အောင်သပြေ စစ်ကြော ရေးစခန်းတွင် ညှဉ်းပန်း နှိပ်စက် ခံခဲ့ရသည့် တနင်္လာရီတိုင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် တာဝန်ခံ ကိုတိုးအောင် ထိုင်း - မြန်မာ နယ်စပ်သို့ ရောက်ရှိ လာသည်။စစ်ကြောရေး စခန်းမှ လွတ်မြောက် လာပြီးနောက် အာဏာပိုင်များ စောင့်ကြည့်မှု များကြောင့် နိုင်ငံရေး အလုပ်များ ဆက်လက် လုပ် ဆောင်ရန် ခက်ခဲလာ သည့်အတွက် ယခုလ (၄) ရက်နေ့က ရောက်ရှိ လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်ကြောရေး ကာလ အခြေအနေ များနှင့် ပတ်သက်၍ “ညှဉ်းပန်း နှိပ်စက်တာတွေ၊ အစာငတ် ထားပြီး နှိပ်စက် တာတွေ ခံခဲ့ရ ပါတယ်။ အိပ်စက် နားနေ ချိန်မပေးဘဲ လက်သီးနဲ့ထိုး၊ တုတ်နဲ့ရိုက် တာတွေ လုပ်ပါတယ်။ ရေတောင် မတိုက်ဘူး။ သုံးရက် နေပြီးမှ စစ်ကြောရေး အချုပ်ကို ပို့လိုက် ပါတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ စစ်ကြောရေး ကာလအတွင်း အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားသူ ကိုညီညီအောင် အပါအဝင် အခြား ရဟန်းသံဃာ များကိုလည်း တွေ့ဆုံခဲ့ ရကြောင်း ကိုတိုးအောင်က ဆက်လက် ပြောသည်။
“သံဃာတော် ၇ ပါးလောက်ပါတယ်၊ ဦးဝိသုတ (ချောက်)၊ ဦးကောဝိဒ (ရန်ကုန်ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်)၊ ဦးရေဝတ ( ပခုက္ကူ) ရယ်၊ သူနဲ့အတူ အခြားရခိုင်လူငယ် အယောက် ၂၀ လောက် တွေ့ခဲ့ရပါတယ်။ ဦးရေဝတ၊ ဦးဝါယမ၊ ဦးဝိသုတနဲ့ ဘွဲ့အမည်မသိတဲ့ ဦးဇင်းတပါးလည်း ရှိတယ်” ဟု ပြောသည်။
ထို့အပြင် အသက် (၂၃) နှစ်အရွယ်ခန့် လူငယ်တဦးကိုလည်း ရိုက်နှက်နေသည်ကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး ရခိုင်ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ခိုင်ကျော်မိုး၊ ကိုသန်းအေး၊ ကိုရဲထက်စိုး၊ ကိုစံသိန်း (ခ) ကိုမောင်မောင်၊ ကျော်ဝင်း၊ ကိုရွှေသန်း၊ ကိုထွန်းလင်းကျော်၊ ဇော်ထွန်းနိုင် တို့ကိုလဲ စစ်ကြောရေးစခန်းမှ (၂၂) ရက်နေ့တွင် အင်းစိန်ထောင်သို့ ပြောင်းရွေ့လိုက်သည်ကို သိရှိခဲ့ရသည်ဟု ပြောသည်။
ကိုတိုးအောင်ကို နယ်မြေခံအာဏာပိုင်များက ပြီးခဲ့သည့်စက်တင်ဘာလ (၁၁) ရက်နေ့ညတွင် ကမာရွက်မြို့နယ်ရှိ ၎င်းနေထိုင်ရာ အဆောင်မှ ခေါ်ဆောင်သွားပြီး အနောက်ပိုင်းခရိုင် ရဲစခန်းသို့ ပို့ဆောင်ခဲ့ကာ (၁၃) ရက်နေ့တွင် အောင်သပြေစစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်ရခြင်းဖြစ်သည်။
ယင်းကဲ့သို့ အာဏာပိုင်များ ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ “ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် စာရွက်စာတမ်း ဝေတဲ့ကိစ္စနဲ့ ဖမ်းတာ။ သံဃာ့တပ်ပေါင်းစုက ဘယ်သံဃာတွေနဲ့ အဆက်သွယ်ရှိသလဲဆိုတာတွေကို မေးမြန်းပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့သလဲ။ ကိုယ်တိုင် ဖြန့်ဝေတာတွေ လုပ်ခဲ့သလားဆိုတာတွေကို မေးမြန်းပါတယ်။ စာရွက်စာတမ်းတွေ ဘယ်လိုရသလဲ ဆိုတာကို အသေးစိတ် မေးမြန်းပါတယ်” ဟု ပြောသည်။
အာဏာပိုင်များဘက်မှ ကိုတိုးအောင်ကို သက်သေအထောက်အထားများ တစုံတရာ လက်ဝယ်တွေ့ရှိခြင်း မရှိသည့်အတွက် စက်တင်ဘာကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ယူသတိပေးသည်ကို သိရှိကြောင်း၊ ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းမလုပ်ရန်တို့ကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး (၂၆) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
ကိုတိုးအောင်သည် ဒေါ်အောင်ဆန်းစုကြည့် တရားပွဲလုံခြုံရေးတာဝန် ယူပေးခဲ့သည့်အတွက် ပထမအကြိမ် အင်းစိန်တွင် အဖမ်းခံခဲ့ရပြီး ၁၉၉၈ ခုနှစ်တွင် ဒုတိအကြိမ်အဖမ်းခံရကာ ထောင်ဒဏ် (၁၃) နှစ် ချမှတ်၍ အင်းစိန်ထောင်၊ မန္တလေးထောင်တို့တွင် နေခဲ့ရသည်။
သူသည် ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး ထပ်မံဖမ်းဆီးခြင်းများ ခံခဲ့ရကာ ကျိုက္ကဆီစစ်ကြောရေး၊ ပန်ဝါ စစ်ကြောရေးစခန်းတို့တွင် ခေါ်ယူစစ်ဆေးခြင်းများလည်း ခံခဲ့ရသည်။
No comments:
Post a Comment