ဝီရ / ၁၅ အောက်တိုဘာ ၂၀၀၉
ရန်ကုန်မြို့ အပန်းဖြေ ဥယျာဉ် များတွင် လူငယ်များ အကြိုက် တွေ့စေသည့် နေ့ပိုင်း ကလပ်များ ပြန်လည် ခေတ်စား လာပြီး ဝင်ရောက် ရန် အသက်ကန့် သတ်ထားချက် မရှိခြင်းကြောင့် အရွယ် မရောက် သေးသူ ကျောင်းသူ ကျောင်းသား လူငယ်အချို့ သွားရောက် ပျော်ပါး နေကြ ကြောင်း သိရသည်။
ဗဟန်းမြို့နယ် အလယ်တန်းကျောင်းဆရာတဦးက “အဲဒီကိုသွားနိုင်တဲ့ ကျောင်းနေအရွယ် ကလေးတွေက ရပ်ကွက်လူကြီးတို့၊ အထက်အာဏာပိုင်လူကြီးတို့ရဲ့ သားသမီးတွေ၊ တူ တူမတွေပဲ များတယ်။ သာမန်အရပ်သား သားသမီးတွေက သွားနိုင်မှာလဲ။
ကလေးတွေက သွားခွင့်ရရင်တော့ သွားနေမှာပဲ။ ဒီအသက်အရွယ်တွေ ဝင်ခွင့်မပေးဘူးဆိုရင် တင်းတင်းကျပ်ကျပ် တားမြစ်လိုက်ပေါ့” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဥပဒေကြောင်းအရ အဆိုပါကလပ်များသို့ အသက် (၁၆) နှစ် မပြည့်သူများအား ဝင်ရောက်ခွင့်ပြုပါက နှစ်ဖက်စလုံးကို အရေးယူနိုင်သည်ဟုဆိုသော်လည်း ကလပ်သို့သွားရောက်သူ လူငယ်အများစုမှာ အာဏာပိုင်တို့နှင့် ဆက်စပ်နေသူများသာ ဖြစ်နေသည့်အတွက် ဥပဒေအရာမရောက်ကြောင်း အဆိုပါဆရာက ပြောသည်။
ရန်ကုန်မြို့တွင်း၌ နေ့ပိုင်းဖွင့်လှစ်ထားသည့် ကလပ်များမှာ ရွှေတိဂုံဘုရား အနောက်ဘက် ပြည်သူ့ရင်ပြင်ဥယျာဉ်၊ ကန်တော်ကြီးဥယျာဉ်၊ ရန်ကင်းစင်တာ အနီးတဝိုက်ရှိ ကလပ်များဖြစ်ပြီး နံနက် (၁၀-၁၁) နာရီမှ ညနေ (၅-၆) နာရီအထိ ဖွင့်လှစ်ကြကြောင်း စုံစမ်းသိရှိရသည်။
နေ့ပိုင်းကလပ်များထဲတွင် ဝင်ကြေးအဖြစ် ကျပ် (၂,၀၀၀) မှ (၃,၅၀၀) အထိ ကုန်ကျပြီး သစ်သီးမျိုးစုံကို ဂျင်အရက်နှင့် အခြားအရက်များဖြင့် ဖျော်စပ်ထားသည့် ဖျော်ရည်များနှင့် စားသောက်ဖွယ်ရာများကို လာရောက်သူလူငယ်တိုင်း လွတ်လပ်စွာ သုံးဆောင်နိုင်ပြီး အချို့ကလပ်များတွင် သီးသန့်နားနေခန်းများလည်း ပါရှိကြောင်း ယင်းကလပ်များသို့ တက်ဖူးသူ လူငယ်တဦးက ပြောသည်။
“မြောက်ဒဂုံက နေ့ပိုင်းကလပ်ကဆိုရင် စည်ပင်လူကြီးတယောက်က ဖွင့်ထားတာ။ အဲဒီမှာက တက္ကသိုလ်ကျောင်းနဲ့ နီးတယ်လေ။ ပြီးတော့ ရန်ကုန်မြို့တွင်းက ကျောင်းသူကျောင်းသားတွေလည်း ကားတွေနဲ့ အုပ်လိုက် ဝင်ထွက်နေတာ တွေ့တယ်” ဟု အဆိုပါလူငယ်က ပြောသည်။
မြန်မာနိုင်ငံပညာရေးစနစ်အရ သင်ကြားနေရသည့် ကျောင်းသူကျောင်းသားတို့သည် ခေတ်မမီသော ဖတ်စာ၊ ကျောင်းသင်ခန်းစာများကို ငြီးငွေ့ခြင်း၊ ကျောင်းတက်ရန် စိတ်ဝင်စားမှုမရှိဘဲ ကျုရှင် (သို့မဟုတ်) ပုဂ္ဂလိက စာဖတ်ဝိုင်းများ တက်ခြင်းဖြင့် စာမေးပွဲအတွက် လုံလောက်သည်ဆိုသည့် အယူအဆများကြောင့် ကျောင်းပြင်ပရှိ ဖြစ်ပေါ်ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းများတွင် ယင်းကဲ့သို့ အချိန်ကုန်နေကြခြင်းဖြစ်ကြောင်း တက္ကသိုလ် ကျောင်းဆရာဟောင်းတဦးက ပြောသည်။
၎င်းက “ကျောင်းထဲမှာ ကလေးတွေ စိတ်ဝင်စားလာအောင်က အစိုးရအနေနဲ့ ဒီထက် ပိုရင်းနှီးပေးပေါ့။ ဒါမှ ကလေးတွေ ဒီလို လမ်းမှားဘက်ကိုရောက်ဖို့ နည်းမှာပေါ့” ဟု ပြောသည်။
အဆိုပါ ကလပ်ဖွင့်ပိတ်ချိန်သည် ကျောင်းတက် ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေပြီး သွားရောက်သူ ကျောင်းသူကျောင်းသားများမှာ အုပ်ထိန်းသူများကို အကြောင်းအမျိုးမျိုးပြ သွားရောက်နေကြခြင်းဖြစ်ကြောင်း ယခုအပတ်ထုတ် ဝီးကလီးအဲလင်းဗင်း ဂျာနယ်တွင် ရေးသားထားသည်။
နေ့ပိုင်းကလပ်များသည် ၂၀၀၀ ပြည့်နှစ်ခန့်တွင် ရန်ကုန်မြို့၌ စတင်ပေါ်ပေါက်ခဲ့သော်လည်း ၂၀၀၄ ခုတွင် ပြန်လည် ပျောက်ကွယ်သွားရာမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ခေတ်စားလာကြောင်း ထိုဂျာနယ်တွင် ဖော်ပြထားသည်။
No comments:
Post a Comment