနှင့် တခြား သစ်မာများ၊ အိမ်မွေးတိရစ္ဆာန်များ၊ ဆန်နှင့် တခြား အသုံးအဆောင် ပစ္စည်းများ ၀င်ရောက်နေပြီး အများစု ကုန်ပစ္စည်းများမှာ မြန်မာဘက်က တရားမ၀င် တင်ပို့နေသော ကုန်ပစ္စည်းများ ဖြစ်သည်ဟု သိရသည်။
မောင်တောမြို့မှ ဘင်္ဂလာနှင့် မြန်မာအကြား နေ့ချင်းပြန် ခရီးသွားလာနေသူ အမျိုးသမီး တဦးကလည်း “ မောင်တောမှာတော့ အခြေအနေက အေးဆေးဆေးဆေး ရှိပါတယ်။ စစ်သားတွေ သွားတာ လာတာတွေကိုလည်း မတွေ့ရပါဘူး။ စစ်ဖြစ်မယ်ဆိုပြီး ပြောဆိုသံတွေကိုလည်း မကြားမိပါဘူး။ ဒါကြောင့်လည်း ကျွန်မတို့ ခုလို သွားလာနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
မောင်တောမြို့မှ ရရှိသော သတင်းအရ နစက တပ်ဖွဲ့ အနေဖြင့်လည်း တစုံတရာ ထူးထူးခြားခြား လူပ်ရှားမူ မရှိကြောင်းနှင့် လွန်ခဲ့သော စနေနေ့ကလည်း နစကမှူး ဖလား ဂေါက်ရိုက်ပြိုင်ပွဲကို မောင်တောမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။
သို့သော်လည်း အဆိုပါ ဂေါက်ရိုက်ပြိုင်ပွဲ ပြုလုပ်သည့်နေ့က နစက ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ကြီးမှ နစက နယ်မြေမှူးများ အားလုံးကို ဌာနချုပ် ကျီးကန်းပြင်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံအတွင်း ဖြစ်ပွား နေသော နယ်စပ် အခြေအနေများနှင့် တပ်များကို သတိ အနေအထားဖြင့် နေရန် ညွှန်ကြားခဲ့သည်ဟု နစက သတင်းရပ်ကွက်အရ သိရသည်။
No comments:
Post a Comment