Saturday, October 31, 2009

အမေရိကန် အဆင့်မြင့်အရာရှိများနှင့် NLD ခေါင်းဆောင်များတွေ့မည်

ကိုစိုး Saturday, 31 October 2009

မြန်မာ နိုင်ငံသို့ လာမည့် နိုဝင်ဘာ ၃ ရက်မှ ၄ ရက်နေ့ အထိ လာရောက်မည့် အမေရိကန် နိုင်ငံ အရှေ့ အာရှ နှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဒု နိုင်ငံခြားရေး ၀န်ကြီး Mr. Kurt Campbell နှင့် အဆင့်မြင့် အရာရှိ များသည် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် များနှင့် သီးခြားတွေ့ ဆုံမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အမေရိကန်အဆင့်မြင့် အရာရှိများသည် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(CEC)များနှင့် နိုဝင်ဘာ ၄ ရက်နေ့၌ ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် သီးခြားတွေ့ဆုံရန် စီစဉ်ထားသည်ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြသည်။

“ကျနော်တို့ သိသလောက် CEC နဲ့ ကျနော်တို့ ရုံးချုပ်မှာ လာတွေ့မယ်၊ ပြောပြီးသား၊ အမေရိကန် သံရုံးက စီစဉ်တာ၊ CEC က တွေ့ရင် ဘာပြော မလဲဆို တာလည်း တိုင်ပင်ပြီးသား ရှိပါတယ်၊ ကျနော်တော့ မသိဘူး၊ CEC ကလည်း သူတို့ မတွေ့ ရသေး ဘဲနဲ့တော့ ပြောမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ယင်းအမေရိကန်အဆင့်မြင့် အရာရှိများသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း သီးခြားတွေ့ဆုံရန် အစီ အစဉ် ရှိသော်လည်း မည်သို့ တွေ့ဆုံမည်ကိုမူ မသိရှိရသေးကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

တခြားသော NLD အဖွဲ့ဝင် လူငယ်တဦး၏ ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ နေအိမ်တွင် တွေ့ဆုံရန် Mr. Kurt Campbell တို့အဖွဲ့က အာဏာပိုင်များကို တောင်းဆိုထားကြောင်း သိရသည်။

ယခုခရီးစဉ်တွင် Mr. Kurt Campbell အပြင် ဒု လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Scot Marciel နှင့် အခြားသော အရာရှိ ၂ ဦး ပါဝင်မည်ဖြစ်သည်ဟုလည်း NLD က ပြောဆိုသည်။

“ဒီခရီးစဉ်နဲ့ပတ်သက်လို့က ကျနော်တို့ အစကတည်းက ပေါ်လစီအသစ် ပြောင်းကတည်းက ကြိုဆိုထားတာ၊ အဲဒါကို ဆက်လက်အကောင်အထည်ဖော်တာ ၊ ဒါ ကျနော်တို့က ကြိုဆိုရမှာပဲ”ဟု ဦးဉာဏ်ဝင်းက ပြော သည်။

ဦးဉာဏ်ဝင်းက ဆက်လက်ပြီး ယခုခရီးစဉ်အရ ကြီးမားသော အပြောင်းအလဲများ ချက်ချင်းဖြစ်ပေါ်နိုင်မည်ဟု မျှော်လင့် မထားကြောင်းလည်း ဆိုသည်။

သို့သော် Mr. Kurt Campbell တို့ ခရီးစဉ်အား ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား စောင့်ကြည့်နေ သည်ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က ၎င်းနှင့် တွေ့ဆုံရာတွင် ပြောဆိုကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြာစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်မည် ဖြစ်သည်ဟု မကြာသေးခင်က ကျင်းပသွားသည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံတွင် ဗိုလ်ချုပ် ကြီး သိန်းစိန်က ပြောဆိုထားသည်။

အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ပြုလုပ်ထားသည့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရေးနှင့် ပတ် သက်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သို့ စာရေး၍ ကမ်းလှမ်းထားသည်။

ယင်း Mr. Kurt Campbell တို့ ခရီးစဉ်နှင့်ပတ်သက်ပြီး မကြာသေးမီက ပြန်လည်သုံးသပ်ခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ၏ အစိတ်အပိုင်းတခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက် ပြောရေး ဆိုခွင့်ရှိသူ ရောဘတ် ၀ု(ဒ်)(Robert Wood)က ယမန်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း အမေရိကန် အရာရှိများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးပါတီ အဖွဲ့ဝင်များ အပြင် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း လည်း ရောဘတ် ၀ု (ဒ်) က ပြောဆိုထားသည်။

Mr. Kurt Campbellသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ သစ်ထုတ်ပြန် ကြေညာပြီးနောက် မြန်မာ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းနှင့် နယူးယောက်မြို့ တွင် တွေ့ဆုံခဲ့သေးသည်။ ယင်းသို့တွေ့ဆုံရာတွင် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုများပါဝင်ခွင့် စသည်တို့နှင့်ပတ်သက်ပြီး ဆွေးနွေး ကြကြောင်း သိရှိရသည်။

ယခု မြန်မာနိုင်ငံခရီးစဉ်တွင် Mr. Kurt Campbellသည် ၀န်ကြီး ဦးသောင်းနှင့် တွေ့ဆုံနိုင်သော်လည်း စစ် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန်အလားအလာ မရှိပေ။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမပြုဘဲ စစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသွားမည် ဖြစ်ကြောင်း မူဝဒါသစ်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ထုတ်ပြန်ပြောဆိုခဲ့သည်။

အဆိုပါအမေရိကန် အဆင်မြင့်အရာရှိများ၏ ခရီးစဉ်သည် ပြီးခဲ့သည့် ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ် ဖြစ်သည်။

၁၉၉၅ ခုနှစ် စက်တင်ဘာလက အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright)သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ ဖူးသည်။

ကရင်နီဒေသတွင် တိုက်ပွဲဖြစ်ပွား နအဖ စစ်ကြောင်းမှူးတဦးအပါအ၀င် တပ်သား(၉)ဦး ကျဆုံး

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ် မြောက်ပိုင်း၊ သံလွင်မြစ် ၏ အရှေ့ဘက်ခြမ်းရှိ ကရင်နီ ဒေသ တွင် နအဖ တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန် အယ်လ်အေ)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအဲန်ပီပီ) ပူးပေါင်း တပ်ဖွဲ့တို့ အကြား ယမန်နေ့ ညက တိုက်ပွဲဖြစ်ပွား ခဲ့ရာ နအဖ တပ်ဘက်မှ စစ်ကြောင်းမှူး တဦး အပါအဝင် တပ်သား ၉ဦး ကျဆုံး သွားခဲ့ပြီး ၄ဦး ဒဏ်ရာ ရရှိခဲ့ သည် ဟု ထိုဒေသမှ လာသည့် သတင်း အရ သိရသည်။

ထိုနေ့ည ၇း၀၀နာရီအချိန်တွင် ကရင်နီပြည်နယ် လောပိတအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ (၅၃၀)မှ စစ်ကြောင်း(၂)က သံလွင်မြစ်အရှေ့ခြမ်း မယ်ဆက်မြို့ဒေသအတွင်း လှုပ်ရှားလှည့်လည်စဉ် ဒေသခံ ကေအဲန်ပီပီနှင့် ကေအဲန်ယူ တပ်မဟာ (၂)မှ ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်တို့နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် နအဖဘက်က စစ်ကြောင်းမှူး ဗိုလ်ကြီး တင်ထွန်းအောင်၊ ဗိုလ်ဥာဏ်လင်းဦးနှင့် အကြပ်တပ်သား (၇)ဦးတို့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ကေအိုင်စီကို ပြောဆိုသွားသည်။

သူက “ခမရ (၅၃၀)မှ ဗိုလ်ကြီးတင်ထွန်းအောင် ဦးစီးတဲ့ စစ်ကြောင်း(၂)က အင်အား ၄၀၀န်းကျင်လောက်ရှိမယ်။ သူတို့က အဲဒီမယ်ဆက်မြို့ ဒေသတွေမှာ ဝင်ရောက်လှုပ်ရှားတာ။ မနေ့ည ၇း၀၀နာရီအချိန်လောက်မှာ အဲဒီ ဗိုလ်ကြီးတင်ထွန်းအောင်အဖွဲ့နဲ့ ဒေသခံ ကေအဲန်ပီပီ၊ ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်နဲ့ မယ်ဆက်မြို့အနီးတ၀ိုက်မှာရှိ ထောပလာရိုကားလမ်းပေါ်မှာ တွေ့ဆုံပြီးတော့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ နအဖ ဘက်ကတော့ စစ်ကြောင်း မှူးအပါအဝင် (၉)ဦး ကျဆုံးတယ်။ (၄) ဦး ဒဏ်ရာရတယ်လို့ ကြားတယ်” ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် နအဖ ဘက်မှ ကျဆုံးဒဏ်ရာရမှု ရှိသော်လည်း ကေအဲန်ပီပီနှင့် ကေအဲန်အယ်လ်အေ ပူးပေါင်းတပ်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိဘူးဟု သိရသည်။

ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်ရှိ ဒေသခံတပ်များနှင့် နအဖ တပ်များအကြား အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် ယခုအကြိမ် ဖြစ်ပွားသည့်တိုက်ပွဲသည် နအဖ တပ်ဖွဲ့ဝင်များ အကျအဆုံးအများဆုံးနှင့် တိုက်ပွဲဖြစ်ပွားချိန်အကြာဆုံးဖြစ်သည်ဟု သိရသည်။

နိုင်ငံခြားဝင်ငွေအခွန်နှင့် မိသားစုထံငွေလွှဲမှုများစိစစ်ကြီးကြပ်တော့မည်

Kaowao အောက်တိုဘာ ၃၁၊၂၀၀၉

ကောင်းဝါ(အောက်တိုဘာ- ၃၀)။ ။ နိုင်ငံ ရပ်ခြား တွင်အလုပ် လုပ်နေ ကြသော မြန်မာ နိုင်ငံသား များအပေါ် ဝင်ငွေ ပေးဆောင် မှုနှင့် မိသားစု ထံငွေလွှဲ နေမှု ကိစ္စရပ် များကို စိစစ်သွား ရန်အတွက် ပြည်ပ အလုပ်လုပ် ကိုင်မှု ကြီးကြပ်ရေး ကော်မီတီ တရပ်ကို ဖွဲ့စည်းကာ ဆောင်ရွက် နေပြီဖြစ် ကြောင်း ပြည်တွင်း ဂျာနယ် တချို့မှ ဖေါ်ပြထား သည်ကို ဖတ်ရှု ခဲ့ရသည်။

စစ်အစိုးရမှ အမိန့်ကြေငြာချက် အမှတ် ၁၆/၂၀၀၉ ဖြင့် စက်တင်ဘာ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အလုပ်သမားဝန်ကြီးဌာနအပါအဝင် အခြားအစိုးရဌာနများ၊ လူမှုရေးအသင်းများမှ ပြည်ပသို့အလုပ်လုပ် ခွင့် စေလွှတ်နေမှုများကိုလည်း စိစစ်ကြီးကြပ်သွားမည်ဟု သိရသည်။

ပြည်ပရောက်အလုပ်သမားများအနေနှင့် ဝင်ငွေအခွန်သတ်မှတ်ထားသည့် ဥပဒေအတိုင်းပေးသွင်းသွားရန်နှင့် မိသားစုများထံ တရားမဝင်ငွေလွှဲပေးမှုများကိုလည်း စိစစ်သွားမည်ဟု ဖေါ်ပြထားသည်။

မိသားစုထံလွှဲငွေများအနေနှင့် လုပ်ခရရှိမှုအချိုးအစားအလိုက် ငွေလွှဲခြင်းဆောင်ရွက်ပုံမှာ အမေရိကန်ဒေါ်လာ ၂၀၀ လုပ်ခအောက် ရရှိသူများ၏ လစာ ၃၀ ရာခိုင်းနှုန်းကို၎င်း၊ ဒေါ်လာ ၂၀၀ နှင့် ၄၀၀ အကြားရရှိသူများ၏ လုပ်ခ ၄၀ ရာခိုင်နှုန်းကို၎င်း၊ ဒေါ်လာ ၄၀၀ အထက်ရရှိသူများ၏ ၅၀ ရာခိုင်နှုန်းကို၎င်း မြန်မာနိုင်ငံသို့ လွှဲပို့ပေးရန်နှင့် ၄င်းငွေကိုအစိုးရမှ အက်ဖ်အီးစီဖြင့် ပြန်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအနေအထားတွင် နိုင်ငံခြားသို့ တရားဝင်သွားရောက်လုပ်ကိုင်သော အလုပ်သမားများမှာ သက်ဆိုင်ရာသံရုံး များတွင်၎င်း၊ မိမိတို့၏အလုပ် အေဂျင်စီတွင်၎င်း ဝင်ငွေအခွန်များပေးဆောင်နေရသည်။

မလေးရှားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသော နိုင်ချမ်းအောင်အဆိုအရ နှစ်စဉ်ဝင်ငွေအခွန်ပေးဆောင်နေ ရသော်လည်း မြန်မာသံရုံးအနေနှင့် အလုပ်သမားများ၏လုံခြုံရေး၊ လူမှုရေး၊ သွားလာရေးကိစ္စအဝဝကို လုံးဝတာဝန် ယူမှုမရှိခဲ့ကြောင်း တရားမဝင်လာရောက်သူများထက်ပင် အခွင့်အရေးနည်းပါးကြောင်း နိုင်ငံရပ်ခြားတွင် အနှိပ်ခံရ ခြင်းမှာ အတူတူပင်ဖြစ်နေကြောင်း ပြောပြခဲ့သည်။

ဒီဝင်ငွေအခွန်ကိုပေးဆောင်ရတာဟာ နိုင်ငံတကာဥပဒေနဲ့ကိုက်ညီပါတယ်၊ သင့်လည်းသင့်တော်ပါတယ်၊ ဒါပေမယ့် တဖက်မှာ အခွန်ယူသလို တဖက်မှာသူတို့ဘဝလုံခြုံရေး၊ အလုပ်လုပ်ကိုင်တဲ့အခွင့်အလမ်း ပိုမိုကောင်းမွန်လာအောင် အစိုးရအနေနဲ့လုပ်ပေးဘို့လဲ တာဝန်ရှိပါတယ်၊ ဒါကိုလစ်လျုရှုနေမယ်ဆိုယင် မလိုလာအပ်တဲ့ပြဿနာအရပ်ရပ် တွေဟာ အလုပ်သမားတွေ ခံစားနေရမှာဖြစ်တယ်ဟု ဂျာနယ်တစ်စောင်၌ စီးပွါးရေးပညာရှင်တစ်ဦးက သုံးသပ်ဖေါ် ပြခဲ့သည်။

မျက်စိလည်ရင် လမ်းပျောက်သွားလိမ့်မယ်

ဘွဲ့ဖြူ

အခု တလော မြန်မာ့ နိုင်ငံရေး ရေစီးကြောင်း ထဲမှာ မူမမှန်တဲ့ ပြောင်းပြန် ရေစီးကြောင်း တခု ပေါ်ထွက် လာတာကို မြင်တွေ့ကြား သိနေ ရတယ်။ အဲဒီ ပြောင်းပြန် ရေစီးကြောင်း ကတော့ ဒေါ်အောင် ဆန်း စုကြည်က ဗိုလ်သန်းရွှေထံ ရေးသား ပေးပို့ လိုက်တဲ့ စာကို အကြောင်း ပြုပြီး ပေါ်ပေါက် လာတာ ဖြစ်တယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့စာ ဗိုလ်သန်းရွှေ ထံရောက်ပြီး မကြာမီမှာ နအဖရဲ့ ဆက်ဆံရေး ၀န်ကြီးဆိုသူ ဗိုလ်အောင်ကြည် က ကြပ်ပြေး နေပြည်တော် ကနေ ရန်ကုန်ကို လာပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တယ်။ နောက် (၄) ရက် အကြာမှာ တခါထပ် တွေ့တယ်။ နောက် နှစ် ရက် အကြာမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ရန်ကုန် အခြေစိုက် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ သံရုံးတွေက သံရုံး အကြီး အကဲ တွေနဲ့ တွေ့ဆုံ ခဲ့တယ်။ အဲဒီလို တွေ့ဆုံခဲ့ တာဟာ ဗိုလ်သန်းရွှေထံ ပေးပို့ လိုက်တဲ့ စာမှာပါတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တောင်းဆိုချက် ကြောင့်ဖြစ် တယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချုပ်ငြိမ်းစေရေးအတွက် နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ဒဏ်ခက်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားတဲ့ အဆိုပါနိုင်ငံ (၃) ခုက သံတမန်အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ အဲဒီစာထဲမှာ မေတ္တာရပ်ခံတောင်းဆိုခဲ့တဲ့အတွက် နအဖက အခုလို တွေ့ခွင့်ပြုခဲ့တာဖြစ်ကြောင်း နအဖ သတင်းစာတွေထဲမှာ ရေးထားတာကို ဖတ်ရှုခဲ့ကြရတယ်။

ဒီမှာတင် မိုးရွာသွန်းမှုညံ့ဖျင်းတဲ့ မိုးလယ်ကာလတလျှောက် အချိန်အတော်များများ တွင်းထဲအောင်းပြီး ငြိမ်နေကြတဲ့ ဖားတွေဟာ သည်းထန်တဲ့ မုတ်သုန်နှောင်းမိုးနဲ့အပြိုင် တအုံးအုံး တအွမ်းအွမ်းနဲ့ ဆူညံလာကြပြန်တော့တာပဲ။ သူတို့ကိုယ်သူတို့ နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေပမာ အထင်ရောက်နေကြဟန်ရှိတဲ့ လူတစု ဦးစီးထုတ်ဝေ ပါဝင်ရေးသားကြတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်ပါ ဆောင်းပါးတပုဒ်ရဲ့ ခေါင်းစဉ်အရဆိုရင်တော့ မြန်မာ့ဒီမိုကရေစီရေး ရုန်းကန်မှုဟာ ရှေ့မှာ ချစ်သူတို့လျှောက်သောလမ်းတခုအဖြစ် ချောမွေ့ညီညာ သာယာဖြောင့်ဖြူးသွားတော့မယ့်ပုံပဲ။

အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး နအဖနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကုလသမဂ္ဂသံတမန် ဂမ်ဘာရီကတဆင့် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတော့ နိုင်ငံတော်အကြီးအကဲဆိုသူ နအဖခေါင်းဆောင် ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားသစ္စာဖောက် တရားခံတဦးဖြစ်လာအောင် အကွက်ဆင် ၀န်ခံခိုင်းပြီး အဲလိုဝန်ခံမှ တွေ့ဆုံနိုင်မယ်လို့ အကြောင်းပြန်ခဲ့တယ်။ အဲဒီတုန်းက နအဖ ထုတ်သုံးခဲ့တဲ့ ဖဲချပ်က အခုတခါ ထပ်မံပေါ်ထွက်လာပြန်တဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုဆိုတာပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ထောင်ချောက်ထဲမ၀င်ဘဲ အမျိုးသားအကျိုးစီးပွားကိုသာ စေ့စေ့ကြည့်ပြီး ရိုးသားဖြောင့်မတ်သော်လည်း ပါးနပ်လိမ္မာစွာ တုံ့ပြန်လိုက်တဲ့အတွက် နအဖအဖို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးဟာလည်း ထုံးစံအတိုင်း ဆက်ပြီးဇာတ်မျောနေခဲ့တယ်။

အဲဒီနောက် ဂျွန်ယက်တောကိစ္စ ပေါ်လာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ထပ်တိုး၊ အမေရိကန်သမ္မတသစ်က မြန်မာပြည်ဆိုင်ရာမူဝါဒကို ပြောင်းလဲ၊ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချုပ်ငြိမ်းကွယ်ပျောက်ရေးအတွက် နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုပါတယ်။ အရေးယူမှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေရဲ့ သံတမန်အကြီးအကဲတွေနဲ့ တွေ့ဆုံလိုပါတယ်လို့ နအဖထံ စာရေးအကြောင်းကြားလိုက်တော့ နအဖနဲ့ အန်အယ်လ်ဒီအကြား အာဏာပွဲစားလုပ်ဖို့ စိတ်ကူးယဉ်နေကြသူတွေ လက်ခေါက်မှုတ် လက်ခုပ်တီးပြီး အူလှိုက်သည်းလှိုက် ကြိုဆိုခဲ့ကြတာမဆန်းပါဘူး။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တလျှောက်လုံး ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့ကြတဲ့ အောင်ဆန်းစုကြည်ဝါဒီတွေအတွင်းမှာတော့ အနည်းငယ် ဇဝေဇ၀ါ ဖြစ်သွားခဲ့ကြတဲ့ အသံတွေကြားခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုနောက်ဆုံးလုပ်ရပ်ကြောင့် တချိန်က ဗိုလ်သန်းရွှေ ၀န်ခံခိုင်းခဲ့တဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံလိုက်သလို ဖြစ်မသွားဘူးလားလို့ တချို့က မေးခွန်းထုတ်လာကြတာဟာ အဲဒီအခြေအနေရဲ့ ထင်ဟပ်ချက်တခုဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှုနဲ့ သတ္တိဗျတ္တိတွေကြောင့် သူ့ကို ကျယ်ကျယ်လောင်လောင် ဝေဖန်ဖို့ ဆန္ဒမရှိကြပေမယ့် သူ့ရဲ့ဘက်တော်သားတွေအတွင်း အခုလို (အများကြီးမဟုတ်တောင်) ဇဝေဇ၀ါ ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ရတာကတော့ သူ့ရဲ့ အဲဒီလုပ်ရပ်အတွက် ဒီမိုကရေစီအင်အားစုတွေဘက်က ပထမဆုံးပေးလိုက်ရတဲ့ အရင်းအနှီး (သို့မဟုတ်) နအဖဘက်က ပထမဆုံးရသွားခဲ့တဲ့ အကျိုးအမြတ်ဖြစ်တယ်လို့ ဆိုနိုင်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ ဘာတွေပြောဆိုကြသလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနောက်နိုင်ငံ (၃) ခုက သံတမန်တွေ ဘာတွေပြောခဲ့ကြသလဲ ဆိုတာတွေကို မသိရလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တကယ်ရည်ရွယ်ချက် အစစ်အမှန်နဲ့ အဲဒီရည်ရွယ်ချက် အောင်မြင်ပြီးမြောက်နိုင်ခြေ ရှိနိုင်မရှိနိုင်ဆိုတာကို သုံးသပ်ပြောဆိုဖို့ခက်တယ်။

ဒါကြောင့် အဲဒီအချက်တွေကို မသိကိန်းထားလိုက်ပြီး မြန်မာနိုင်ငံရေးသမိုင်းတလျှောက်မှာ အထင်အရှားရှိခဲ့တဲ့ ပေးထားချက်တွေကိုပဲ အခြေတည်ပြီး ရှေ့ဘာဖြစ်လာမလဲဆိုတာကို တွက်ချက်တာက အဖြေမှန်ရဖို့ ပိုမိုနီးစပ်မယ်လို့ ယူဆတယ်။ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေချမှတ်ဖို့ တောင်းဆိုလှုံ့ဆော်တဲ့ မူဝါဒကို စွန့်လွှတ်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နအဖ က ပြောခဲ့တယ်။ အဲဒီစကားဟာ နအဖရဲ့ တကယ့်စိတ်ရင်းအမှန်လား။

အင်မတန်နက်တဲ့ တောကြီးတွေထဲကို အကြောင်းတခုခုနဲ့ သွားလေ့ရှိကြသူတွေဟာ အပြန်လမ်းမှာ လမ်းမပျောက်စေဖို့အတွက် တောထဲကို စ၀င်ပြီဆိုတာနဲ့ မိမိသွားရာလမ်းကြောင်းမှာ တွေ့သမျှ သစ်ပင်ကြီးကြီးတွေကို ဓားနဲ့ ထင်ထင်ရှားရှား ထစ်ရာပေးပြီး မှတ်ထားကြရတယ်။ ဒါမှ မိမိကိစ္စပြီးလို့ အပြန်လမ်းမှာ အဲဒီဓားထစ်ရာရှိတဲ့ သစ်ပင်ကြီးတွေကို ကြည့်ပြီး ပြန်လာတဲ့အခါ လမ်းမပျောက်ဘဲ မိမိအိမ်ကို ပြန်ရောက်လာနိုင်မှာဖြစ်တယ်။ တကယ်လို့ အဲဒီဓားထစ်ရာတွေဟာ နောက်ကလိုက်လာသူတွေ လမ်းမပျောက်စေဖို့ ရည်ရွယ်တယ်ဆိုရင်လည်း အဲဒီဓားထစ်ရာတွေက နောက်ကလိုက်လာသူတွေအတွက် လမ်းပြအမှတ်အသားအဖြစ် ဆောင်ရွက်ပေးတယ်လို့ ဖတ်ဖူး မှတ်ဖူး သိဖူးတယ်။

ခေတ်သစ်မြန်မာနိုင်ငံရေးသမိုင်းတလျှောက်မှာလည်း မြန်မာပြည်သူတွေ လမ်းမပျောက်စေဖို့ စစ်အာဏာရှင်စနစ်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီသူရဲကောင်းတွေ ထားရစ်ခဲ့တဲ့ ဓားထစ်ရာတွေ အထင်အရှား အများအပြားရှိခဲ့တာကို လူတိုင်းအသိဖြစ်တယ်။ မြန်မာနိုင်ငံ အာဏာရှင်စနစ်ဟာ စတင်ပေါ်ပေါက်လာကတည်းက ပြဿနာအကျပ်အတည်းတွေကို ပြည်သူတွေနဲ့ လက်တွဲပူးပေါင်းဖြေရှင်းဖို့ တခါမှ ဆန္ဒမရှိခဲ့ဘူးဆိုတဲ့ အချက်တွေဟာ အင်မတန် ထင်ရှားမြင်သာလှတယ်။

ဆဲဗင်းဂျူလိုင်အရေးအခင်းအစ၊ (၇၄၊ ၇၅၊ ၇၆) အရေးအခင်းနဲ့ ၈၈ အရေးအခင်းတွေအလယ် ရွှေဝါရောင်တော်လှန်ရေးအဆုံး ပေါ်ပေါက်ခဲ့သမျှ နိုင်ငံရေးအကျပ်အတည်းတွေမှာ မြန်မာပြည်စစ်အာဏာရှင်တွေဟာ ဘယ်အကျပ်အတည်းကို ပြည်သူလူထုနဲ့ လက်တွဲပူးပေါင်းဖြေရှင်းခဲ့ဖူးတာ ရှိဖူးလို့လဲ။ အင်အားသုံးပြီး အကြမ်းဖက်ပြီး ဖြေရှင်းခဲ့တာချည်းပဲ မဟုတ်လား။ ၁၉၆၃ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာဟာလည်း တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးစားပေးခဲ့လို့ တောထဲက လာရောက်ဆွေးနွေးတဲ့ တော်လှန်ရေးအဖွဲ့ပေါင်းများစွာထဲက ကရင်တော်လှန်ရေးကောင်စီတခုတည်းကသာ လက်နက်စွန့်လွှတ်ခဲ့တယ်မဟုတ်လား။

ဒဏ်ခတ်ပိတ်ဆို့အရေးယူရေးပေါ်လစီကို ဆုပ်ကိုင်ထားလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံမဆွေးနွေးနိုင်ဘူးလို့ နအဖက ပြောတယ်။ ဒါဆိုရင် အဲဒီဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ပေါ်မလာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုချက်တွေကို မလိုက်လျောတာက ဘာကြောင့်လဲ။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ စတင်ချမှတ်ခဲ့တဲ့ ခုနှစ်မှတ်တမ်းကို ပြန်ကြည့်ရင် အဲဒီအချက်ဟာ သိပ်ကိုထင်ရှားလှတယ်။

တကယ်တော့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချုပ်ငြိမ်းပျောက်ကွယ်ရေးဆိုတာ နအဖ အမှန်တကယ်လိုချင်တဲ့ အရာမဟုတ်ဘူး။ နအဖ အမှန်တကယ်လိုချင်တာက စစ်ဗိုလ်ချုပ်တွေရဲ့ လက်ရှိအကျိုးစီးပွားတွေကို အခိုင်အမာကာကွယ်ပေးမယ့်၊ အနာဂတ်မှာလည်း တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကို သူတို့ထင်သလို သိမ်းပိုက်ခွင့်အတွက် အာမခံချက်ရှိမယ့်၊ အတိတ်က ကျူးလွန်ခဲ့တဲ့ သူတို့ရဲ့ ရာဇ၀တ်မှုမှန်သမျှအတွက်လည်း စိုးရိမ်ပူပန်နေစရာ နည်းနည်းလေးမှမလိုတဲ့ စစ်အာဏာရှင်စနစ်ဆက်လက် တည်တံ့ခိုင်မြဲရေးသာဖြစ်တယ်။ အဲဒီရည်မှန်းချက်ဆီသွားတဲ့လမ်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဆူးငြောင့်ခလုတ်ကန်သင်းမှန်သမျှကို ဖြစ်နိုင်ရင် ကမ္ဘာပေါ်က၊ အဲဒီအထိမှ မဖြစ်နိုင်သေးရင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်က ဖယ်ရှားရှင်းလင်းပစ်ချင်တာ နအဖရဲ့ ဆန္ဒအမှန်ဖြစ်တယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ချင်လို့ တနည်းပြောရရင် မြန်မာနိုင်ငံမှာ အမှန်တကယ်တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာ အကျပ်အတည်းကို ပြည်သူလူထုနဲ့ ရိုးရိုးသားသား လက်တွဲပူးပေါင်း မဖြေရှင်းချင်လို့ အကြောင်းပြနေတဲ့ ဆင်ခြေသက်သက်သာဖြစ်တယ်။ ဒီလိုရှုမြင်တာဟာ အထက်မှာဖော်ပြထားတဲ့ `နိုင်ငံပြုပုဂ္ဂိုလ်ကြီးများ´ ရဲ့ဂျာနယ်မှာ စာဖတ်သူတွေကို သြ၀ါဒပေးထားသလို “Us နဲ့ Them” ဆိုပြီး တွေးလေ့ရှိသူတွေရဲ့ ရှုမြင်ပုံမဟုတ်ဘဲ မြန်မာစစ်အာဏာရှင်ခေတ် သမိုင်းတလျှောက် စစ်အာဏာရှင်တွေလုပ်ခဲ့သမျှ လုပ်ရပ်အားလုံးအပေါ် အသေအချာ ဆင်ခြင်သုံးသပ်ပြီး ကောက်ချက်ချထားတဲ့ ရှုမြင်ပုံသာဖြစ်ကြောင်း ရိုးသားသူတိုင်း မြင်တွေ့နိုင်တယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ အခွင့်ကြုံတိုင်း အော်ဟစ်တောင်းဆိုနေတဲ့ စစ်ဗိုလ်ချုပ်တွေ အမြဲပြောလေ့ရှိတဲ့ စကားတခွန်းရှိတယ်။ အဲဒါကတော့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေဟာ အဲဒီအရေးယူမှုတွေကို ချမှတ်တဲ့နိုင်ငံတွေ ရည်ရွယ်သလို မိမိတို့ကို မထိခိုက်ပါဘူး။ အမှန်တကယ် ထိခိုက်တာက ပြည်သူလူထုတွေပါတဲ့။ အဲဒီစကားအမှန်ပဲဖြစ်တယ်။ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားပေမယ့် ကျင့်ဝတ်သိက္ခာမစောင့်စည်းတဲ့ နိုင်ငံတချို့ကြောင့် ဗိုလ်ချုပ်တွေရဲ့ ဘဏ်စာရင်းတွေထဲ ငွေတွေ ဒလဟော ၀င်နေဆဲပဲဆိုတာ အားလုံးအသိဖြစ်တယ်။

အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာပြည်ထဲ ငွေ (၁၀၀) ၀င်မလာဘူးဆိုရင် ပြည်သူတွေ နစ်နာတာက (၅) ကျပ်၊ နအဖ နစ်နာတာက (၉၅) ကျပ်ဆိုတာ မှန်တယ်။ ဒါပေမယ့် နအဖကြောင့် ဆင်းရဲတွင်းနက်နေတဲ့ မြန်မာပြည်သူတွေအတွက် အဲဒီ (၅) ကျပ်က အတော်လေး အထိနာတယ်။ ခေတ်ပျက်သူဌေး စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေအတွက်တော့ အဲဒီ (၉၅) ကျပ်ဟာ ဘာမှ မပြောပလောက်တာအမှန်ပဲ။ သူတို့မှာက ကျင့်ဝတ်သိက္ခာမရှိတဲ့ နိုင်ငံတွေထံက ရထားတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ရှိနေတာကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေလောက်တော့ `ပျင်းတောင်ပျင်းသေးတယ်´ ဆိုတဲ့သီချင်းကို ကြိတ်ပြီးဆိုနေကြမှာ သေချာတယ်။ MNL ခေါ် ဘောလုံးပြိုင်ပွဲမှာ နအဖရဲ့ ပုလင်းတူဘူးဆို့တွေ သုံးနေကြတဲ့ ငွေပမာဏကို ကြည့်တာတခုတည်းနဲ့တင် အဲဒီအချက်ကို မြင်တွေ့နိုင်တယ်။

ဒါဆိုရင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့ ဘာကြောင့် အော်ဟစ်နေကြတာလဲ။ ရည်ရွယ်ချက်အစစ်အမှန်က တခုတည်းဖြစ်တယ်။ အဲဒါကတော့ တွေ့ဆုံဆွေးနွေးရေးကို ရှောင်လွှဲချင်လို့ဖြစ်တယ်။ တွေ့ဆုံးဆွေးနွေးရေးမဖြစ်တာ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး လက်ညှိုးထိုးချင်လို့ဖြစ်တယ်။ နအဖရဲ့ အဲဒီရည်ရွယ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကောင်းကောင်းသိတယ်။ အဲဒီလိုသိထားလျက်နဲ့ ဗိုလ်သန်းရွှေဆီရေးတဲ့စာမှာ အဲဒီအကြောင်းကို ခေါင်းတပ်ပြီး ဘာကြောင့်မရေးသလဲဆိုတာတော့ ခန့်မှန်းရခက်တယ်။ အဆုံးစွန်အထိ အလျှော့ပေးပြီး တွေ့ဆုံဆွေးနွေးရေးကို ဖြစ်နိုင်တဲ့အပိုင်းကစပြီး လုပ်နိုင်ဖို့ ကြိုးစားတာလား။ ဒါမှမဟုတ် တခြားဘာရည်ရွယ်ချက်ရှိသလဲဆိုတာတော့ တွေးရခက်တယ်။

ဒါပေမယ့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာမျိုးဟာ နှစ်ဘက်အင်အားစုကြားမှာ အင်အားမျှတဲ့ အခြေအနေ (equilibrium) တခုတည်ရှိနေမှသာ ပေါ်ထွန်းလာတတ်တယ်ဆိုတာ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းဖြစ်ရပ်များမှာ အထင်အရှား သက်သေပြသခဲ့ပြီးဖြစ်တယ်။ လက်ရှိအခြေအနေမှာ နအဖနဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေကြားမှာ အဲဒီအခြေအနေမျိုး မရှိသေးဘူးဆိုတာသေချာတယ်။ အန်အယ်လ်ဒီနဲ့ တွေ့ဆုံဆွေးနွေးပွဲ မဖြစ်မနေလုပ်ရလောက်အောင် နအဖမှာ အကျပ်အတည်းဆိုက်မနေဘူးဆိုတာ သေချာတယ်။ အဲဒီတော့ သမိုင်းရဲ့ပေးထားချက်တွေအရကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ကနေ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အလားအလာ မရှိသလောက် နည်းပါးတယ်ဆိုတာကို တွေ့ကြရမှာဖြစ်တယ်။ အခုပေါ်ပေါက်နေတဲ့ နိုင်ငံရေးအခြေအနေကို နအဖက သူ့အကျိုးအတွက် အသုံးချမှာဖြစ်သလို ပွဲစားတွေကလည်း သံယောင်လိုက်ပြီး ဖားတွေလို တအုံးအုံး တအွမ်းအွမ်း အော်ကြမှာပဲဖြစ်တယ်။

အရေးကြီးတာက ဒီမိုကရေစီဘက်တော်သားပြည်သူတွေ နားမယောင် မျက်စိမလည်သွားဖို့လိုတယ်။ ဒီမိုကရေစီ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေလုပ်ရမှာက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းဆီ နအဖ ရောက်လာအောင် နအဖကို ပြည်တွင်းရော ပြည်ပကပါ ဖိအားပေါင်းစုံ၊ အကျပ်အတည်းပေါင်းစုံ ၀ိုင်းပေးကြဖို့ပဲဖြစ်တယ်။ အင်အားမျှခြေမရှိရင် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ရှိလာမှာမဟုတ်ဘူး။ အထက်မှာပြောခဲ့တဲ့ ‘နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေ’ ဘယ်လိုပဲ ပွဲစားလုပ်ပြီး `ပွဲ´ ဖြစ်အောင် တည်နေကြသည်ဖြစ်စေ၊ ပြည်သူတွေက ကိုယ့်ပန်းတိုင်ကိုသာ စေ့စေ့ကြည့်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြရမှာ ပဲဖြစ်တယ်။ တခါက နအဖ သတင်းစာတွေမှာ ပါခဲ့ဖူးတဲ့ `သမိုင်းစာမျက်နှာဖွင့်လိုက်ပြီ´ ဆိုတဲ့ စာသားကို အမှတ်ရနေကြသူတိုင်းက နအဖ အခုနောက်ဆုံးမှောက်ထားတဲ့ ဖဲချပ်ရဲ့ အပွင့်အရေအတွက်ကိုလည်း သိထားကြပြီးဖြစ်တာသေချာတယ်။

ပြည်သူတွေရဲ့ ဒီမိုကရေစီရေစီးကြောင်း အားကောင်းမောင်းသန် ဆက်လက်စီးဆင်းနေစဉ်မှာ အခုလို ပြောင်းပြန်စီးတဲ့ မူမမှန်ရေစီးကြောင်းငယ်လေးတွေ မကြာမကြာ ပေါ်ပေါက်လာတတ်တဲ့ ဓမ္မတာပဲဖြစ်တယ်။ ဒါပေမယ့် အဲဒီမူမမှန်ရေစီးကြောင်းငယ်တွေက ပင်မရေစီးကြောင်းကြီးကိုတော့ လမ်းကြောင်းပြောင်းသွားအောင် တတ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သမိုင်းရဲ့အချိုးအကွေ့တချို့မှာ ဖြစ်ပျက်ခဲ့ဖူးသလို အတွေးအခေါ် မခိုင်မာတဲ့ အချို့သော ဒီမိုကရေစီဘက်တော်သားတွေ မျက်စိမလည် နားမယောင်သွားအောင်တော့ အားလုံးက ၀ိုင်းဝန်ကူညီ တည့်မတ်ပေးကြဖို့ လိုပါတယ်။ တောနက်ထဲမှာ သူယောင်မယ်တွေရဲ့ ဖြားယောင်းသွေးဆောင်မှုအောက်မှာ လမ်းပျောက်မသွားရလေအောင် အထင်အရှားရှိနေတဲ့ သစ်ပင်ကြီးတွေရဲ့ ပင်စည်တွေပေါ်က ဓားထစ်ရာတွေကို ကူညီပြသပေးကြဖို့ လိုအပ်ပါတယ်။


ထိပ်သီးတဲ့ ညီလာခံ

ရန်ကုန်သားတာတေ



ဖိုးရှုပ်ကော ကြွက်စုတ်ပါ အာဆီယံ ထိပ်သီးညီလာခံသို့ သွားနေကြသောကြောင့် ဦးရုက္ခစိုး တပါးတည်း ပျင်းနေလေသည်။


ရုက္ခစိုး။ ။ အင်း … ဒီနှစ်ကောင်ရှိပြန်တော့လည်း မျက်စိနောက်၊ နားညည်း။ မရှိပြန်တော့လည်း ပျင်းလိုက်တာ … ငါပါ လိုက်သွားဦးမှထင်တယ် …။

ထိုသို့တွေးလိုက်သည်နှင့် တပြိုင်နက် နတ်စစ်စစ် ရေမရောသော ဦးရုက္ခစိုးသည် အာဆီယံထိပ်သီး ညီလာခံ ကျင်းပရာ ချာ့အမ်းသို့ အပို့အခံ တီးလုံးများပင် တီးစရာမလိုဘဲ “ဝုန်း” ခနဲ အူကြောင်ကြောင်ဖြင့် ရောက်ရှိသွား လေတော့သည်။

သူရောက်သွားချိန်တွင် ဖိုးရှုပ်က နေ့ဘက်သတင်း၊ ညဘက် ကလပ် ကိစ္စများဖြင့် မအားရအောင် ဖြစ်နေပြီး ကြွက်စုတ်ကတော့ အထဲနှင့်အပြင် နှစ်ခြမ်းကွဲနေသော စီဗယ်လိုက်ဇေးရှင်းခေါ် လူထုအခြေပြု လူမှု အဖွဲ့အစည်း များ၏ ရန်ပွဲများကြား၌ ညပ်နေလေသည်။ ကြွက်စုတ်သည် ပြည်ပအခြေစိုက် စီဗယ်လိုက်ဇေးရှင်းလိုလို အန်ဂျီအို လိုလို လုပ်ပေါင်းများခဲ့သမျှ ယခုပွဲတွင်လည်း သူမပါမပြီးဆိုသည့် ရုပ်ဖြင့် အတည်ပေါက် တံတွေးသီးမတတ် ပြောဆို နေလေရာ ဦးရုက္ခစိုးကို လုံးဝ သတိမမူမိဘဲ ဖြစ်နေလေသည်။

နတ်တို့၏ တန်ခိုးဖြင့် ဟိုဟိုသည်သည် လျှောက်သွားမိသော ဦးရုက္ခစိုးမှာ အာဆီယံ ဝန်ကြီးများ စည်းဝေးနေရာ ခန်းမကြီးထဲသို့ ရောက်သွားလေသည်။ ခန်းမကြီးက ပျင်းစရာကောင်းလောက်အောင် ချောက်ကပ်နေသည်။ ဝန်ကြီးတချို့ အိပ်ငိုက်နေသည်။ ဗီယက်နမ်နိုင်ငံမှ ဝန်ကြီးက လောနိုင်ငံ ဝန်ကြီးကို လက်တို့၍ အတင်း ပြောနေသည်။

ဗီယက်နမ်။ ။ ပျင်းစရာ ကောင်းလိုက်တဲ့ ထိပ်သီးစည်းဝေးဗျာ။ တခါလာလည်း ဒါ၊ တခါလာလည်းဒါ … ပြီးတော့ ဘာမှလည်း ထူးတာမဟုတ်ဘူး။ တယောက်ယောက် ထိပ်မှာ သီးသွားအောင် လုပ်ရင် ကောင်းမလား မသိဘူး ဒါဆို ပွဲဆူပြီး နည်းနည်း ပျော်စရာကောင်းမယ်။

လော။ ။ ခင်ဗျားကလည်း အိနြေ္ဒလေးဘာလေး နည်းနည်းပါးပါး ဆောင်ပါဦး။ ကျွေးတာတွေတော့ စားလို့ ကောင်းသားပဲဗျ။

ဗီယက်နမ်။ ။ ကောင်းလို့ ခက်နေတာပေါ့ … အခု အိပ်ငိုက်နေပြီ ဘယ်လိုလုပ်မလဲ။ တကယ်ဆို အကျွေး အမွေးတင်မကဘူး အငြိမ့်လေးဘာလေးပါ ထည့်သင့်တယ် … ခုတော့ ရယ်စရာလည်း မကောင်းဘူး။ ဝှားလားလားလား …။

ထိုစဉ် မြန်မာပြည် အလှည့်ကျရောက်လာရာ ဝန်ကြီးချုပ် ချိုကုပ်ကြီး စိတ်ပိန် နေရာမှ ထလိုက်သည်။

စိတ်ပိန်။ ။ ပွဲကတော့ တော်တော်လေး ပျင်းစရာကောင်းနေပြီ။ ကျနော်ပွဲထိန်းမှနဲ့တူတယ် ဟဲဟဲ။

ဖိလစ်ပိုင်ဝန်ကြီး။ ။ လုပ်မနေပါနဲ့ဗျာ။ ခင်ဗျားလည်း တခါလာ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်၊ လမ်းပျောက် မြေပုံ ခုနစ်ဆင့်အကြောင့် ရှင်းမယ် … ဒါပဲမဟုတ်လား၊ အလွတ်တောင်ရနေပြီ။ ခင်ဗျား ပြောနေတုန်း အိပ်လို့တောင် ရတယ်။

စိတ်ပိန်။ ။ ဟား … ဒီတခါ အသစ်ပြောမှာပါဗျာ … ။ ကျနော်တို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကြီးကို မကြာခင်မှာ ထုတ်ပြန်ကြေညာပါတော့မယ် ခင်ဗျား။ “ဖြောင်းဖြောင်းဖြောင်းဖြောင်း”

စိတ်ပိန်က သူ့ဘာသာသူအော်ပြီး သူ့ဘာသာသူ လက်ခုပ်တီးလိုက်သည်။ ဘယ်သူမှ လက်ခုပ်လိုက်မတီး သောကြောင့် သူ နည်းနည်းကြောင်သွားကာ သွားကလေး ဖြီးလိုက်သည်။ ဆက်လက်၍ …

စိတ်ပိန်။ ။ အဟဲ … ဒါလည်း မရဘူးလား … ဒါဆိုရင်တော့ … ကျနော်အခု ဆက်ပြောမယ့် အကြောင်း အရာက … ဒေါ် စစစစစစစစစစစစ စု …။

အစည်းအဝေးခန်း တခုလုံး ငိုက်မြည်းနေရာမှ ရုတ်တရက် အသက်ဝင်သွားသည်။ အားလုံး ခေါင်းမှာ ထောင်ကာ နားစွင့်လိုက် ကြသည်။

ဖိလစ်ပိုင်ဝန်ကြီး။ ။ ပြောပါတော့ဗျို့ … အမြန်ပြောပါဗျို့။

စိတ်ပိန်။ ။ ပြောပါမယ်ဗျာ … နေပါဦး … ရေလေးဘာလေး သောက်ပါရစေဦး။

“စိတ်ဝင်စားပါတယ် ဆိုမှ ဟန်ရေးက ပြနေပြန်ပြီ” ဟု လော ဝန်ကြီးက တိုးတိုးလေး ပြောလိုက်သည်ကို ဦးရုက္ခစိုး ကြားဖြစ်အောင် ကြားလိုက်သေးသည်။

စိတ်ပိန်။ ။ အားလုံး စိတ်ဝင်စားတဲ့ ကိစ္စ ပြောပါတော့မယ် ခင်ဗျား … ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးကောင်း လွှတ်ပေးဖို့ စီစဉ်နေတယ် ဆိုတဲ့အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား …။

အစည်းအဝေးခမ်းမကြီး တခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ အားလုံးက ချိုကုပ်ကြီး စိတ်ပိန်ကို လေးစားသည့် ပုံစံဖြင့်ကြည့်ကာ အချင်းချင်း လက်တို့ ဆွေးနွေးကြသည်။ ခေါင်းတညိတ်ညိတ် လုပ်သူက လုပ်သည်။ စိတ်ပိန် ကတော့ “ငါကွ” ဆိုသည့် စတိုင်ဖြင့် ရင်ကိုကော့ထားသည်။

လော။ ။ ဒါနဲ့ ဒီစကားမျိုး ကြားဖူးသလိုပဲဗျ။ ဘယ်တော့လွှတ်မယ် ဆိုတာလေးပါ အတိအကျ ပြောနိုင်ရင် အဆွေတော်အနေနဲ့ ပို နာမည်ကြီးသွားမယ် ထင်တယ်။

စိတ်ပိန်။ ။ ဘယ်တော့ ဆိုတာကတော့ ဒီလို ရှိပါတယ်။ ချိုကုပ်ဒူးကြီးက သနားဂရုဏာတော် ထောက်ထားတဲ့ အနေနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ … နေအိမ် အကျယ်ချုပ် ၁၈ လအထိ ကောင်းကောင်းနေခဲ့ရင် လျှော့ပေးမယ်လို့ ကတိပေးထားပါတယ် … ကောင်းကောင်းနေရင် အဲဒီ ၁၈ လကနေ (လက်များကို တစ်၊ နှစ်၊ သုံး၊ လေး ရေတွက်ရင်း) ၁၇ လနဲ့ ၂၉ ရက်အထိ လျှော့ပေါ့နိုင်ပါတယ်။

ဖိလစ်ပိုင်။ ။ ဒါနဲ့ ကောင်းကောင်း ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ ခင်ဗျ။

စိတ်ပိန်။ ။ ဒီလို ရှိပါတယ်ခင်ဗျ။ ကောင်းကောင်း ဆိုတာကတော့ သူနဲ့သိပ်မဆိုင်လှပါဘူး။ သူဘာသာသူ ဘယ်လောက်ပဲ ကောင်းကောင်းနေနေ ဘေးပရောဂတွေကြောင့်လည်း အဲဒီ ကောင်းကောင်းက ပျက်သွား နိုင်ပါတယ်။

ထိုင်း။ ။ နည်းနည်းလေး ဒီထက် ရှင်းအောင် လင်းပါဦး အဆွေတော်။

ခမ်းမတခုလုံး စိတ်ပိန်ကို စိတ်ဝင်စားနေကြပြီ။ ဘယ်သူမှလည်း အိပ်မငိုက်တော့ဘဲ အားလုံး ပါးစပ်တပြင်ပြင် ဖြစ်နေကြသည်။

ဦးရုက္ခစိုး။ ။ (စိတ်ထဲမှနေ၍) သြော် … မြန်မာညာသမျှ အကုန်ခံရတာပါလားနော်။

စိတ်ပိန်။ ။ ဟုတ်ကဲ့ပါ။ ဒီလိုပါ … ကောင်းကောင်းဆိုတာနဲ့ ပတ်သက်လို့ နေအိမ်အကျယ်ချုပ် အတွင်း ဘယ်လိုနေရမယ်ဆိုတဲ့ စာလည်းထုတ်ထားပါတယ်။ အဲဒီ အချက်တွေကို ရှင်းရှင်းလင်းလင်း မရေးထားဘဲ … အဓိပ္ပာယ်တွေ ရှုပ်ထွေးနေအောင် နာမည်ကြီး ရှေ့နေတွေနဲ့ သေချာ တိုင်ပင်ရေးထားတာပါ။ အဲဒီအထဲက တချက်ချက်နဲ့ ညိစွန်းမယ်ဆိုရင်တော့ ၁၈ လ ဆိုတာနဲ့ ဝေးပြီး ၃ နှစ်ပြန်ဖြစ်သွားမှာပါ။

အာဆီယံဝန်ကြီးများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ စိတ်ပိန်က ဆက်ပြောသည်။

စိတ်ပိန်။ ။ အဲဒီလို ရှုပ်ထွေးအောင် လုပ်ထားတဲ့ ကြားထဲကမှ ဘယ်လိုမှ မညိစွန်းဘဲ ကောင်းကောင်း နေနိုင်ခဲ့မယ်ဆိုရင်တော့ …။

“လွှတ်ပေးမှာလား အဆွေတော်” ဟူ၍ စင်ကာပူဝန်ကြီးက အမောတကော ဝင်မေးသည်။

စိတ်ပိန်။ ။ တမျိုးထပ်ကြံစည်မှာ ဖြစ်ပါတယ်။

ထိုင်း။ ။ ထင်သားပဲ ဒီလောက်လွယ်လွယ်လွှတ်မှတော့ နအဖ လို့ ဘယ်ခေါ်လို့ဖြစ်မလဲ။

လော။ ။ ကြာတယ်ဗျာ … ဘယ်လိုဆိုလွှတ်မလဲ မြန်မြန်ပြောဦး။

စိတ်ပိန်။ ။ လွှတ်ကောင်းလွှတ်မယ်လို့ ပြောတာလေ လွှတ်မယ်လို့ တလုံးမှ မပြောသေးဘူး။

“ကဲပါ အဆွေတော်ရယ် … ဘာဆက်လုပ်မယ်ဆိုတာသာ ပြောလိုက်ပါ” ဟု ထိုင်းဝန်ကြီးက ဝင်ပြောလိုက်ရာ စိတ်ပိန်က ဆောင့်ကြီအောင့်ကြီးဖြင့် “ဘာဆက်လုပ်ရမှာလဲ … ကြက်တောလို နောက်တယောက် ထပ်ငှားပြီး ရတဲ့အပေါက်က အိမ်ထဲ ဝင်ခိုင်းမှာပေါ့ဗျ” ဟု ပြောကာ ပြန်ထိုင်လိုက်သည်။

ခန်းမကြီးတခုလုံး “ဝေါ” ခနဲဆူညံသွားသည်။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကာ “ဒေါ်အောင်ဆန်းစုကြည်” ဆိုသော အသံများ ခန်းမထဲတွင် လျှံနေသည်။ ထိုအသံများကြောင့် ထောင့်တနေရာတွင် နှစ်နှစ်ချိုက်ချိုက် ဟောက်သံများပင်ထွက်ရင်း အိပ်ပျော်နေသည့် ကမ္ဘောဒီးယား ဝန်ကြီး စွန်တန် လန့်နိုးလာကာ ကမူးရှူးထိုး ဝင်ပြောလိုက်သည်။

စွန်တန်။ ။ ခင်ဗျားတို့ကလည်းဗျာ … တခါလာ ဒေါ်အောင်ဆန်းစုကြည်၊ တခါလာ ဒေါ်အောင်ဆန်းစုကြည်နဲ့ … အပြောင်းအလဲလေး ဖြစ်သွားအောင် သက်ဆင်ကြီး အကြောင်းလဲ ပြောကြပါဦး။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တူတူပဲဟာ။

စွန်တန့် စကားကြောင့် ခမ်းမတခုလုံး ငြိမ်သွားတာ တအံ့တသြ ဖြစ်သွားကြပြီး သူ့ဆီအာရုံရောက်သွားကြသည်။

စွန်တန်။ ။ ဟုတ်တယ်မဟုတ်လား၊ တူတူပဲလေ။ တယောက်က မြန်မာနိုင်ငံရဲ့ တရားခံ … နောက် တယောက်က ထိုင်းနိုင်ငံရဲ့ တရားခံ။ သနားစရာ ကောင်းတာက သက်ဆင်ခမျာ ဒေါ်လာတွေ ရင်မှာပိုက်ပြီး ထွက်ပြေးနေရရှာတာ၊ ဒေါ်စုလိုတောင် အေးအေးချမ်းချမ်း အိမ်ထဲမှာ မနေရရှာဘူး …။

ထိုစဉ် ခမ်းမ နောက်ဆုံးနေရာသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော မြန်မာကျောင်းသားတယောက်က လက်ထဲပါလာသော လောက်လေးခွဖြင့် စွန်တန့်နဖူးကိုတည့်တည့်ချိန်ကာ ပစ်လိုက်လေတော့သည် “ဝှီး” “ဒုတ်”

နောက်ဆက်တွဲ သတင်းအနေဖြင့် ထိုကျောင်းသား လောက်လေးခွဖြင့် ပစ်လိုက်သည်ကို စွန်တန်က မသိသော် လည်း သူ့လက်ထဲက ပြုတ်ကျသွားသော ဘောပင်ကို ကုန်း၍ကောက်စဉ် စွန်တန့်နောက်၌ ထိုင်နေသော မြန်မာဝန်ကြီးချုပ် ချိုကုပ်ကြီး စိတ်ပိန်၏ ပြောင်နေသည့် နဖူးတည့်တည့်ကို “ဒုတ်” ခနဲ ထိမှန်သွား၍ ဘုသီးထွက်သွားလေသည် ဟူ၏။

ဤတွင် အာဆီယံ ထိပ်သီးစည်းဝေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားလေတော့သတည်း။ ။


ကိုအေးလွင်အဖွဲ့ တိုင်းမှူးနှင့် ၀န်ကြီးများထံ ချဉ်းကပ်ခြင်း

မုဆိုးလည်းသားကောင် … သားကောင်လည်းမုဆိုး

ဟန်လေး

ကိုညီညီအောင်အမှု မြို့နယ်ရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးမည်

မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်၏ အမှုကို အင်းစိန်ထောင်တွင်းရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးက ယနေ့ ရုံးချိန်းတွင် တောင်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးသွားမည့်အကြောင်း ပြောဆိုလိုက်သည်။


အသက် ၄ဝ နှစ်အရွယ် ကိုညီညီအောင်ကို လိမ်လည်မှု၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှုဖြင့် တရားစွဲဆိုခဲ့ကာ၊၊ နှစ်ကြိမ်တိုင် ရုံးထုတ်ပြီးနောက် ယနေ့သို့ ထပ်မံချိန်းဆိုခဲ့ရာ တရားရုံးက လာမည့်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်သို့ ပြောင်းရွှေ့စစ်ဆေးမည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဘယ်လိုမျိုးကြောင့် ဆိုတာကိုတော့ အကြောင်းမပြဘူး။ ရွှေ့လိုက်တယ်လို့ ပြောပေမယ့် ထိုင်တာက ဒီမှာပဲ၊ အင်းစိန်မှာပဲ ထိုင်မယ်။ တရားသူကြီး ပြောင်းသွားတဲ့ သဘော ရှိတယ်။ မြို့နယ်တရားသူကြီး စစ်တဲ့ အမှုကို ခရိုင်တရားသူကြီး စစ်တဲ့အဆင့် ဖြစ်သွားတာပဲ။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိတာကိုး။ စောစောက စဉ်းစားပြီး မလုပ်တာက အလကား သက်သက် အချိန်ကုန်တဲ့ သဘော ဖြစ်တယ်” ဟု ကိုညီညီအောင်၏ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “အမှုနဲ့ပတ်သက်လို့ ကြီးလေးတယ်လို့ ပြောရင်လည်း ပြောလို့ရသလို၊ ဒါပေမဲ့ အမှုရဲ့ ပုဒ်မတွေက မပြောင်းပါဘူး။ ပြစ်ဒဏ်ကလည်း ဘာမှပြောင်းစရာ မရှိဘူး။ မြို့နယ်အဆင့်က ဒီလောက်အမှုကတော့ အမိန့်ချနိုင်တာပဲ။ တိုင်းကလည်း ချနိုင်တာပဲ” ဟု ပြောသည်။

ကိုညီညီအောင် အမှုအတွက် လိုက်ပါဆောင်ရွက်နေသည့် နောက်ထပ် ရှေ့နေတဦးဖြစ်သူ ဦးဥာဏ်ဝင်းက “တရားရုံး လုပ်ထုံးလုပ်နည်းအရ တခြားတရုံးကို ပြောင်းသွားရင် အပြောင်းခံရတဲ့ တရားရုံး တရားသူကြီးက အမှုကို အစကနေ ပြန်လည်စစ်ဆေးခွင့် ရှိတယ်။ အခု တရားရုံးက အစကနေ ပြန်စစ်မယ်” ဟု ပြောသည်။

တောင်ပိုင်းခရိုင် တရားရုံးများသည် ကျောက်တံတား၊ သံလျင်၊ တွံတေး အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် တည်ရှိသည်။

ကိုညီညီအောင်သည် မိသားစုဝင်များနှင့် ယခုထိ တွေ့ဆုံခွင့် မရသေးသဖြင့် တွေ့ခွင့်ရရှိရန် ရှေ့နေများက ကြိုးပမ်းနေဆဲ ဖြစ်သည်။ သူ၏ ကျန်းမာရေး အခြေအနေမှာမူ ကောင်းမွန်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့တွင် ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် လေကြောင်းဖြင့် မြန်မာပြည်သို့ ဝင်ရောက်လာစဉ် ရန်ကုန် နိုင်ငံတကာ လေဆိပ်တွင် ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည်။ သူ့ကို စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်စစ်ဆေးပြီးနောက် အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ကာ လိမ်လည်မှု ပုဒ်မ - ၄၂ဝ၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု ပုဒ်မ - ၄၆၈ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့နှင့် ယခုလ ၄ ရက်နေ့တွင် ကိုညီညီအောင်သည် အမေရိကန် သံရုံးအရာရှိများနှင့် အင်းစိန်ထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့သည်။ အမှုတွင် လိုက်ပါဆောင်ရွက်ပေးရန် အမေရိကန်သံရုံးက ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းကို မေတ္တာရပ်ခံခဲ့ရာ ကိုညီညီအောင်၏ ကိုယ်စားလှယ်လွှဲစာကို ယခုလ ၆ ရက်နေ့တွင် ရရှိခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ် တရားသူကြီး ဦးသန်းလွင်က အင်းစိန်ထောင်တွင်း၌ ရုံးထိုင်၍ တရားလို သက်သေပေါင်း ၁၆ ဦး ရှိသည့်အနက် သက်သေအချို့ကို ယခုလ ၁၄ ရက်နေ့နှင့် ၂၃ ရက်နေ့များတွင် စစ်ဆေးခဲ့သည်။

သူသည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့ပြီး “ပြည်တွင်း၌ ဆူပူမှုများ အချိန်ကိုက် ဆောင်ရွက်နိုင်ရန်” နှင့် “အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ရန်အတွက် ပြည်ပရှိ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် ချိတ်ဆက်ပေးပြီး သတင်းဖလှယ်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်း၊ အမာခံမွေးမြူခြင်း” တို့ ဆောင်ရွက်ခဲ့ကြောင်း စက်တင်ဘာ ၂၄ ရက်နေ့ထုတ် စစ်အစိုးရအာဘော် သတင်းစာများတွင် စွပ်စွဲဖော်ပြခဲ့သည်။

ကိုညီညီအောင်သည် မြန်မာ့ဒီမိုကရေစီရေးတွက် တက်ကြွစွာ လှုပ်ရှားခဲ့သည့် ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးကို စစ်တပ်က နှိမ်နင်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

မိခင် ဒေါ်စန်းစန်းတင်ကို နိုင်ငံရေးသမားများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ကူညီသည်ဟုဆိုကာ မန္တလေးတိုင်း မိတ္ထီလာထောင်တွင် ထောင်ဒဏ် ၅ နှစ် အကျဉ်းကျခံနေရသည်။

ညီမဝမ်းကွဲဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်သည်လည်း ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်းက သံဃာဆန္ဒဖော်ထုတ်ပွဲ၌ ပါဝင်ခဲ့ပြီးနောက် မတရားအသင်း ဖွဲ့စည်းမှု၊ အီလက်ထရောနစ် ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရပြီး မြင်းခြံထောင်တွင် အကျဉ်းကျနေသည်။ ထို့အပြင် သူမ၏ ခင်ပွန်းသည် ကိုချစ်ကိုလင်းက ပခုက္ကူထောင်တွင် ၇ နှစ်၊ ဝမ်းကွဲညီမ တော်စပ်သူ မနိုးနိုးသည် ဧရာဝတီတိုင်း မအူပင်ထောင်တွင် ၇ နှစ် ပြစ်ဒဏ်ကျခံနေကြရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,31st,2009

( 25 )US Officials to Meet Junta, Opposition Leaders

( 24 )မြန်မာအနုပညာရှင်များ နိုင်ငံတကာ အနုပညာဆုအတွက် ပဏာမ ရွေးချယ်ခံရ

( 23 )A/H1N1 influenza cases reach 63 in Myanmar

( 22 )မြန်မာနိုင်ငံအရှေ့ပိုင်း ဒါဖော နောက်တခုဖြစ်လာ

( 21 )Myanmar's Suu Kyi supports US policy of engagement

( 20 )အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိနှစ်ဦး မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး နိုဝင်ဘာလ ၃ ရက်နေ့ စတင်မည်

( 19 )Karen Fear Military Offensive Near Planned Dam in Burma

( 18 )မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် ထိရောက်အောင် ဆောင်ရွက်နိုင်ရေး ၀ါရှင်တန်မှာဆွေးနွေး

( 17 )US to send top envoys to Burma next week

( 16 )Number of the Internet Users Increases in Myanmar

( 15 )မြန်မာအင်ဂျင်နီယာပါ ဆိုမာလီဓားပြများ ပြန်ပေးဆွဲထားသော သင်္ဘောအတွက်ညှိနှိုင်း

( 14 )U.S. to Send Highest-Level Official to Myanmar in 14 Years

( 13 )၂၀၁၀ ရွေးကောက်ပွဲကို အော်တာနေးတစ်ဖ် အာဆီယံက ၇ှုတ်ချ

( 12 )Myanmar arrests journalists

( 11 )မြန်မာနိုင်ငံသား ၅၀၀ ခန့် မျက်စေ့ ခွဲစိတ်ရန် မယ်တော်ဆေးခန်းသို့ ရောက်ရှိ

( 10 )2 US Officials to Visit Burma Next Week

( 9 )၂ ပေမြောင်းတူးရန် နာရေး ကူညီမှု အသင်းသဘောတူ

( 8 )More to Burma than Aung San Suu Kyi

( 7 )အမေရိကန်ကိုယ်စားလှယ်ကို အဲန်အယ်လ်ဒီက ပါတီဌာနချုပ်၌သာ တွေ့ဆုံလို

( 6 )Media in Burma still face repression and fear in election build-up, says BBC editor

( 5 )၂၀၁၀ တွင် ၀င်မည့် ရခိုင်ပါတီ ၂ ဖွဲ့ ရခိုင်ပြည်သူကို ကိုယ်စားမပြုဟုဆို

( 4 )another Darfur?

( 3 )သတင်းထောက်တချို့ အပါအ၀င် လင်းလက်ကြယ် လူငယ်များ အဖမ်းခံရ

( 2 )Burmese artists shortlisted for international art prize

( 1 )Myanmar arrests journalists, activists in crackdown

Friday, October 30, 2009

နာရေးကူညီမှုအသင်းကို တရားစွဲရန် အမှုဖွင့်ထား

သန်းထိုက်ဦး Friday, 30 October 2009

ရန်ကုန်မြို့တွင် ဖွင့်လှစ် ထားသော နာရေး ကူညီမှု အသင်းကို မြောက်ဒဂုံ မြို့နယ် စည်ပင် သာယာရေး ကော်မတီ အာဏာပိုင် များက တရားစွဲ ဆိုရန် ပြင်ဆင်နေ သည်ဟု ၎င်း အသင်း၏ တာဝန်ရှိသူ တဦးက ပြောသည်။

နာရေး ကူညီမှု အသင်းကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင် သာယာက အသုံးပြုခွင့် အမိန့်မရဘဲ အဆောက် အဦးကို အသုံး ပြုသည်ဟု စွပ်စွဲ၍ တရားစွဲဆိုရန် ယမန်နေ့က အမှုဖွင့် ထားကြောင်း နာရေး ကူညီမှု အသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင် သရုပ် ဆောင် ဦးကျော်သူက ပြောသည်။

“မနေ့က တရားရုံးမှာ အမှု ဖွင့်ဖို့ ခေါ်တယ်၊ ကျနော်က မသွားဘူး၊ မန်နေဂျာကို လွှတ်လိုက်တယ်၊ အဲဒီ မန်နေဂျာ ကို လွှတ်လိုက်တော့ ဟိုက တရား သူကြီးက မန်နေဂျာနဲ့ မပြီးဘူး ပေါ့လေ၊ တရားစွဲ ခံရမယ့် လူကိုယ်တိုင် (ဦးကျော်သူ)ပါမှ ဆိုပြီးတော့ အမှုဖွင့် လိုက်တယ်” ဟု ၎င်း က ပြောသည်။

နာရေးကူညီမှုအသင်း၏ အဆောက်အဦးကို စည်ပင်ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သော်လည်း ခြံဝင်း ရှေ့တွင် ရေမြောင်းမတူးသည့်အတွက် မြောက်ဒဂုံမြို့နယ်ရှိ စည်ပင်က ယခုကဲ့သို့ တရားစွဲဆိုရန် အမှုဖွင့်ရန်စီစဉ်နေ ခြင်း ဖြစ်ကြောင်းသိရသည်။

ယခုအမှုနှင့် ပတ်သက်၍ ဆေးခန်းအဆောက်အဦး ပိတ်ပင်လိုက်ပါက လက်ရှိဆေးဝါး လာရောက်ကုသနေသော လူနာများအတွက် အခက်အခဲရှိကြောင်း၊ ဆေးကုသမှုလုပ်ငန်းကို ရပ်ဆိုင်း၍မရကြောင်းလည်း ဦးကျော်သူက ပြောသည်။

“ဆေးခန်းကို ရပ်ခိုင်းရင် အကုန်ဒုက္ခရောက်ကြမှာပဲ၊ မရပ်ခိုင်းဘဲနဲ့ ထောင်ချရင်လည်း ကျနော် လိုက်သွား လိုက်ရုံပဲ ဒါပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

ယင်း ဆေးခန်းတွင် လာရောက်ကုသနေသော လူနာ စုစုပေါင်း ၂၀၀ခန့် ရှိကြောင်း သိရသည်။

နာရေးကူညီမှုအသင်းသည် ယခင်က သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်းတိုက်တွင် အခြေ စိုက်ကာ အခမဲ့ နာရေးဝန်ဆောင်မှုပေးခဲ့ရာမှ မြို့နယ်စည်ပင် အာဏာပိုင်များက ပိတ်ပင်ခဲ့သည့်အတွက် လွန်ခဲ့သည့် ဇူလိုင်လတွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့်ရုပ် ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်းတိုး ချဲ့ဖွင့်လှစ်ခဲ့သည်။ ၎င်း အသင်းအား ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် အခမဲ့ ကူညီခြင်းဖြစ် သည်။

ယင်းဆေးခန်းတွင် မျက်စိအထူးကု၊ အရိုးအကြော၊ မီးယပ်နှင့်သားဖွား၊ ကလေးအထူးကု၊ အရေပြား၊ သွား အထူး ကု ဆရာဝန်နှင့် အထွေထွေ အထူးကု ဆရာဝန် စသည့် ဆရာဝန်များရှိပြီး အထွေထွေ ရောဂါများအပြင် အသေး စား ခွဲစိတ်ကုသမှုများပါ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၀၆ ခုနှစ် သြဂုတ်လတွင် နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ် ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်းမပြုသည့်အပြင် အာဏာပိုင်များက အနှောင့်အယှက်များပေးခဲ့သည်။

ဖုန်ကြားရှင် ဝပြည်တွင် ခိုလှုံနေကြောင်း ဟောင်ကောင်ပညာရှင်တဦး ပြောဆို

နန္ဒီ / ၃၀ အောက်တိုဘာ ၂၀၀၉

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက် ညနေ၌ ဟောင်ကောင် တက္ကသိုလ် (City University of Hong Kong) တွင် ကိုးကန့်နှင့် တရုတ် - မြန်မာ ဆက်ဆံရေး ဆိုသည့် ဆွေးနွေး ဟောပြောပွဲ တခု ကျင်းပ ခဲ့ရာ ကိုးကန့် ဒေသကို သွားရောက် လေ့လာ သုတေသန ပြုခဲ့ဖူး သည့် ဒေါက်တာ ဂျိမ်းစ်ချင်း (Dr James K Chin ) က ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင် သည် တရုတ်ပြည် ထဲ၌ မဟုတ်ဘဲ ဝပြည်တွင် သွားရောက်ခိုလှုံ နေကြောင်း ပြောကြားသည်။

အရှေ့တောင်အာရှ သုတေသနလေ့လာရေး စင်တာတွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေး ပွဲတွင် ဒေါက်တာချင်းက ကိုးကန့် သမိုင်း ကြောင်းနှင့် တကွ ကိုးကန့်နှင့် မြန်မာ နိုင်ငံအပေါ် ထားသည့် တရုတ်ပြည်၏ သဘောထားကို ရှင်းလင်း ပြောဆို ခဲ့ခြင်း ဖြစ်သည်။


ဒေါက်တာချင်းက “တရုတ်ကာကွယ်ရေးဝန်ကြီး ပြောတာက တရုတ်ပြည်ဟာ အိန္ဒိယ၊ မြန်မာနဲ့ ဗီယက်နမ်တို့ပါဝင်တဲ့ အနောက်တောင်ဒေသကို အလွန်အရေးထားတယ်။ နောက်ပြီး မြန်မာပြည်ကို မြောက်ကိုရီးယားလို နိုင်ငံ ဖြစ်လာမှာ အလွန်စိုးရိမ်တယ်။ နောက်ဆုံး အခြေအနေအရ ဂက်စ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း သွယ်တန်းရေးကိစ္စတွေ ရှိနေတော့ ကိုးကန့်ဒေသထက် လက်ရှိ မြန်မာအစိုးရကို ပိုပြီး အလေးထားတယ်။ ဒါကြောင့် သူ့ပြည်တွင်းမီဒီယာတွေမှာ ကိုးကန့်အကြောင်းတွေကို သိပ်ရေးသားဖော်ပြခွင့် မပေးတာ သတိထားမိတယ်” ဟု ပြောသည်။

ဒေါက်တာချင်းသည် တရုတ်နယ်စပ် ကိုးကန့်ဒေသကို တရားဝင်ခွင့်တောင်းပြီး သွားရောက်လေ့လာခဲ့သည့် ပညာရှင်တယောက်ဖြစ်ပြီး ၎င်း၏ ရှင်းလင်းပွဲတွင် သူကိုယ်တိုင် ရိုက်ကူးထားသည့် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်၏ (၇၆) နှစ်မြောက်မွေးနေ့ပွဲ ဗီဒီယိုမှတ်တမ်းကိုလည်း ပြသခဲ့သည်။

ကိုးကန့်ဒေသကို တရားဝင် ထူထောင်ခဲ့သူမှာ ယန်ရှင်းဆိုင် ဆိုသူ ဖြစ်သည်။ ၁၉၆ဝ ခုမှ ၁၉၈၉ ခုအထိ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒေသတခုအနေဖြင့် ရပ်တည်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဗကပ လက်အောက်မှ ခွဲထွက်ကာ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး ရယူခဲ့သည်။

ထို့နောက်ပိုင်း မြန်မာစစ်အစိုးရက ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကိုလည်း လက်မခံခဲ့ကြောင်း၊ ယင်းသို့ လက်မခံခဲ့ခြင်းသည် ကိုးကန့်တွင် တိုက်ပွဲများဖြစ်ပြီး ဖုန်ကြားရှင် ဖယ်ရှားခံလိုက်ရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ဒေါက်တာချင်းက ပြောသည်။

ကိုးကန့်အထက်အရာရှိများကို အင်တာဗျူးလုပ်ခဲ့သည့် ဒေါက်တာချင်း၏ ပြောဆိုချက်အရ ကိုးကန့်လူငယ်များက သူ့ကို “ကျနော်တို့ တရုတ်ဖြစ်ချင်ပါတယ်။ ဒါပေမယ့် တရုတ်က ကျနော်တို့ကို မလိုချင်ကြဘူး” ဟု ပြောကြောင်း သိရသည်။

“ဖုန်ကြားရှင်၏ မွေးနေ့ပွဲမှာ စစ်ရေးပြတယ်။ ကိုးကန့်စစ်သားတွေ ကြွေးကြော်တာကတော့ ‘ဗမာပြည် ဝင်ရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်မည်’ (မန်ဒရင်းလို ပြောတယ်)” ဟု ဒေါက်တာချင်းက သူ့ဗီဒီယိုကို ပြရင်း ဘာသာပြန်ပြသည်။ စစ်သားများ၏ လက်တွင် သေနတ်နှင့်အတူ အနီရောင်အထုတ်လေးများ ကိုင်ထားကြကာ ခေါင်းဆောင် ဖုန်ကြားရှင်၏ အံပေါင်းလက်ဆောင်များ ဖြစ်ကြောင်း သိရသည်။

လတ်တလော တိုက်ပွဲများ ဖြစ်ပွားရခြင်းမှာ မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံနှင့် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံသည့်အပြင် နယ်စပ်က မူးယစ်ဆေးဝါးနှင့် လောင်းကစားပြဿနာ၊ ဖုန်ကြားရှင်မိသားစု၏ ဒေသတွင်း စီးပွားရေး လက်ဝါးကြီးအုပ်ထားသည့် ပြဿနာ စသည်တို့လည်း ပါဝင်ကြောင်း ဒေါက်တာချင်းက ရှင်းပြသည်။

ဒေါက်တာချင်းက တရုတ်ပြည်သည် ၎င်း၏ ဂက်စ်ပိုက်လိုင်း သွယ်တန်းရေးအပါအဝင် မြန်မာပြည်နှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကို ပိုပြီးအလေးထားကြောင်း၊ ထို့ကြောင့် ကိုးကန့်ဒေသ အပါအဝင် တရုတ်ပြည် နယ်စပ်အရေးအခင်းများကို ဆက်ပြီး စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါပွဲကို ကိုယ်တိုင်သွားတက်ခဲ့သူ ကျောင်းသူတဦးက ပညာရှင်များထဲတွင် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ကိုးကန့်အကြောင်း စိတ်ဝင်စားသည့် ပညာရှင်ဖြစ်၍ ရှားရှားပါးပါး ဆွေးနွေးဟောပြောပွဲတခုဖြစ်ကြောင်း မှတ်ချက်ပြုသည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏ ကျဆင်း (ရုပ်သံသတင်း)

မဇ္မျိမသတင်းဌာန

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအားလုံးနှင့်တွေ့ခွင့်ပေးရန် တောင်းဆို

NEJ / ၃၀ အောက်တိုဘာ ၂၀၀၉

နေအိမ် အကျယ်ချုပ် ဖောက်ဖျက် မှုဖြင့် ပြစ်ဒဏ်များ ချမှတ် ခဲ့မှု အပေါ် ဗဟို တရားရုံး ချုပ်တွင် အယူခံ တင်ရန် လျှောက်လွဲချက် မူကြမ်းကို တိုင်ပင် ဆွေးနွေးရန် ၎င်း၏ ရှေ့နေ အားလုံးနှင့် တွေ့ဆုံ ခွင့်ပေးရန် ဒေါ်အောင်ဆန်း စုကြည်က စစ်အစိုးရ အာဏာပိုင် များထံ တောင်းဆို လိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်၏ အယူခံ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေး နေသည့် ၎င်း၏ အကျိုးဆောင် ရှေ့နေ (၄) ဦးအနက် ကျန်ရှိ သည့် ရှေ့နေ (၂) ဦး ဖြစ်သည့် ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ် တို့နှင့် တွေ့ခွင့် မရသည့် အတွက် ယခုကဲ့သို့ တောင်းဆို လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

နေအိမ် အကျယ်ချုပ် ကျခံနေ ရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ရှေ့နေ (၂) ဦး ဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း တို့နှင့် ယမန်နေ့က တက္ကသိုလ် ရိပ်သာ လမ်းရှိ ၎င်း၏ နေအိမ်တွင် တွေ့ဆုံခွင့် ရရှိခဲ့သည်။

ဦးဉာဏ်ဝင်းက “ကျနော်တို့ ရှေ့နေ (၄) ယောက် တွေ့ခွင့်တောင်းထားတာ (၂) ယောက်ပဲ ကန့်သတ်ခွင့်ပြုတာ (၂) ခါရှိသွားပြီ။ ဟိုရှေ့ပိုင်းတုန်းကတော့ (၄) ယောက်စလုံး တွေ့ခွင့်ပေးတယ်။ ဒီဟာလည်း ဘာကြောင့်ပြောင်းသလဲ မသိဘူး။ ဒါကိုလည်း ကျနော်တို့ သီးခြားအာဏာပိုင်အဖွဲ့အစည်းတွေကို တင်ဖို့ရှိပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် အယူခံအတွက် ဗဟိုတရားရုံးချုပ်သို့တင်မည့် ပြင်ဆင်မှုများကို ဆွေးနွေးကြပြီး တင်မည့်လျှောက်လွဲချက်မူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သဘောတူပါက တင်ရန်ရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းသို့ တိုင်ပင်ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏တရားရေးရပိုင်ခွင့်အပေါ် ကန့်သတ်မှုကို ပြောကြားခဲ့ကြောင်း ဦးဉာဏ်ဝင်းက “ဒေါ်စုပြောတာက ရှေ့နေ (၁) ယောက်နဲ့ လုံလောက်တယ်၊ (၂) ယောက်နဲ့ လုံလောက်တယ်ဆိုတာ ပြောခွင့်မရှိဘူးတဲ့။ ရှေ့နေ (၄) ယောက်ဆိုရင် (၄) ယောက်ရဲ့ opinion ကို တောင်းလို့ရတယ်တဲ့။ (၂) ယောက်ဆိုတော့ (၂) ယောက်ရဲ့ opinion ကိုပဲ နားထောင်ရတယ်တဲ့” ဟု ပြန်လည်ပြောဆိုသည်။

ထို့အပြင် အခြားပြောဆိုခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍လည်း ဦးဉာဏ်ဝင်းက “မစ္စတာကတ်ဒ်ကင်ဘဲလ် ရောက်မယ်လို့ သူသတင်းကြားတယ်။ တိုက်ရိုက်တွေ့ဆုံမှုတွေနဲ့ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်နေတယ် ဆိုတာတော့ ပြောပါတယ်။ အကြောင်းအရာအနေနဲ့တော့ ဘာမှ ဒေါ်စုက မပြောဘူး” ဟု ဆိုသည်။

ယခုလောလောဆယ် ဖြစ်ပေါ်နေသည့် အန်အယ်လ်ဒီ ညီလာခံခေါ်ယူရေးကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီက ညီလာခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော့်ကိုမေးတယ်။ ဘာဖြစ်လို့ ဒီလို ဆောင်ရွက်ချင် တယ်လို့ သိရလဲတဲ့။ ကျနော်က ကျနော်တို့ ကြေညာချက်မှာပါတာ ပြောပြတယ်။ သူက ညီလာခံဟာ ဒီစာထဲမှာပါတဲ့အတိုင်းပဲ လုပ်ဖို့ အရင်ကတည်းက ခွင့်မသာတာကို ပြောတယ်။ အခု သူတို့ရဲ့ဆောင်ရွက်ချင်တဲ့ဆန္ဒ ဘာဖြစ်လို့ ဒီလို အခုမှဖြစ်သလဲဆိုတာ သူပြောတယ်။ ဒါပဲ။ ဒီအပေါ်မှာ ဘာမှ ထွေထွေထူးထူးမပြောဘူး။ ကျနော်ပြောနေတဲ့ ကြားနေတဲ့ဟာကို ကျနော်ပြောပြတယ်။ ဒီကိစ္စ ဒေါ်စုသဘောတူလားလို့ တယောက်က ကျနော့်ကိုမေးတယ်။ မေးတော့ ကျနော်က သူ့ကိုပြောတယ်။ ဒေါ်စုက စီအီးစီရဲ့ လုပ်ငန်းတွေကို လုပ်သာလုပ်ပါ။ အဲဒီလုပ်တဲ့လုပ်ငန်း ရှေ့ရောက်နေရင်ကာပေးမယ်။ နောက်ရောက်နေရင် တွန်းပေးမယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲတော့ ဒီစကားအရ ဒီဟာကို ဒေါ်စုသဘောတူသလားဆိုတာ ပြဿနာမပေါ်ဘူးလို့ ကျနော်ဒီလိုဖြေတယ်လို့ ပြောတယ်။ ဒီလိုဖြေတာကို ဒေါ်စုသဘောတူတယ်” ဟု ပြောသည်။

နေအိမ်ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က architect နှင့် တွေ့ဆုံနိုင်ရန် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းပြောချင်လုပ်ချင်သည့် အိမ်မွမ်းမံပြင်လိုသည်များနှင့် architect ဆွဲထားသည့်ပုံစံများ အကုန်မတူသည့်အတွက် architect ကို တွေ့ဆုံမေးမြန်းရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း မြို့နယ်အဖွဲ့ခွဲများက ပါတီညီလာခံခေါ်ယူရေးနှင့် ပါတီဗဟို ဦးစီးကော်မတီ ပြန်လည်ဖွဲ့စည်းရေး တောင်းဆိုထားမှုအပေါ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လတ်တလောအားဖြင့် ညီလာခံခေါ်ယူရေး မဖြစ်နိုင်သေးကြောင်း အောက်တိုဘာ (၂၂) ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ကရင်ငြိမ်းချမ်းရေးကောင်စီ လက်မခံ

နန်းထူးစံ (ကေအိုင်စီ)

နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်း ရေးအတွက် နအဖ စစ်အစိုး ရ၏ ကမ်းလှမ်း ချက်ကို လက်ခံမည် မဟုတ်ကြောင်း ကေအဲန်ယူ/ ကေအဲန် အယ်လ်အေ - ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က အောက်တိုဘာ (၂၀)ရက် နေ့တွင် ကြေညာချက် တစောင် ထုတ်ပြန် လိုက်သည်။


နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်ဇော်တို့ ဦးစီးသော အထက်တန်းအရာရှိ (၂၀)ဦးတို့သည် ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင် သော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို တပ်အသွင်ပြောင်းရေးကိစ္စ လက်ခံရန်အတွက် ကရင်ပြည် နယ်၊ ဖားအံမြို့တွင် အောက်တိုဘာ ၁ရက်နေ့က လာရောက်တွေ့ဆုံကာ ကမ်းလှမ်းခဲ့သည်ကို လက်မခံနိုင်ကြောင်း ထိုကြေညာချက် တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ထိုသို့ နအဖ၏ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခြင်းမှာ ကရင်လူထုအနေဖြင့် ကရင်တပ်ဖွဲ့ဝင်များကို မြန်မာတပ်များ၏ သြဇာခံအဖြစ် မလိုလားသည်ကတကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများကို ဝါးမျိုရေးဟု အဓိပ္ပါယ်ဆောင်သည့် ထိုဒီမိုကရေစီ ကျင့်သုံးမှု အခန်းကဏ္ဍများကို အယုံအကြည် မရှိသည်ကတကြောင်းနှင့် စစ်တပ်အုပ်ထိန်းမှုသည် မပြီးဆုံးနိုင်သည့် ရှုတ်ထွေးမှု ပဋိပက္ခများဖြစ်လာနိုင်ပြီး ၂၀၁၀ ဒီမိုကရက်တစ်လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ၎င်းတို့အနေဖြင့် ယုံ ကြည်ထားသည့်အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဗိုလ်ချုပ်ရဲမြင့်၏ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ အချင်းချင်း သတ်ဖြတ်မှု များ ပို၍ ဖြစ်ပွားလာမည်ဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့သည် နအဖ၏ အဆိုပြုချက်ကို သဘောတူလက်ခံလိုက်ပြီးနောက် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အောက်တွင် ကရင်ပြည်သူလူထုများအပေါ် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပိုမိုကျင့်သုံးလာရာ ယခုလက်ရှိ ကရင်ပြည်နယ် တပ်မဟာ ၁၊ ၂၊ ၃နှင့် ၅နယ်မြေအတွင်း သတ်ဖြတ်ခံရသည့် ကရင်လူထုများမှာ သက်သေအဖြစ် ထင် ရှားလျှက်ရှိသည်ဟု ဆိုသည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီကေဘီအေ အဖွဲ့ဝင်တဦးက “ဒီကေဘီအေအဖွဲ့ဟာ စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကေအဲန်ယူကို ဆန့် ကျင်နေပေမယ့်လည်း ကျနော်တို့လုပ်တာ ကရင်လူထုတွေအတွက်ပါ။ အများကြီး မလုပ်နိုင်သော်လည်း လက်လှမ်းမီတဲ့နေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျနော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ အချင်းချင်း တိုက်ပွဲဖြစ်တာ ကျနော်လည်း မလိုလားပါဘူး”ဟု ကေ အိုင်စီကို ပြောသည်။

စစ်အစိုးရအနေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာသည် စစ်ရေးနည်းဖြင့် မဖြေရှင်းနိုင်ဘဲ အများယုံ ကြည်မှုအတိုင်း ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် အဖြေရှာရန် လိုအပ်ပေသည်ဟု ကေအဲန်ယူ/ ကေအဲန်အယ်လ်အေ ငြိမ်း ချမ်းရေးကောင်စီက စစ်အစိုးရအား တိုက်တွန်းထားသည်၊

ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမူက “အဲဒီလိုမျိုးပဲ ဖြစ်သင့်ပါ တယ်။ နအဖက သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် အပစ်ရပ်တဲ့ တိုင်းရင်းသားတွေကို သူတို့တပ်အောက်မှာ လိုက်သိမ်း သွင်းတာ လူတိုင်းအသိပဲ။ အခုလို ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နအဖရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုတာကို ကျနော်တို့ က ကြိုဆိုပေမယ့် သူတို့အပေါ် တမျိုးတဖုံ အကြပ်ကိုင် ဖိအားပေးလာနိုင်တယ်”ဟု ကေအိုင်စီကို ပြောသည်။

နအဖသည် နယ်ခြားစောင့်တပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့်မေလက အလားတူ ကမ်းလှမ်းခဲ့ဖူးသော်လည်း ငြိမ်းချမ်းရေးကောင်စီအနေ ဖြင့် နအဖ၏ တပ်အသွင်ပြောင်းရေးအစီအစဉ်ကို လက်မခံဘဲ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ (၄)ချက်ကို ဆုပ် ကိုင်ထားကာ ကရင်ပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်စောဌေးမောင် ခေါင်းဆောင်သော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့သည် ၂၀၀၇ခုနှစ် ဖေဖော် ၀ါရီ (၁၁)ရက်နေ့က ကေအဲန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ဖားအံခရိုင်၊ ထို့ကော်ကိုးကျေးရွာတွင် အခြေ စိုက်လျှက်ရှိသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် မိုင်းလားတပ်ဖွဲ့ငြင်းဆန်၍မရတော့

သျှမ်းသံတော်ဆင့်


စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအစီအစဉ် ဆက်လက်ငြင်းဆန် ရန် အမျိုးသားဒီမိုရက်တစ် တပ် ပေါင်းစု - သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS ခေါ် မိုင်းလား အထူးဒေသ ၄ တပ် ဖွဲ့အခြေအနေမရ တော့ကြောင်းခိုင်လုံသည့် ထိုင်းနယ်စပ်သတင်း ရပ်ကွက်ပြောပါသည်။

အောက်တိုဘာ၂၈ ရက် ဥက္ကဌကြီး ဦးစိုင်းလင်းခေါင်းဆောင်သည့် မိုင်းလားကိုယ်စားလှယ်အဖွဲ့က ကျိုင်းတုံ ရောက် ဗိုလ်ချုပ်ရဲမြင့်နှင့်သွားရောက်တွေ့ဆုံစဉ် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စ တခွန်းတပါဒမျှဈေးဆစ်၍မရ ကြောင်း၊ မိုင်းလားအဖွဲ့၏ စက်တင်ဘာ ၂၃ ရက်ပါ စစ်အစိုးရထံ ပေးပို့သည့်စာအတိုင်း မူအရနယ်ခြားစောင့်တပ် လုပ်တန်လျှင် လုပ်မည်ဟူသောအချက်ကိုသာ ဗိုလ်ချုပ်ရဲမြင့်ကိုင်စွဲဖိပြောလိုက်ကြောင်း အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

“တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးဒေသ နဲ့ တပ်မဟာ ၉၁၁ ထိန်းချုပ်နယ်မြေ နမ့်ပန်းဒေသကိုမိုင်းလားမြို့ နယ်ထဲထားခွင့်မပေးတော့ဘူး၊ ဆီလူးဆိုရင် မိုင်းယန်းမြို့နယ်၊ နမ့်ပန်းဆိုရင်လဲ မိုင်းယောင်း မြို့နယ်ဘဲဖြစ်ရမယ်တဲ့။ ဌာနေပြည်သူ့စစ်လဲလုပ်ခွင့်လဲမရဘူး၊ တပ်ရင်းတိုင်း နအဖ စစ်အရာရှိ ၃၀ ပါဝင်တဲ့ နယ်ခြားစောင့်တပ်ဘဲလုပ်ရမယ်။ စစ်အစိုးရသတ်မှတ်ထားတဲ့ သင်တန်းနေရာကိုဘဲသွားတက်ရမယ်” - ဟု ဗိုလ်ချုပ်ရဲမြင့် က ပြောသေးကြောင်း ဆို၏။

နယ်ခြားစောင့်တပ်လုံးဝ အသွင်ပြောင်းလဲရေးကိုသာ ဗိုလ်ချုပ်ရဲမြင့် အပေါ်စီးဖိပြောခဲ့သော်လည်း မိုင်းလား အဖွဲ့အနေဖြင့်မည်သို့လက်ခံပြီး မည်မျှလိုက်နာမည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ယခုအခြေအနေမှာ ၀ တပ်ဖွဲ့ ပန်ဆန်း ဌာနချုပ်နှင့်လည်းဆက်စပ်နေကြောင်း၊ PDF အဖွဲ့ဝင် ကိုးကန့်ဒေသ လက်လွတ်ဆုံးရုံးပြီး နောကမိုင်းလား တပ်ဖွဲ့နယ်မြေအရှုံးခံမည် မခံမည်ဟူသောအချက်အပေါ် မူတည်နေကြောင်း၊ မိုင်းလား ခေါင်း ဆောင်များထပ်မံ အစည်းအဝေးထိုင်ပြီး ပန်ဆန်း နှင့်သွားဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ ၀ တပ်ဖွဲ့ ၏ ရပ်တည်မှုနှင့်ဆုံးဖြတ်ချက် လည်း အရေးပါကြောင်း - အဆိုပါဆိုစ့်က သျှမ်းသံတော်ဆင့်သို့ပြောပြသည်။

ဝထိပ်ပိုင်း ခေါင်းဆောင်များ ရမခတိုင်းမှူးနှင့် တွေ့ဆုံ နယ်ခြားစောင့်အရေး တိုးတက်မှုမရှိသေး

သျှမ်းသံတော်ဆင့်

သြဂုတ်လကုန်ပိုင်းက ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သျှမ်းပြည် (မြောက်ပိုင်း)ရှိ ငြိမ်းချမ်း ရေးအဖွဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ ထိန်းချုပ်နယ်မြေအနီးတ၀ိုက် တိုးချဲ့တပ်စွဲထားသော နအဖစစ်တပ် များ ပြန်လည် ရုပ်သိမ်းရန်ဝတပ်ဖွဲ့ ခေါင်းဆောင်များက တောင်းဆိုထားကြောင်း သိရသည်။

ယခုလ ၂၅ ရက်နေ့က ၀တပ်ဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော ဒုဥက္ကဌ ရှောက်မီလျှံ အထွေထွေ အတွင်း ရေးမှူး ပေါက်ယုံယိ စစ်ဦးစီးချုပ် ကျောက်ကော်ဝမ်းတို့သည် သျှမ်းပြည်(မြောက်ပိုင်း) လားရိုးမြို့ အခြေဆိုက်အ ရှေ့မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ်နှင့် လားရိုးမြို့၌ တွေ့ဆုံစဉ် ထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နှစ်ဘက်တွေ့ဆုံစဉ် ၀ခေါင်းဆောင်များက ၄င်းတို့နယ်မြေများအား ပိတ်ဆို့ထားသည့် တပ်များရုပ်သိမ်းပေးရန်နှင့်အကယ်၍ တပ်များဆက်လက်ထားရှိပါက နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲဖွဲ့စည်းရေးကိစ္စအား ဆက်လက်ဆွေးနွေးမည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ၀တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မကြာခင်ကာလအတွင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ္ဋ် တာဝန်ပြောင်းရွေ့တော့မည် ဖြစ်သောကြောင့် ၀ခေါင်းဆောင်များက နူတ်ဆက်သည့်အနေဖြင့် သွားရောက်တွေ့ဆုံခဲ့ခြင်းသာဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်းလဲရေးကိစ္စ ဆွေးနွေးမှု တစ်စုံတစ်ရာတိုးတက် လာခြင်းမရှိသေးကြောင်း သူက ဆိုသည်။

နအဖမှ တိုင်းရင်းသားလက်နက်ကိုင်တပ်များအား နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် အောက်တိုဘာလ ကုန်နောက်ဆုံးထား အကြောင်းပြန်ရန် သတ်မှတ်ထားသော်လည်း ၀တပ်ဖွဲ့နှင့်နအဖကြား နယ်ခြားစောင့်ကိစ္စ ဆွေးနွေးမှုမှာ တိုးတက်မှုလမ်းစ မရှိသေးပဲဖြစ်နေသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စအား ၀တပ်ဖွဲ့မှ မူအားဖြင့်လက်ခံသော်လည်း ၄င်းတို့ ဘက်မှ နောင် ဖြစ်ပေါ်လာမည့် အစိုးရသစ်နှင့်မှ ဆွေးနွေးမည်ဆိုသည့် မူကို ဆက်လက်ဆုပ်ကိုင်ထားကြောင်းသိရသည်။

ယခုအခါ နအဖတပ်မ (၉၉)နှင့်တပ်ရင်း(၁၀)ရင်းသည် ၀တပ်ဖွဲ့နှင့်ကိုးကန့်ဒေသ စပ်ကြားနယ်မြေအနီး တ၀ိုက်ရှိ ဟိုပန် ပန်လုံ ဒေသများတွင် တပ်စွဲထားကာ ကိုးကန့်ဒေသတွင် တပ်မ ၃၃ စကခ (၁၆) တို့က ၀င်ရောက်လှုပ်ရှားလျှက်ရှိသည်။

ယခုလဆန်းပိုင်းက ထွက်ပေါ်ခဲ့သော သတင်းများအရ တပ်မ (၇၇) နှင့်တပ်မ (၈၈) တို့အား အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အရံတပ်ရင်းများအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။


ဘူးသီးတောင်မြို့ရှိ အန်ဂျီအို တခုကို ဒေသခံများ ၀ိုင်းဝန်းတိုက်ခိုက်

Narinjara News

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် တည်ရှိသော နိုင်ငံခြား အန်ဂျီအို တခုဖြစ်သည့် AMI ရုံးကို ဒေသခံ ရခိုင်ပြည်သူများက မနေ့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ကျောင်းဆရာ တဦးက ပြောသည်။

“တိုက်ခိုက်တာက ညနေ ၅ နာရီခွဲခန့်မှာ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့ အကြောင်းက ရခိုင်အမျိုးသမီး ၀န်ထမ်းတဦး ဖြစ်တဲ့ မနီလာကျော်ကို ရုံးဝန်ထမ်း မူဆလင် တဦးက မဖွယ်မရာ ပြုမူ ဆက်ဆံတာကနေ ပြဿနာ စဖြစ်တာ ဖြစ်ပါတယ်။ လူပေါင်း ၂၀၀၀ လောက်က ရုံးကို တုတ်တွေ ကျောက်ခဲတွေနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ထိုသို့ တိုက်ခိုက်သဖြင့် ရုံးတွင်း ရပ်ထားသော ကား ၄ စီး၊ မော်တော်ဆိုင်ကယ်များ အပါအ၀င် ရုံးမှန်တံခါးများလည်း ကွဲကျသွားကာ ရုံးခေါင်းမိုးတခုလုံး ပြိုထွက် သွားသည်ဟု သိရသည်။

“ စဖြစ်တာက မနီလာကျော် သူနာပြု ဆရာမက ရုံးက အလုပ်ထွက်တော့ အဲဒီရုံးက လူကြီးတွေကို သွားရောက် နုတ်ဆက်ပြီး အပြန်မှာ အဲဒီရုံးမှာ လုပ်ကိုင်နေတဲ့ မူဆလင် တဦးက မဖွယ်မရာ စကားတွေ ပြောဆိုရာက စတင်ခဲ့တာ ဖြစ်ပါတယ်။ သူမက ခုလို စော်ကားတာကို ရဲကို သွားတိုင်တယ်။ ရဲက အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အဲဒီ ၀န်ထမ်းကို ခေါ်ယူတော့ AMI ရုံးက နိုင်ငံခြားသားတွေက ထုတ်မပေးဘူး။ ထုတ်မပေးတော့ လူတွေက မကျေမနပ် ဖြစ်လာပြီး ရုံးကို ၀ိုင်းအုံလာကြတယ်။ နောက်တော့ အုတ်ခဲတွေ၊ တုတ်တွေ၊ ပုလင်းတွေနဲ့ ၀ိုင်းဝန်းပြီး ရုံးကို တိုက်ခိုက်ခဲ့ကြတယ်။” ဟုသူက ပြောသည်။

ဘူးသီးတောင်ရဲ အနေဖြင့် လူအုပ်မှာ ကြီးလွန်းသဖြင့် ၀င်ရောက်မထိန်းသိမ်းနိုင်သဖြင့် ဗျူဟာမှူးကိုယ်တိုင်လာရောက်ပြီး ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။

အခုအခါ ဘူးသီးတောင်တွင် လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး အမျိုသမီးအား မဖွယ်မရာ ဆက်ဆံ ပြောဆိုခဲ့သူ မူဆလင် ရုံးဝန်ထမ်းအားလည်း ရဲက ထိန်းသိမ်းထားလိုက်ပြီ ဖြစ်သည်ဟု သိရသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံ ဦးဇင်း တပါးကလည်း ယခုကဲ့သို့ ကောက်ချက်ချ ပြောကြားသည်။

“ AMI အပါအ၀င် နိုင်ငံတကာက လာရောက်ဖွင့်ထားတဲ့ ရုံးတွေကို ရခိုင်လူထုတွေက ခွဲခြားဆက်ဆံမူတွေကြောင့် မကျေမနပ် ဖြစ်နေတာကြာပါပြီ။ ခုလို မကျေမနပ် ဖြစ်နေတဲ့ အချိန်မှာ အမျိုးသမီး တဦးကို ရုံးပေါ်မှာ မဖွယ်မရာ လုပ်တယ်ဆိုတော့ ရခိုင်အမျိုးသားတွေ သည်းခံစိတ်ကုန်သွားပြီး ခုလို တိုက်ခိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

AMI ခေါ် Aide Medicine International မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း အပါအ၀င် ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ကျန်းမာရေး စီမံကိန်းများကို ဆောင်ရွက်နေသော နိုင်ငံခြား အန်ဂျီတခု ဖြစ်သည်။


ကဲ … ယုံချင် ယုံ၊ မယုံချင်နေ (အပိုင်း - ၄)



အထူးကျွမ်းကျင်တဲ့ စပါယ်ရှယ်လစ် ရှေ့နေ

ရဲစခန်းကတဆင့် ညွှန်ပြလို့ ငှားတဲ့ ရှေ့နေ၊ အမှုပွဲစားတွေက ငှားပေးတဲ့ ရှေ့နေ၊ တရားခွင်စာရေးနဲ့ ဘီးလစ်စာရေးတို့က ညွှန်းတဲ့ ရှေ့နေ၊ တရားသူကြီးကိုယ်တိုင်က ငှားဖို့ပြောတဲ့ ရှေ့နေ အစရှိသဖြင့် အမှုဖြစ်လာပြီဆိုမှတော့ ငွေကုန်ဖို့က နည်းလမ်းပေါင်းစုံနဲ့ ပေါ်လာတာပါပဲ။ …. သေဒဏ်ထိုက်သင့်တဲ့အမှုကို ကျူးလွန်ပြီး ငွေမတတ်နိုင်တဲ့ အမှုသည်တွေအတွက် နိုင်ငံတော်က အစိုးရစရိတ်နဲ့ ရှေ့နေ ငှားပေးပါတယ်။

တကယ်တမ်း ပြောရရင် အထက်တန်း ရှေ့နေ၊ မှတ်ပုံတင်လက်မှတ်ရ ရှေ့နေ၊ တရားရုံးချုပ် ရှေ့နေ အစရှိသဖြင့် ရှေ့နေတွေထဲမှာလည်း အမျိုးမျိုးပါ၊ အထက်တန်းရှေ့နေဆိုတာက မြို့နယ်၊ ခရိုင်၊ ပြည်နယ်နဲ့ တိုင်း အထိပဲ လိုက်ပါဆောင်ရွက်လို့ ရတယ်။

ရန်ကုန်တိုင်းမှာ လိုက်ပါဆောင်ရွက်ဖို့ စာရင်းတင်ထားတဲ့ ရှေ့နေက အခြား ပြည်နယ်နဲ့ တိုင်းမှာ အမှုသွားလိုက်ချင်ရင် လိုက်ပါဆောင်ရွက်ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းမှာ ထပ်မံတင်ပြခွင့် တောင်းရပြီး တရားရုံးချုပ်ရှေ့နေကတော့ တနိုင်ငံလုံးကို လိုက်ပါဆောင်ရွက်နိုင်တယ်။

ဆရာဝန်မှားသွားရင် လူနာက မြေကြီးအောက် ၆ ပေမှာ စန့်စန့်လေးနေရသလို၊ ရှေ့နေ တချက် လျှာချော်သွားရင်လည်း အမှုသည်က လေထဲမှာ ၆ ပေတန်းလန်းနဲ့ ဂန့်ရတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်လေ။


ဒါကြောင့် ရှေ့နေငှားမယ်ဆိုရင်လည်း စိတ်ချရဖို့ လိုတယ်။ ဥပဒေကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ရှေ့နေဆိုပေမယ့် တရားရုံးနဲ့ မပိုင်ရင်လည်း မဖြစ်သေးဘူးလေ။ ခေတ်နဲ့ စနစ်ကိုက အဲဒီလို ဖြစ်နေတာကိုး။

ဆရာဝန်တွေမှာ အထူးကုဆိုတာတွေ ရှိသလို၊ ရှေ့နေတွေမှာလည်း စပယ်လစ်ရှေ့နေတွေ ရှိပါတယ်။ မူးယစ်ဆေးဝါးမှုဆိုရင် ဘယ်မြို့နယ်မှာ ဘယ်သူ့ကို ငှား၊ လူသတ်မှု ဓားပြမှုဆိုရင် ဘယ်ရှေ့နေကို ငှား၊ စသုံးလုံး အမှုဆိုရင် သူတို့နဲ့ အမြဲတမ်း ထိတွေ့နေတဲ့ ရှေ့နေကို ရှာ၊ မုဒိန်းမှုဆိုရင်တော့ဖြင့် ဘယ်သူက အတော်ဆုံး စသဖြင့် အထူးကျွမ်းကျင်တဲ့သူတွေ ရှိပါတယ်။

ရှေ့နေတွေကလည်း ပေါမှပေါ။ တချို့ဆို နာမည်တူတွေ များလွန်းလို့ တရားရုံးချုပ်က နံပါတ် တပ်ပေးထားတယ်။ ဥပမာ - မောင်မောင်ဆိုတဲ့ အမည်က မြန်မာပြည်မှာ အလွန်အမှည့်များတဲ့ နာမည်ပေါ့။ တရားရုံးချုပ် ရှေ့နေတွေထဲမှာတင် ကျနော်တို့ခေတ်က ၆ ဦးလောက် ရှိတယ်။

အဲဒီတော့ ဦးမောင်မောင် (၁) ၊ (၂) ၊ (၃) စသဖြင့် အမှတ်စဉ်ထိုးပေးလိုက်တာ (၆) ကျတော့ သိပ်အဆင်မပြေဘူး၊ နံပါတ် ၆ လား၊ တခြားထင်စရာလား မဖြစ်ရလေအောင် တချို့ကျတော့ ယူထားတဲ့ ဘွဲ့ထူးတွေနဲ့ ကိုယ့်ဘာသာကိုယ် ခွဲလိုက်တယ်။ ဒေါက်တာမောင်မောင်ကျော်၊ ဦးအုန်းမောင် (စိတ်ပညာ) စသဖြင့်ပေါ့။

တချို့ကျတော့လည်း မိမိရဲ့ မွေးရပ်မြေကို အမည်နောက်မှာ ထည့်လိုက်တာပါပဲ၊ ဦးအေးမောင် (ပန်းတနော်)၊ စိန်ဝင်း (မြင်းခြံ)၊ မျိုးထွဋ် (ညောင်တုန်း) စသဖြင့်ပေါ့ နွားထိုးကြီးတို့ ပြွန်တန်ဆာတို့က ရှေ့နေတွေတော့ မွေးရပ်ထည့်တာ မတွေ့ပါဘူး။ မွေးရပ်မြေကို မချစ်လို့တော့ မဟုတ်ဘူး ထင်ပါတယ်။ ဒါက ရှေ့နေတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ နာမည်ပါ။

`အမှုသည်တွေကလည်း လူအမျိုးမျိုး မဟုတ်လား။ ပေးထားတဲ့ အမည်တွေအတိုင်း ခေါ်ချင်မှ ခေါ်တာ။ နောက်ကွယ်ကျရင် ပြောချင်ရာပြောတာ။ ငွေပေးပြီး ငှားထားရတော့ နောက်ကွယ်မှာ ပေးထားတာနဲ့ တန်အောင်ခေါ်လိုက်အုံးမယ်ဆိုပြီး ခေါ်ကြတာပါပဲ။ သူတို့လည်း သူတို့ နာကျည်းချက်တွေနဲ့ကိုး။ ဘယ်တားလို့ ရပါ့မလဲ။

အဲဒီလို ခေါ်ကြတဲ့အထဲမှာ အချို့ ဂုဏ်ထူးဝိသေသတွေက မဆိုးဘူး၊ ခေတ်မီတယ်လို့ ပြောရင် ရတယ်။ မူးယစ်ဆေးဝါးမှု၊ ဓားပြမှုလိုက်တဲ့ ရှေ့နေတွေကို ပေးထားတာက အီတလီ မာဖီးယားဂိုဏ်းက ခေါင်းဆောင်တွေလို ဒွန် ဘယ်သူဘယ်ဝါပေါ့။ အဲဒီရှေ့နေဆို မူးယစ်ဆေးဝါးမှုတွေမှာ စပါယ်ရှယ်လစ်လို့သာ မှတ်၊ ၁၉၈၈ မတိုင်မီက မူးယစ်ဆေးဝါးမှုက များမှ များကိုး။ အဲဒီတော့ ကျွမ်းကျင်သူတွေ ပေါ်လာတာပေါ့။ ဘယ်မြို့နယ်မှာဆို ဒွန် ဘယ်သူကို ငှားလိုက်ပေါ့။

မုဒိန်းမှုတွေလိုက်တဲ့ ရှေ့နေတွေကျတော့ သိပ်မသက်သာလှဘူး။ ကျနော်တို့ခေတ်တုန်းက မုဒိန်းမှုတွေဆို ရဲကနေ အငြိမ်းစားယူပြီး၊ ရှေ့နေလိုက်တဲ့ သူတွေက အဲဒီအမှုတွေကို ရတာများတယ်။ စေ့စေ့ပေါက်ပေါက် မေးရတာရယ်၊ နောက်ပြီး စွပ်စွဲတဲ့သူ၊ ကျူးလွန်ခံရတဲ့ အမျိုးသမီးက အမှန်အကန်လား၊ အကြံအဖန်လား ဆိုတာတွေကို သူတို့က ရဲလုပ်သက်တွေအရ သိပြီးသားဆိုတော့ အဲဒီတချက်က သူတို့အတွက် တပန်းသာတာပေါ့ဗျာ။

တခါက ရဲဝန်ထောက်ဟောင်း တရားရုံးချုပ် ရှေ့နေတဦးဆို မေးရင်းမေးရင်း အာတွေ့သွားလို့ တရားရုံးချုပ်က လိုင်စင် ၂ နှစ် အနားပေးတာ ခံလိုက်ရတာတွေလည်း ရှိတယ်။

ပါးစပ်လိုင်စင် ရပြီဆိုပြီး ပြောချင်တာပြောလို့တော့ မရဘူး။ ကန့်သတ်ချက်တွေကိုလည်း သတိထားမှ။ အဲဒီရှေ့နေတွေကိုတော့ အမှုသည်တွေက မုဒိန်းကို ရှေ့က တပ်ရင်တပ်၊ ဒါမှမဟုတ်ရင် နောက်က တပ်ပေးလိုက်တာပဲ။ မုဒိန်း ဘယ်သူဘယ်ဝါပေါ့ဗျာ။

အဲဒါကြောင့် သိပ်မကောင်းဘူး ပြောတာ။ တခါက ပန်းပဲတန်းမြို့နယ်မှာ နာမည်ကြီးအရိုးအကြောကု ဆရာကြီးနဲ့ နာမည်ကြီး ဗေဒင်ဆရာတို့ ၂ ဦးရဲ့ အမှုကို လိုက်ပေးတဲ့သူဆို အမှုသည်တွေ အမှုက ကွင်းလုံးကျွတ်လွတ်ကုန်လို့ အဲဒီဘွဲ့ကို မယူချင်ဘဲနဲ့ အပ်နှင်းခံလိုက်ရတယ်။

နောက်တခါ ခေတ်အခြေအနေက မကောင်းတော့ ငွေရလွယ်တဲ့ အလုပ်လုပ်ကိုလုပ်ကြရတဲ့ အမျိုးသမီးတွေလည်း အမျိုးမျိုးပဲ။ ဒါတောင် အခုခေတ်လို မိုတယ်တွေ၊ နိုက်ကလပ်တွေ မရှိလို့ ကျနော်တို့ခေတ်က စားသောက်ဆိုင်တွေနဲ့ လေအေးသာတို့လောက်ပဲ ရှိတာ။ ညဘက် ဆူးလေလမ်း၊ ကမ်းနားလမ်း၊ လမ်း ၃ဝ ၊ ဦးဝိစာရလမ်းနဲ့ သင်္ဃင်္န်းကျွန်း ဘိုမတို့လို နေရာတွေလည်း ရှိတော့ အဲဒီအမှုတွေကလည်း အများသား။

မြို့နယ်တွေအလိုက် ရှိကြပေမယ့် အများဆုံးလို့ ပြောလို့ရတာက ပန်းပဲတန်းနဲ့ ကျောက်တံတားမြို့နယ်တွေမှာပါ။ အဲဒီအမှုတွေမှာလည်း စပါယ်ရှယ်လစ် အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေ ရှိတယ်။ မှောင်ရိပ်ခိုတာ မဟုတ်ဘူး။ တူတူပုန်းတမ်း ကစားနေတာပါ ဆိုတာတွေပေါ့၊ အဲဒီရှေ့နေတွေကျတော့ ပိုပြီးဆိုးတယ်။

ဘွဲ့ထူးကို အားမနာပါးမနာ အမှုသည်တွေက ပေးလိုက်တာများ ဘယ်သူဘယ်ဝါပေါ့ဗျာ။ သူ့ခမျာလည်း နာမည်သာဆိုးတာပါ၊ ရုံးလာရင် သူ့အနားမှာ အရွယ်စုံ၊ ဆိုက်စုံ ဝိုင်းအုံနေလိုက်တာများ တခါတခါ မထင်ရတဲ့သူတွေပါ တွေ့ရသေးတယ်။

အထူးကျွမ်းကျင်တဲ့ ရှေ့နေတွေကိုလည်း သိရပြီဆိုမှတော့ ငှားရတော့မှာပေါ့။ ရှေ့နေခလား … ဒါလည်း အမျိုးမျိုးပဲ။ နေ့တွက်နဲ့လိုက်တဲ့ ရှေ့နေရှိတယ်။ သူက ရုံးချိန်းရက်တွေမှာ ခရီးစရိတ် အပြီးအငြိမ်းတခေါက်ကို ဘယ်လောက်ပေး … ဆိုတာမျိုးပေါ့။ အမှုသည်တွေက မတတ်နိုင်ရင် ရှေ့နေတချို့လည်း သနားပြီး၊ အဲဒီလို လိုက်ပေးရတာပဲ။

ပေးတဲ့အခါ ပေး၊ မပေးတဲ့အခါလည်း မပေးတဲ့ အမှုသည်လည်း ရှိပါတယ်။ ပုတ်ပြတ်နဲ့လိုက်တဲ့ ရှေ့နေရှိတယ်။ သူကတော့ အမှုကို မြို့နယ်ရုံးမှာ အပြီးအထိ လိုက်ပါဆောင်ရွက်ပေးမယ်။ ဘယ်ရွေ့ဘယ်မျှပေါ့။ ဒီနေရာမှာ တရားရုံးချုပ်ရှေ့နေတွေက အမြင့်ဆုံးတရားရုံးထိ လိုက်ပါဆောင်ရွက်ပေးမယ်၊ ဘယ်လောက်ဆိုပြီး တောင်းတာလည်း ရှိတယ်။

တချို့ရှေ့နေကတော့ ရှင်းတယ်။ တရားရုံးကို ပေးစရာရှိတဲ့ကိစ္စ ခင်ဗျားတို့ ဘာသာလုပ်။ ရှေ့နေကတော့ ဥပဒေဘောင်ထဲက ကိစ္စတွေကို အကုန်ပြည့်စုံအောင် မေးမြန်းစစ်ဆေးပေးမယ်လို့ ပြောတာရှိတယ်။ တချို့ရှေ့နေက အဲဒီလိုမဟုတ်ဘူး။

တရားသူကြီးနဲ့ ရုံးကိစ္စအားလုံးအတွက် ဘယ်လောက်ပေးရမယ်၊ ရှေ့နေခက ဘယ်လောက် စသဖြင့်လည်း ပြောတတ်တယ်။ အမှုစစ်နေရင်းကနေ တရားရုံးဆုံးဖြတ်ချက်တွေကို မကျေနပ်လို့ အယူခံ၊ ပြင်ဆင်တက်ရရင် ငွေထပ်ပေးရပါတယ်။

အဲဒါကိုတော့ တသီးစား၊ နှစ်သီးစား စသဖြင့် တရားရုံးအဆင့်ဆင့်ပေါ်မှာ မူတည်ပြီး ထပ်မံငွေပေးရပါသေးတယ်။ ဥပဒေပညာနဲ့ အသက်မွေးတဲ့ ရှေ့နေတွေကတော့ တရားရုံးအဆင့်ဆင့်အတွက် ခရီးစရိတ်ကလွဲလို့ ထပ်တောင်းတာ မရှိပါ။ တချို့တချို့သော ရှေ့နေတွေကတော့ မိုးပေါ်ထိတက်လည်း ငွေထပ်တောင်းဦးမှာပါပဲလို့ ပြောလိုက်ပါရစေ။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,30th,2009

( 45 )INGO Office Attacked after Arakanese Nurse Harassed

( 44 )ဘူးသီးတောင်ရှိ NGO ရုံးကို ဒေသခံများက တိုက်ခိုက်

( 43 )Myanmar to create Yangon as plastic-free city

( 42 )အငြိမ့်ပြက်လုံးများလည်း ခိုးကူးခွေဖြစ်လာ

( 41 )TPDC chairman orders 820 houses to be vacated in Buthidaung

( 40 )ထောင်ကျသွားသည့် တောင်သူမိသားစု များကို တရားစွဲမည်ဟု ခြိမ်းခြောက်

( 39 )Nasaka collects money for football tournament

( 38 )နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ လက်မခံ

( 37 )Burden from across the border

( 36 )နယ်ခြားစောင့်တပ်ကို မိမိတပ်ဖွဲ့များဖြင့်သာ ဖွဲ့စည်းလိုဟု မိုင်းလားတပ်ဖွဲ့ပြော

( 35 )ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်ပြဿနာ ပြေလည်မည်ဟု တရုတ်မျှော်လင့်

( 34 )2 soldiers shot for complaining against order

( 33 )မွန်ခွဲထွက်အဖွဲ့တို့ တပ်အသွင်ပြောင်းရန် ရတခ တိုင်းမှူးနှင့် တွေ့ဆုံနေ

( 32 )ရတနာပုံ FC ထိုင်းကို ထပ်မံရှုံး ပြန်

( 31 )တရုတ် စွမ်းအင် ကိုယ်စားလှယ် ရောက်ရှိ

( 30 )Include NLD, Ethnic Minorities in Dialogue

( 29 )စစ်တွေတွင် နိုင်ငံရေးပါတီနှစ်ခုမှ ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွက် ပြင်ဆင်

( 28 )နယ်စပ် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ သဘောတူ

( 27 )'ငရဲပြည်က ထွက်ပါရစေ' ပြဇာတ် လန်ဒန်တွင် ပြသ

( 26 )ဧရာဝတီ တိုင်းအတွင်း ကြွက်သောင်းကျန်း၍ စပါးများစွာ ပျက်စီး

( 25 )Fascinating rhythms

( 24 )အစိုးရကို သရော်သည့် ပျက်လုံးထုတ်လျှင် ထောင်ဒဏ်ချမှတ်မည်

( 23 )Suu Kyi Unhappy with Restrictions

( 22 )နယ်ခြားစောင့် တပ်ဖွဲ့ရေး လက်ခံသည့် ငြိမ်းအဖွဲ့ အနည်းငယ်သာရှိ

( 21 )Groups petition against Myanmar pipeline

( 20 )ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ၂၀၀၉ စည်းရုံးရေး

( 19 )Burmese Activists urge to halt Shwe Pipeline Project

( 18 )တိုက်ရိုက် ဆွေးနွေးမှု ၀ါဒကို ဒေါ်စု ကြိုဆို

( 17 )စာနယ်ဇင်းလောကတွင် ဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေသူ များပြား

( 16 )Review ties with Myanmar

( 15 )ဒေါ်စုက အမေရိကန်နှင့်စစ်အစိုးရ တိုက်ရိုက်ဆက်ဆံမှုကို စောင့်ကြည့်နေဟု ဒီချုပ်ပြော

( 14 )Nationality Verification of Burmese Migrants: A Meaningful Debate

( 13 )ကမ္ဘာ့ ဆန်ညီလာခံ ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံတွင် ဆန်ဈေးတက်နေ

( 12 )နာဂစ်အကြောင်း တင်ဆက်သည့် ဇာတ်ပွဲ လန်ဒန်တွင် ကျင်းပ

( 11 )U.N. panel adopts Japanese resolution seeking total nuke elimination

( 10 )ထိုင်းက ဗိုလ်မှူးကြီး နဒါးမြ ဇနီးကို လွှတ်ပေး

( 9 )China keen on Chittagong road link

( 8 )နာရေးကူညီမှု အသင်းကို စည်ပင်က တရားစွဲ

( 7 )Detained Burma Opposition Leader Unhappy About Visitor Restrictions

( 6 )အေဘီအက်စီ အဖွဲ့က ကိုအေးမင်းနိုင် ထောင်ဆေးရုံတင်ထားရ

( 5 )Govt allows OVL to invest USD 174 mn in gas blocks

( 4 )ဒေါ်စုအိမ် လုံခြုံရေး တိုးမြှင့်ဖို့ ဗိသုကာနဲ့ တွေ့ခွင့်မရ

( 3 )Burma and Siam ( Thailand )

( 2 )ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံပြင်ဖို့ နိုဘဲလ်ဆုရှင်များ တောင်းဆို

( 1 )Passport Unpopular with Burmese Migrants

Thursday, October 29, 2009

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် စောင့်ကြည့်နေ

ကိုထွေး Thursday, 29 October 2009

မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် မကြာမီ လာရောက်မည့် အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်ကို စောင့်ကြည့်လျက်ရှိကြောင်း သူ၏ရှေ့နေဖြစ်သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာကို ဗဟိုတရားရုံးချုပ်သို့ တင်ရန်အတွက် ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့ သူ၏ နေအိမ်တွင် ယနေ့နေ့လယ်က ၁ နာရီ ၃၀ မိနစ်ကြာ သွားရောက်တွေ့ဆုံခဲ့ရာ၌ ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

“မစ္စတာ ကာ့တ် ကမ်းဘဲလ် လာမယ်ဆိုတာ ဘယ်တော့လာမှာလဲ၊ လာရင်ဘာတွေလုပ်မလဲဆိုတာ သူလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အရှေ့ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် က အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦး ဆောင် မည်ဖြစ်ပြီး စစ်အစိုး ရ၏ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး ဦးသောင်း၊ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ် လျက်ရှိသည်ဟု သံတမန် သတင်း ရပ်ကွက်မှ ကြားသိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် အရေးယူပိတ်ဆို့မှုအပါအဝင် ၂၀၁၀ ရွေးကောက်ပွဲကိစ္စရပ်များကို ဆွေးနွေးသွားနိုင်ဖွယ် ရှိသည်ဟု ယူဆရသည်။

ပြီးခဲ့သောလတွင် အမေရိကန် အစိုးရက မူဝါဒသစ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကာ့တ် ကမ်းဘဲလ် သည် ၀န်ကြီးဦးသောင်းနှင့် နယူးယောက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့ဆုံရာတွင် ရှေ့နေဖြစ်သူ ၄ ဦးစလုံးကို ၀င်ရောက်ခွင့်မပေးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ကန့်သတ်ချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များထံ ထပ်မံ အရေး ဆိုရန် ရှေ့နေများကို ညွှန်ကြားခဲ့ကြောင်း၊ အယူခံကိစ္စကို အဓိကထား ဆွေးနွေးသော်လည်း ပြီးပြတ်ခြင်း မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့ ရေးသားသွားသော အယူခံလွှာမူကြမ်းကို ပြန်လည် လေ့လာဖတ်ရှုရန် ယူထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော စည်းကမ်း ၈ ချက်နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ဦးကြည်ဝင်းက ပြောသည်။

“တချက်ချင်းတော့ မဆွေးနွေးဘူးဗျ။ ဧည့်သည် တွေ့ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဘယ်သူ့ဆီကို တင်ပြရမလဲဆိုတာ ထပ်တောင်းထားတယ်”ဟု ဦးကြည်ဝင်းက ဧရာဝတီကို ပြောသည်။

မေလက အကျယ်ချုပ် ၆ နှစ် ပြည့် တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက် ဖျက် သည်ဟု ဆိုကာ ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ် ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးသို့တင်ရာ ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် အယူခံဝင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

နာရေးကူညီမှုအသင်းကို မြောက်ဒဂုံစည်ပင် တရားစွဲ

မင်းနိုင်သူ / ၂၉ အောက်တိုဘာ ၂၀၀၉

နာရေး ကူညီမှု အသင်းကို မြောက်ဒဂုံမြို့နယ် စည်ပင် သာယာ က ယနေ့ တရားစွဲ ဆိုလိုက်သည်။

“စည်ပင်က ဒီနေ့ စပြီး တရား စွဲတယ်။ ကျနော် မသွားဘူး။ ရုံးက မန်နေဂျာ ကိုပဲ လွှတ်လိုက်တယ်။ အမှုက စည်ပင်ရဲ့ ခွင့်ပြုချက် မရှိဘဲ အဆောက်အဦ အသုံး ပြုလို့တဲ့။ ဒါပေမယ့် ဒီနေ့ တရားရုံးက အစွဲဆိုခံ ကာယကံရှင် မပါလို့ ဆိုပြီး အမှုကိုတော့ လက်မခံ လိုက်သေးဘူး” ဟု နာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

မြောက်ဒဂုံမြို့နယ် စည်ပင်က တောင်ဒဂုံမြို့နယ် တရားရုံးတွင် အမှုစွဲ တင်ခဲ့ခြင်း ဖြစ်ရာ မြို့နယ် မတူသည့် တရားရုံးတွင် အမှုစွဲတင် သည့်အပေါ် လည်း နားမလည် နိုင်ဖြစ်ရ သည်ဟု ဦးကျော်သူက ပြောသည်။

“ဘာပဲဖြစ်ဖြစ်လေ၊ ကျနော် အစောကြီးကတည်းက ပြောပြီးသား စွဲချင်တဲ့နေရာမှာစွဲ။ ကျနော်မသွားဘူး။ ဖမ်းချင်ရင် လာသာဖမ်း။ လိုက်သွားရုံပဲ။ စည်ပင်ကတရားစွဲဖို့ ပြင်နေစဉ်က မေးတယ်။ ဘယ်သူ့နာမည်တပ်ရမလဲတဲ့။ ကျနော်က အသင်းမှာ အကြီးဆုံးဖြစ်တော့ ကျနော့်နာမည်တပ်စွဲလို့ ပြောပြီးသား” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နာရေးကူညီမှုအသင်းသည် မူလက သင်္ဃန်းကျွန်းမြို့နယ် ဗြဟ္မ၀ိဟာရ ဘုန်းကြီးကျောင်းတိုက်တွင် အခြေစိုက်ကာ အခမဲ့ နာရေးဝန်ဆောင်မှုပေးခြင်း၊ ဆေးကုသပေးခြင်းတို့ ပြုလုပ်နေရာမှ စည်ပင်ကပင် ပိတ်ပင်ခဲ့သည့်အတွက် ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်တွင် မြောက်ဒဂုံမြို့နယ်သို့ ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။


နာရေးကူညီမှုအသင်းပိုင် မြေ (၂) ဧကကျော်ပေါ်တွင် ကျပ်သိန်း (၂,၀၀၀) ၀န်းကျင်ကုန်ကျသည့် အဆောက်အဦကို စည်ပင်ခွင့်ပြုချက်ဖြင့် တည်ဆောက်ခဲ့သော်လည်း ခြံဝင်းရှေ့တွင် ရေမြောင်းမတူးသည့်အတွက်ဟုဆိုကာ မြောက်ဒဂုံစည်ပင်က အဆောက်အဦအသုံးပြုခွင့် မပေးနိုင်ဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ရေမြောင်းတူးခိုင်းနေခြင်းနှင့်စပ်လျဉ်း၍ ဦးကျော်သူက “(၅) ပေ အကျယ်၊ (၅) ပေအနက် ရေမြောင်းတူးခိုင်းနေတာ။ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မတူးဘဲ ကျနော်တို့ ရှေ့လေးတင် ကွက်တူးထားရင် ရေလှောင်ကန်လို ဖြစ်သွားမှာဗျ။ ရေက ဘယ်ကိုမှ စီးစရာမရှိဘဲ ခြင်ဖောက်ကန်လိုဖြစ်သွားမယ်။ ဒါကြောင့် ကျနော်တို့က မတူးတာ။ နောက်တခုက ကျနော်တို့က ဟိုကနေ ပြောင်းဆိုလို့ ကမန်းကတန်းပြောင်းလာရတာ။ ကုလက်စ လူနာတွေက ရှိသေးတယ်။ ဒီ အဆောက်အဦ အသုံးပြုခွင့်ဆိုတာကြီး ကျလာဖို့ စောင့်မနေနိုင်ဘူး” ဟု ရှင်းပြသည်။

လမ်း၊ တံတား၊ ရေမြောင်းဖောက်လုပ်ရသည့်အလုပ်မှာ နိုင်ငံတော်ပိုင်အခွန်ဘဏ္ဍာငွေဖြင့် မြို့တော်စည်ပင်သာယာက လုပ်ဆောင်ရမည့် အလုပ်ဖြစ်သော်လည်း စည်ပင်က လူထုကိုသာ ခိုင်းလေ့ရှိသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

နာရေးကူညီမှုအသင်းကို ယနေ့ တရားရုံးက လက်မခံသေးသော်လည်း ရှေ့ဆက်ဖြစ်လာမည့်ပြဿနာများကို ရင်ဆိုင်သွားမည်ဟု ဦးကျော်သူက ပြောသည်။

“နောက်ရက် ဘာဖြစ်လာမလဲတော့ မသိနိုင်သေးဘူး။ ကျနော်ကတော့ တရားစွဲလည်းစွဲ။ ထောင်ချလည်းချ။ အသင်းလုပ်နေရတဲ့ လုပ်ငန်းတွေကတော့ ရပ်ထားလို့မဖြစ်ဘူးဗျ။ သူတို့ ဆက်ပြီး တရားစွဲမယ်ဆိုလည်း စွဲပေါ့ဗျာ။ အခမဲ့ ဆေးကုပေး၊ မသာချပေးနေတဲ့ အသင်းကို ခွင့်ပြုချက်မရဘဲ အဆောက်အဦအသုံးပြုမှုနဲ့ တရားစွဲတယ်ဆိုတော့ ကမ္ဘာမှာ ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့အမှုကြီး တခုဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးတည်ထောင်ခဲ့ကြပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ်ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ပါရဂူဘွဲ့ရဆရာဝန်ကြီးများအပါအ၀င် ဆရာဝန် (၃၀) ခန့်က အခမဲ့ပညာအလှူပြု ကုသပေးလျက်ရှိပြီး အသင်းတွင် လုပ်အားဒါနပေးလှူနေကြသော စေတနာ့ဝန်ထမ်း (၂၀၀) ကျော်လည်း ရှိသည်။

အသင်းမှ ဖွင့်လှစ်ထားသည့် သုခဆေးခန်းသည် ရန်ကုန်မှ နွမ်းပါးသည့် လူနာများအတွက် အထူးအားထားရာ အခမဲ့ဆေးခန်းဖြစ်ပြီး တနေ့လျှင် လူနာပေါင်း (၂၀၀) ကျော်ကုသပေးနေရပြီး နာရေးကူညီမှုအနေဖြင့်လည်း တရက်လျှင် နာရေးဝန်ဆောင်မှုပေါင်း (၃၀) ၀န်းကျင်ခန့် ဆောင်ရွက်ပေးနေရသည်။

စာရိတ္တမကောင်းသည့် ရယကဥက္ကဋ္ဌကို အရေးမယူသည့်အတွက် ပြည်သူများ မကျေမနပ်ဖြစ်

ရိုးမ ၃ Thursday, 29 October 2009

အကျင့် စာရိတ္တ ကောင်း မွန်ခြင်း မရှိသည့် ရယက ဥက္ကဋ္ဌကြောင့် ပြည်သူများ အတွက် မလိုလား အပ်သည့် ဆူပူမှုများ ဖြစ်လာ နိုင်ကြောင်း အထက် အာဏာပိုင် များထံသို့ တင်ပြတိုင်ကြား သော်လည်း တစုံတရာ အရေးယူခြင်း မရှိသည့် အတွက် ဒေသခံများ မကျေမနပ်ဖြစ် နေကြသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက် ရယက ဥက္ကဋ္ဌ ဦးဝင်းသိန်းသည် နာဂစ် မုန်တိုင်း ဒဏ်သင့် ပြည်သူများ အတွက် ထောက်ပံ့ ရေးပစ္စည်း များကို ကိုယ်ကျိုး အတွက် သုံးစွဲခဲ့ သည့်အပြင် ယခင်က လည်း ခိုးမှုဖြင့် ထောင်ကျခဲ့ဖူး သူတဦးဖြစ် ကြောင်း ဒေသခံ တဦးက ပြောသည်။

“နာဂစ်တုန်းက ပေးတဲ့ အကူညီ ပစ္စည်းတွေ ထဲက သံထည် ပစ္စည်းတွေကို သူ့တပည့် အေးကြူကို ထော်လာဂျီနဲ့ ခိုးထုတ်ပြီး ရာမည (၁၂) လမ်းက ဦးသိန်းအောင် ပန်းပဲဖို၊ အမှတ် (၆) ရပ်ကွက် ရယက ဦးမြင့်လွင် သံဆိုင်နဲ့ ဈေးကြီး ထဲက စိန်နဲ့မြ သံဆိုင် တွေမှာ သွား ရောင်းတာ။ အဲဒီ ရောင်းတဲ့ ပိုက်ဆံတွေကို သူ့မိန်းမက ညဘက်ကျမှ လိုက်သိမ်းတာ” ဟု ပြောသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြည်သူ အယောက် ၁၄၀ အတွက် ပေးသည့် သံထည်နှင့် ဘိလပ်မြေများကို ခွဲဝေပေးခြင်းမရှိဘဲ ၎င်း၏အစ်မဖြစ်သူ နေထိုင်ရာ ရာမည (၁၀) လမ်းထိပ် သမဝါရမဆိုင် အနောက်ဘက်တွင် သိမ်းထားပြီး လိုသလောက်ထုတ်ယူကာ သုံးစွဲနေကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

“သူနဲ့ သူ့တပည့်တွေက ညတိုင်း ရယကရုံးထဲမှာ အရက်ဝိုင်းလုပ်နေတာ။ ရပ်ကွက်ထဲက လူတွေကလည်း ဘာမှမပြောဘူးဆိုတာက သူက ထောင်ထွက်ဖြစ်ပြီး တပည့်တွေအကုန်လုံးကလည်း ထောင်ထွက်လူမိုက်တွေကို ခန့်ထားတာ။ ရုံးစောင့် အေးကြူဆိုရင် ခိုးမှုနဲ့ အကြိမ်ကြိမ် ထောင်ကျထားတာ။ အဲလိုလူတွေ ခန့်ထားတာ” ဟု ဆက်ပြောသည်။

ထို့အပြင် ရုံးတယ်လီဖုန်းပြင်ရန် အကြောင်းပြပြီး ရပ်ကွက်အတွင်း လုပ်ငန်းရှင်များထံမှ အလှူငွေ ၃,၀၀၀ နှင့် အခြေခံလူတန်းစားများထံမှ ၃၀၀ နှုန်း ကောက်ခံပြီး တယ်လီဖုန်းအသစ်တလုံးကို ၎င်းအိမ်တွင် တပ်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ရပ်ကွက်အတွင်း ရဲအရေးပိုင်အမှုများကိုလည်း ၎င်းသဘောဆန္ဒအလျောက် ဒဏ်ရိုက်အပြစ်ပေးခြင်းကို ပြုလုပ်နေသည့်အတွက် ဥပဒေဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းအနှောင့်အယှက်များ ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသည့် ဥပဒေဝန်ထမ်းတဦးက ပြောသည်။

“ဖဲဝိုင်းတွေဘာတွေကို သူ့ဟာသူ ဖမ်းဝရမ်းမပါဘဲ သူများအိမ်ပေါ်တွေ တက်ဖမ်းတယ်။ ပြီးတော့ ဒဏ်ငွေ ငါးသောင်းစီ တောင်းတယ်။ ဒဏ်ငွေမပေးနိုင်တော့မှ ရဲစခန်းကို အကြောင်းကြားတာဆိုတော့ ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်လုပ်ရတာ ခက်တယ်။ အဲလိုမျိုး လုပ်တာကလည်း အကြိမ်ပေါင်းမနည်းတော့ဘူး” ဟု သူက ပြောသည်။

အဆိုပါ ရယကဥက္ကဋ္ဌ၏ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာနေမှုများကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ စာရေးတိုင်ကြားသော်လည်း တစုံတရာ အရေးယူခြင်းမရှိသည့်အတွက် ရပ်ကွက်နေ ပြည်သူများ၊ ဥပဒေဝန်ထမ်းများအနေဖြင့် မကျေမနပ်ဖြစ်နေကြောင်း အဆိုပါဝန်ထမ်းက ဆက်လက်ပြောသည်။

KNU ဗိုလ်မှူးကြီးနာဒါးမြဇနီး ပြန်လွတ်လာပြီ

Kaowao

ထိုင်း အာဏာပိုင် တို့ဖမ်းဆီး သွားသည့် KNU ဗိုလ်မှူးကြီး နာဒါးမြ ဇနီး နန်းဟိလာ သည် ယမန်နေ့ ညပိုင်း ၇ နာရီ အချိန် ခန့်တွင် ပြန် လွတ်မြောက် လာပြီဟု ၄င်း အသိုင်းအဝိုင်း နှင့် နီးစပ်သူ တစ်ဦး ထံမှ သတင်း ရရှိခဲ့သည်။

တဖန်“ အာမခံနဲ့လွှတ်လိုက်တယ်လို့သိရတယ်၊ ကျနော့်အမြင်ကတော့ လွှတ်လိုက်တာနဲ့အတူတူပါပဲ ” ဟု ၄င်းကဆက်လက်ပြောကြားသည်။

ထိုင်းဘာသာဖြင့် “ဂေါင်ဂရပ်” ခေါ် ဗဟိုရဲမှုခင်းအထူးတပ်ဖွဲ့တို့သည် အနံ့ခံခွေးများ၊ ခေတ်မီထောက်လှန်းရေး ကရိယာများအသုံးပြုကာ KNU ထိပ်ပိုင်းခေါင်းဆောင်များ ၈ အိမ်ခန့်အပြင် အခြားအဖွဲ့အစည်းများ၏ ရုံးခန်းအချို့ တို့ကိုလည်း ယမန်နေ့နံနက်အစောပိုင်း၌ ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဗိုလ်မှူးကြီးနာဒါးမြဇနီး နန်းဟိလာအား ထိုင်းအာဏာပိုင်တို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို သတင်းဌာန များမှ အမျိုးမျိုးဖေါ်ပြခဲ့ကြရာတွင် နာဒါးမြ၏နေအိမ်၌ မိုင်းဗုံးနှင့် ပတ်သက်သည့် ခဲယမ်းမီးကျောက် တချို့တွေ့ရှိရ သဖြင့် သူ၏ဇနီးကိုဖမ်းဆီးခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖေါ်ပြထားသည်ကို ဖတ်ရှုခဲ့ရသည်။

သို့ရာတွင် နန်းဟိလာမှာ ထိုင်းနိုင်ငံသား တရားဝင် မှတ်ပုံတင်ကိုင်ဆောင်ထားသူတစ်ဦးဟု သိရသည်။ အကယ်၍ တရားမဝင် လက်နက်(သို့မဟုတ်) မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်စပ်သော ပစ္စည်းကရိယာများကိုထိုင်းအာဏာ ပိုင်တို့ တွေ့ရှိဖမ်းဆီးမိခဲ့လျှင် ထိုင်းဥပဒေအရ မလွဲမသွေအရေးယူခံရမည်သာဖြစ်သည်ဟု အကဲခတ်များကပြောဆို နေကြသည်။

၎င်းအပြင် ထိုဖမ်းဆီးမှုကိစ္စရပ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနာဒါးမြကိုယ်တိုင် မြဝတီမြို့၌ ထိုင်းအမှတ်(၄) စစ်ဒေသမှူးနှင့် ယမန်နေ့တွင် တွေ့ဆုံစကားပြောခဲ့ကြသည်ဟု သိရသည်။

တနည်း အားဖြင့် မြန်မာ အာဏာပိုင်များ ဖိအား ပေးခဲ့မှုကို ထိုင်း အာဏာပိုင် တို့ကလည်း KNU တို့အပေါ် ယခုကဲ့သို့ ရှာဖွေ စစ်ဆေးမှု နှင့်အတူ ဝတ်ကျေတန်းကျေ အဖမ်းအဆီးပြပေးလိုက်ခြင်းသာဖြစ်သည်ဟု ထိုင်းနယ်စပ် စစ်ရေးလေ့လာသူတစ်ဦး ပြောကြားခဲ့သည်။

Rohingya suffer in Bangladesh camps

အနစ်နာဆုံး လူတန်းစား (သို့) အမြင့်မြတ်ဆုံး စေတနာပိုင်ရှင်များ

မော်တခဲ

နှစ်ဆယ့် တစ်ရာစုက `ပညာရာစု´ `ပညာခေတ်´ ဖြစ်သောကြောင့် အရည် အသွေး ကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်း ပေးရ ပါ မယ်။ ဒီလို ကောင်းမွန်တဲ့ ပညာရေးကို ဆောင်ကြဉ်း ပေးနိုင်တဲ့ သူများမှာ စင်စစ် အားဖြင့် အရည် အသွေး ကောင်းမွန်တဲ့ ဆရာတွေ ဖြစ်ကြ ပါတယ်။

`ဆရာ´ ဆိုတာ ကောင်းမွန်မြင့်မြတ်တဲ့ အနန္တော အနန္တ ငါးပါးထဲက ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူပြီး သတ်မှတ်ထားရှိကြသော တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ယဉ်ကျေးမှု အစဉ်အလာအရ ဆရာဟာ အဓိက လုပ်ငန်းကြီးတစ်ရပ် ဖြစ်တဲ့ သင်ကြားခြင်း၊ သွန်သင်ခြင်းတွေကို ကောင်းမွန်ခြင်းနဲ့ ကျေပွန်စွာ ဆောင်ရွက်ကြရပါတယ်။

ကျောင်းသူ/သားများအပေါ် သားသမီးများ သဖွယ် မေတ္တာထားကာ နိုင်ငံ့သားကောင်း သမီးမှန်တွေ၊ လူရည်မွန်တွေ ဖြစ်လာအောင် လေ့ကျင့်ပေး ပျိုးထောင်ပေးနေကြတဲ့ ဆရာ/မတွေကို ဂုဏ်ပြုချီးကျူးတဲ့ အနေဖြင့် ကမ္ဘာတစ်ဝန်းက အောက်တိုဘာလ ၅ ရက်နေ့ကို ဆရာ၊မများနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အဲဒီနေ့မှာတော့ ကမ္ဘာတစ်ဝန်းလုံးက ဆရာ၊မတွေကို ရည်စူးပြီး ပွဲလမ်းသဘင်၊ အခမ်းအနားတွေ အစရှိတာတွေကို ကျင်းပနေကြသလို ကရင်နီပြည်နယ်မှာလဲ ယဉ်ကျေးမှုနဲ့အညီ အသက်ပြည့်ဝါရင့်ပင်စင်စား သက်ကြီးရွယ်အို ဆရာ/မတွေကို မြို့နယ်တိုင်း ကတော့ပွဲ ကျင်းပကြပါတယ်။

ကရင်နီပြည်နယ် ဒီမောဆိုမြို့မှာ ကျင်းပတဲ့ ကတော့ပွဲအခမ်းအနားမှ ၀ါရင့်ပင်စင်စား ဆရာမကြီးက “ခုခေတ်က ပညာခေတ် အားလုံးထက် ဆရာ/မတွေဟာ ပိုကြိုးစားရမယ်။ အနစ်နာဆုံးက ငါတို့ လူတန်းစားပဲ။ အာလုံးထက်လည်း ဖြူစင်တယ်။ စေတနာဟာ အမြင့်မြတ်ဆုံးပဲ” လို့ ပြောသွားပါတယ်။

ဒီအပြင် မြန်မာနဲ့ ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းတွေမှာလည်း ကရင်နီဒုက္ခသည်ဆရာ/မတွေအတွက် ဂုဏ်ပြုပွဲ ကျင်းပ ကြပါတယ်။

ဒုက္ခသည်စခန်းအမှတ် (၁) မှ ပညာရေး ၀န်ကြီး ဦးယိုရှီးယာကလည်း “ပညာရေးဟာ တိုင်းပြည်တစ်ပြည်အတွက် အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ပညာရှိမှ တိုင်းပြည် တိုးတက်အောင် စီမံခန့်ခွဲနိုင်မှာ ဖြစ်တယ်။ ဆရာမ အားလုံးဟာ တစ်ဒေါင့်တစ်နေရာကနေ တာဝန် ထမ်းဆောင်နေကြသွားတဲ့ အတွက်ကြောင့် ဂုဏ်ယူထိုက်သူ ဖြစ်တယ်” လို့ ကမ္ဘာ့ ဆရာ၊မများနေ့မှာ ပြောကြားခဲ့ပါတယ်။

ကြိုးပမ်းအားထုတ်တဲ့ နေရာမှာလည်း ဆရာကောင်းတစ်ယောက်သည် ၀ါသနာ၊ စေတနာနဲ့ အနစ်နာ ဆိုတဲ့ နာ ၃ နာနဲ့ တွဲပြီး အနာဂတ် ကျောင်းသူ၊သားတွေရဲ့ ပညာခေတ်ကို ထွန်းလင်းတောင်ပစေခဲ့ကြတာ ဆရာတွေပါ။

ပညာရေးနဲ့ ဆရာတွေရဲ့ အရေးပါပုံကို အဲဒီနေ့မှာ ဘယ်လိုပင် ဟောပြောတာဖြစ်စေ၊ ဂုဏ်ပြုပွဲတွေ လုပ်ပေးတာဖြစ်စေ ဆရာ/မတွေ အားလုံးရဲ့ ရင်ထဲမှာတော့ ဘယ်လိုပင် နာသုံးနာဖြင့် ရင်းတည်လာခဲ့ပေမဲ့လည်း အခုလို ကပ်ဆိုက်ခေတ်မှာတော့ ကျေနပ်နှစ်သက်မူတွေ ရှိလိမ့်မယ် မဟုတ်ပါ။

အကြောင်းအရင်းမှာ စေတနာ အရင်းခံပြီး ရတဲ့ တစ်လတာ လစာဟာ ၀မ်းစာမဖူလုံတဲ့အပြင် မိသားစုအတွက် ဖူလုံမှု မရှိကြခြင်းကြောင့် အိမ်တွင်း ပြဿနာ အမျိုးမျိုးကြုံတွေ့နေခြင်းပဲ ဖြစ်ပါတယ်။ ဒီမောဆိုမြို့နယ်မှ ကရင်နီ ကျောင်းဆရာတဦးက “ကလေးကို စာပြရတာ တစ်ခုတည်း မကဘူး။ ကျန်တဲ့ အထွေထွေလုပ်ငန်းကစ လစာနဲ့ မတန်အောင်ကို ခိုင်းတာ၊ ကိုယ့်အိမ်တွင်းတောင် မဖူလုံဘူး။ အရမ်းကို ပင်ပန်းဆင်းရဲခံတာနဲ့ ရတာ စိတ်ညစ်တယ်။ ကတော့ပွဲအတွက် လစာထဲကနေ ၁၀၀၀ကျပ် ဖြတ်ခံရသေးတယ်လေး” လို့ ပြောပါတယ်။

စစ်အစိုးရပညာရေး လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြတဲ့ ကရင်နီပြည်နယ်တွင်းရှိ ဆရာ/မတဦးရဲ့ လစာမှာ အထက်တန်းပြ ဆရာတဦးလျင် ၄၀၀၀၀ ကျပ်သာ ရှိပါတယ်။ ဘွဲ့ရပြီး အလုပ်ရှားပါးတဲ့အတွက် ရရာပညာရေး ၀န်ထမ်းကို လုပ်ကိုင်ကြသူတွေလည်း ရှိနေပါတယ်။

ကရင်နီဒုက္ခသည်စခန်း ပညာရေးအခန်းကဏ္ဍကို လူမူကူညီရေး အသင်းတခု ဖြစ်တဲ့ Jesuit Refugee Service ကူညီထားပါတယ်။ JRS ဟာ ကရင်နီဒုက္ခသည် စခန်းများသာမက တင်္နသာရီတိုင်းနဲ့ ထိုင်းနယ်စပ်ရှိ ရွေ့ပြောင်းအလုပ်သမားတွေ နေထိုင်သော ရာနှောဒေသ ကိုလည်း လစဉ် ကျောင်းဆရာ/မတွေကို ထောက်ပံကြေးတွေ ကူညီပံပိုးမှုတွေ လုပ်ပေးပါတယ်။ ဒါပေမယ့်လည်း လစာမှာ အခြားလူမှု အသင်းအဖွဲ့အစည်းနဲ့ နှိုင်းယှဉ်လျင် အနိမ့်စားမှာသာ ရှိပါသေးတယ်။

“ကျနော်တို့လည်း နောက်နှစ်တွေမှာ အဆင်ပြေစေဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဆရာ၊မတွေရဲ့  အရည်အချင်းက အခြေအနေ မဟန်ဘူး ဖြစ်နေတယ်။ ကျနော်တို အဖွဲ့အစည်း လုပ်နေတဲ့ အဘက်ကလည်း ပိုက်ဆံ အများဆုံး ပေးရတယ်” လို့ JRS မှ ၀န်ထမ်း တစ်ဦးက ပြောပါတယ်။

ကရင်နီဒုက္ခသည်စခန်းမှာ အထက်တန်းပြ ကျောင်းဆရာတဦးမှာ တလ ၆၀၀ ဘတ် (၂၀၀၀၀ သောင်းကျပ်) လောက်သာ ရရှိတဲ့အတွက် ကရင်နီကျောင်း ဆရာ/မ၀န်ထမ်းကို စိတ်မ၀င်စားကြပါဘူး။ ဒါပေမယ့်လည်း ကလေးတစ်ယောက် အနာဂတ် သာယာလှပစွာနဲ့ ရှင်သန်ကြီးထွားဖို့အတွက် အခြေခံက စပြီး ကာလကြာရှည်စွာ သင်ပေးနေတဲ့ ဆရာ/မတွေ ကျန်ရှိသေးနေသည်ကိုက ဂုဏ်ယူစရာလို့ ဆိုရတော့မှာပါ။

နာသုံးနာ စိတ်ဓါတ် ပြည့်ဝစွာဖြင့် ဆရာ/မတွေရဲ့တာဝန်ကို ဆက်လက် ထမ်းဆောင်နေသူတွေကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် မိဘပြည်သူအားလုံး ၀ိုင်းဝန်းကူညီ လက်တွဲယဉ်နွဲကြရင်း ကူညီဖြေရှင်းပေးနိုင်မှသာ ဆရာတွေရဲ့ ကဏ္ဍမှာလည်း အရည်အသွေး ပြည့်ဝမှာဖြစ်သလို အနာဂါတ် သားကောင်းရတနာတွေလည်း ပညာထွန်းကားနိုင်မှာပါ။

ထိုသို့ ပညာထွန်းကားဖို့ ဧကန်မုချ မလွဲရစေရေးအတွက် ဒီမောဆိုမြို့မှ ၀ါရင့်ပင်စင်စား ဆရာမကြီးရဲ့ အမှာစကားကတော့ “ဒို့တစ်တွေရဲ့ အသက်ရှင်နေသ၍ ဒီမွန်မြတ်လှတဲ့ ဆရာဘ၀ကို အတ္တမာန်မာနကို ခ၀ါချပြီး သန့်ရှင်းသော စေတနာဖြင့် အနာဂတ်လှပဖို့ အရေးကို စွမ်းဆောင်ကြရမယ်။”

မိုင်းလားခေါင်းဆောင် နှင့် ဗိုလ်ချုပ်ရဲမြင့် ကျိုင်းတုံ၌ တွေ့ဆုံ

သျှမ်းသံတော်ဆင့်

စစ်အစိုးရ နားဂစ်ဖွဲ့စည်းပုံအရ နိုင်ငံတခု၌ တပ်မတော်တခုသာထားရှိမည်ကို မိုင်းလားတပ်ဖွဲ့က မူအားဖြင့် လက်ခံ လိုက်ပြီဖြစ်ကြောင်း၊ မိုင်းလားခေါင်းဆောင်နှင့် စစ်အစိုးရကိုယ်စားလှယ်တို့ ယနေ့တွေ့ဆုံကြ ကြောင်း ထိုင်းနယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။


“ဒီနေ့ အောက်တိုဘာ ၂၈ ရက် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းနဲ့ အဖွဲ့ ၂၁ ဦးကို ကျိုင်းတုံရောက် နေတဲ့ ဗိုလ်ချုပ်ရဲမြင့်နဲ့တွေ့ဆုံတယ်။ အလျှော့အတင်း၊ အပေးအယူအတွက် ဥက္ကဌကြီးကိုယ်တိုင် ဆွေးနွေးမယ်လို့သိရ တယ်” ဟု အဆိုပါသတင်းရပ်ကွက်က ဆို၏။

အောက်တိုဘာ၂၄ ရက်နေ့က အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ ပိုင်း NDAA-ESS မိုင်းလား ဗဟိုဌာနချုပ်အစည်းဝေးလုပ်ခဲ့ရာ ထိုအစည်းအဝေး၌ စစ်အစိုးရ၏ နိုင်ငံတခု စစ်တပ် တခုမူကိုသဘော တရား အရလက်ခံကြောင်း၊ သို့သော်တပ်ရင်းတခု စစ်အစိုးရအရာရှိ ၃၀ ပါဝင်မှု ၊ နအဖ ဌာနဆိုင်ရာများသွားရောက်အစား ထိုးမှု တို့ကိုမူ အချိန်စောနေသေးကြောင်း၊ မိုင်းလားတပ် ဖွဲ့စည်းပုံကို လည်း မူလအတိုင်းဆက်လက်ထားရှိသွား မည်ဖြစ်ကြောင်း စသည်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့သည်ဟု - သိရသည်။

ထို့အတူ ပေါက်ယိုယီး ဦးစီးသည့် ၀ ကိုယ်စားလှယ် ၅-၆ ဦးက လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ဖိတ်ခေါ်ချက်အရ ၂၅/၁၀/၀၉ သွားရောက်တွေ့ဆုံခဲ့ရာ ယနေ့ ဌာနချုပ်ပန်ဆန်းသို့ ပြန်လည်ရောက် ရှိ မည်ဖြစ် ကြောင်း၊ နယ်ခြား စောင့်တပ်အဖြစ်အသွင်ပြောင်းရန်ကိစ္စ တစုံတရာ အဖြေပေးမှု မရှိခဲ့ကြောင်း -ပန်ဆန်းအရာရှိ နှင့် နီးစပ်သည့် သတင်းရပ်ကွက်ပြောပါသည်။

ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်

ဗိုလ်ထက်မင်း

တပ်မတော် အတွင်းမှာ အဆင့် ရာထူး တာဝန် အရ ဘယ်လို ဆက်ဆံပြောင်း လဲကြတယ်၊ အောက်ခြေ အဆင့် စစ်သည်တွေ ဘယ်လိုကြုံ တွေ့နေရတယ် ဆိုတာကိုလည်း ပြည်သူ အများ သိစေဖို့ တပ်တွင်း ဖြစ်စဉ် မှန်တွေကို တင်ပြ သွားပါမယ်။ တပ်မတော်မှာ အရာရှိနဲ့ အခြား အဆင့်ဆိုပြီး (၂) မျိုး ထားရှိပါတယ်။ အရာရှိ ဆိုရင် အနိမ့် ဆုံးဟာ ဒုတိယ ဗိုလ်ဖြစ်ပြီးတော့ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်မှူးကြီး ဆိုပြီး အဆင့်ဆင့် သတ်မှတ် ထားတာ ရှိပါတယ်။ ဒီအဆင့် တွေကြား ထဲမှာ တဆင့်မြင့် ရာထူးရဲ့ လစာစား (Officiating) ဆိုတဲ့ ရှင်လောင်း အဆင့် ဆိုတာလည်း ရှိပါသေးတယ်။

အခြား အဆင့် အနေဖြင့် အနိမ့်ဆုံး တပ်သား အဆင့်မှ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ တပ်ခွဲတပ်ကြပ်ကြီး၊ ဒုအရာခံဗိုလ်၊ အရာခံ ဗိုလ်ဆိုပြီး သတ်မှတ် ထားပါတယ်။ ရှေးဦးစွာ အောက်ခြေ အကျဆုံး အခြား အဆင့်များရဲ့ ဆက်ဆံရေးနဲ့ သူတို့ရဲ့ သဘာဝ ဓလေ့ စရိုက် တွေကို ရှင်းလင်း တင်ပြသွား ပါမယ်။ စစ်တပ်က အာဏာသိမ်း ထားတယ် ဆိုပေမယ့် စစ်သည် တွေရဲ့ ဘ၀ကတော့ အများ ထင်သလို မဟုတ်ဘဲ ပြည်သူလူ ထုနည်းတူ ဆင်းရဲဒုက္ခ မျိုးစုံကို ခံစား နေရလို့ တပ်တွင်း အောက်ခြေ စည်းရုံးရေး အတွက် ကြိုးပမ်း ကြဖို့နဲ့ တပ်အ တွင်း မှာလည်း ဒီမိုကရေစီ အရေးတကြီး လိုအပ် နေကြောင်း သိရှိစေ လိုပါတယ်။

တပ်မတော်မှာ ရဲဘော် (၂) မျိုးရှိရာမှာ ကိုယ်ပိုင်နံပါတ်ကို သိန်းဂဏန်းအဆင့် ကိန်းဂဏန်း (၆) လုံး ပေးခဲ့ပြီး နံပါတ် (၉) သိန်းကျော် ပြည့်သွားပြီးဖြစ်လို့ နောက်ပိုင်း ‘တ’ အက္ခရာကို ရှေ့ဆုံးမှာ စတင်စေပြီးမှ ကိန်းဂဏန်းအက္ခရာကို စတင်ခြင်းဖြင့် ဒုတိယအမျိုးအစား ကိုယ်ပိုင်နံပါတ်များဆိုပြီး ထားရှိပါတယ်။ ယခုဆိုရင် “တ” အက္ခရာနောက်မှာ (၅) သိန်းခန့်ရှိပြီလို့ သိရှိရပါတယ်။

ရဲဘော်တွေကို လေ့ကျင့်ရေးကျောင်းဆင်းနဲ့ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းဆင်းဆိုပြီး ထားရှိပါတယ်။ ယခင်တုန်းက ရဲဘော်တွေကို (၆) လ သင်တန်းတက်စေပြီးမှ တပ်ရင်းတွေကို ပို့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရဲဘော်ရှားပါးနေလို့ (၄) လခွဲနဲ့ သင်တန်းဆင်းပေးလိုက်ပြီး တပ်ရင်းတွေကို ပို့ပါတယ်။ ရဲဘော်တွေဟာ တဆင့်မြင့်တဲ့ ဒုတပ်ကြပ်ရာထူး ရရှိဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းကြရပါတယ်။ အကျင့်စာရိတ္တပြစ်မှုရှိမရှိ၊ ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည်၊ တိုက်ပွဲအတွေ့အကြုံ စတာတွေကို မူတည်ပြီး တပ်ခွဲမှူးများက ထောက်ခံတင်ပေးပါမှ တပ်ရင်းအဆင့် Promotion Board မှ အတည်ပြုပေးပြီးရင်တော့ ဒုတပ်ကြပ် ဖြစ်ကြရပါတယ်။

စစ်ဆင်ရေးတွေမှာ တိုက်ပွဲမှာ ထူးချွန်ရင် ခြွင်းချက်နဲ့ နှစ်ကာလချီပြီး စောင့်ရန်မလိုဘဲ ရာထူးတက်မြန်တာလည်းရှိပါတယ်။ ရဲဘော်ဘဝချင်း တူတာတောင် စစ်မြေပြင် အင်ဂျင်နီယာတပ်၊ ဆောက်လုပ်ရေးတပ် (G.E)၊ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်၊ ပင်မခဲယမ်းမီးကျောက်တပ်၊ စစ်လက်နက်ပစ္စည်းတပ်၊ လေကြောင်းကာကွယ်ရေးတပ်၊ ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ အမြောက်တပ် စသည့် ပညာသည်တပ်ဖွဲ့များမှာ ထမ်းဆောင်ရတဲ့ ရဲဘော်တွေဟာ တိုက်ခိုက်ရေး ခြေလျင်တပ်က ရဲဘော်တွေထက် ရာထူးတက်ဖို့ နှစ်ပေါင်းများစွာ ပိုမိုကြာမြင့်စွာ စောင့်ရလေ့ရှိပါတယ်။ အဲဒါအပြင် ကာကွယ်ရေးဝန်ကြီးဌာန စခန်းရုံးရှိ ရဲဘော်တွေရဲ့ ကိုယ်ပိုင်နံပါတ်က ခြေလျင်တပ်မှာရှိတဲ့ တပ်ကြပ်ကြီးတွေရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ တန်းတူဖြစ်နေတာကို တွေ့ရပါတယ်။

တပ်သားအဆင့်ဟာ တပ်အခေါ် ရဲဘော်ဖြစ်ပြီး စစ်တပ်ရဲ့ အခြေခံအကျဆုံး အဆင့်ဖြစ်ပါတယ်။ ရဲဘော်ဘဝဟာ ပင်ပန်းဆင်းရဲလွန်းလှပြီး ရုန်းကန်ရဆုံး အဆင့်လည်းဖြစ်ပါတယ်။ ကင်းစောင့်ရင်လည်း ရဲဘော်၊ ရှေ့တန်းမှာ Point လို့ခေါ်တဲ့ ရှေ့ပြေးထိပ်ဆုံး ရန်သူနဲ့ ဦးစွာတွေ့ရင်လည်း ရဲဘော်၊ လုပ်အားပေးခိုင်းစေခံရတာ အများဆုံးဟာလည်း ရဲဘော်၊ ကတုတ်ကျင်းနဲ့ ဆက်သွယ်ရေးမြောင်း အပါအဝင် အိမ်သာအဆုံး တူးဆွရတဲ့ သူဟာလည်း ရဲဘော်၊ ရိက္ခာခွဲတမ်းအရ ပုံမှန်ရတယ်ဆိုပေမယ့် တချို့ခေါင်းပုံဖြတ်ခံရပြီး ခွဲတမ်းအရအနည်းဆုံးဟာလည်း ရဲဘော်၊ အသေခံကွန်မန်ဒိုအဖြစ် ရန်သူ့စခန်းကုန်းတိုက်ရင်လည်း ရဲဘော်၊ မိုင်းခင်းထူပြောပြီဆိုရင်လည်း မိုင်းထိဖို့ ရာခိုင်နှုန်း အများဆုံးရှိတဲ့သူဆိုရင်လည်း ရဲဘော်၊ ဟင်းကောင်းရင် အရိုးအရင်းသာ ကိုက်ရတဲ့သူဟာလည်း ရဲဘော်၊ ထမင်းဟင်းကို ဒိုင်ခံချက်ပေးရတာလည်း ရဲဘော်၊ အကူသဘော နှိပ်နင်းပေးရတာ အပါအဝင် အရာရှိတွေရဲ့ ဝေယျာဝစ္စ အောက်ခြေသိမ်း လုပ်ပေးရတာဟာလည်း ရဲဘော်၊ ကိုယ်ရေးကိုယ်တာ ပြဿနာဖြစ်လို့ အရာရှိနဲ့ ဆရာတွေကိုယ်စား ထိုးကျွေးခံရတာလည်း ရဲဘော်၊ အရေးကြီး စာရွက်စာတမ်းများနဲ့ လျှို့ဝှက်ကိစ္စရပ်များ ထိန်းသိမ်းပေးရတာလည်း ရဲဘော်၊ အရာရှိအိမ်နဲ့ ခြံများက ရှိသမျှအလုပ်တွေကို သိမ်းကျုံးလုပ်ပေးရတာလည်း ရဲဘော်၊ ကလေးထိန်းရတဲ့ အိမ်အလုပ်တွေ အပါအဝင် ကိုယ်ရေးကိုယ်တာကိစ္စမှန်သမျှ လုပ်ပေးရတာလည်း ရဲဘော်၊ ဘဝမျိုးစုံကျင်လည်ရတဲ့ သနားစရာ ရဲဘော်တွေရဲ့ ဒုက္ခမျိုးစုံတွေကို ပြည်သူတွေကို သိစေချင်ပါတယ်။

ရဲဘော်တွေရဲ့ ဘဝဟာ ရုန်းကန်ရတာ ပင်ပန်းလွန်းလှလို့ ၎င်းတို့အချင်းချင်း တွေ့ဆုံတဲ့အခါဖြစ်စေ၊ ရင်းနှီးတဲ့ အရာရှိများနဲ့ တွေ့ဆုံတဲ့အခါဖြစ်စေ ညည်းတွားပြောဆိုနေတတ်ပြီး တပ်ထဲဝင်လာမိတာကို နောင်တတရားကြီးမားစွာရမိကြောင်း၊ ယခင်ဘဝက ဝဋ်ကြွေးရှိလို့ ဒီဘဝမှာ ရဲဘော်ဖြစ်ရကြောင်း၊ တပ်ကထွက်ခွင့်ရချင်ကြောင်း စသဖြင့် အမြဲတမ်း ပြောဆိုလေ့ရှိကြပါတယ်။

ရှေ့တန်းမှာဖြစ်ဖြစ်၊ နောက်တန်း မြို့ထဲမှာဖြစ်ဖြစ် ရဲဘော်တွေရဲ့ စိတ်ဓာတ်ရေးရာထိခိုက်မှု အပြင်းထန်ဆုံးကတော့ တချိန်က ရန်သူဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တွေဟာ ငွေကြေး၊ ဘီယာ၊ မိန်းမများနဲ့ ပျော်ရွှင်နေတာကို မြင်ရတိုင်း အဆင့်အတန်း ကွာခြားသွားချက်ကိုကြည့်ပြီး ရင်ထုမနာ ခံစားနေကြခြင်းပဲ ဖြစ်ပါတယ်။ လုပ်အားပေးဆိုရင်လည်း နေ့ရောညပါ အခကြေးငွေမရဘဲ အဓမ္မအခိုင်းခံနေရလို့ ရဲဘော်တွေရဲ့  စိတ်ဓာတ်ရေးရာကျဆင်းမှုတွေ ဖြစ်ပေါ်စေပါတယ်။

အရက်သောက်စားမှု စတဲ့ သေးငယ်တဲ့ ပြစ်မှု၊ ပေါ့တဲ့ ပြစ်မှုတွေဆိုရင်တောင် ရဲဘော်တွေဟာ ပြဿနာဖြစ်လာရင် အနည်းဆုံး လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ခံရပြီး အချုပ်ခန်းနဲ့ နှစ်ပါးသွားရကာ ဒီ့ထက် ပြင်းထန်ရင်တော့ ကိုယ်ရေးမှတ်တမ်းမှာ မှင်နီတားခံရပြီး ဘဝတက်လမ်း ဆုံးပါးရတာများပါတယ်။ တချို့ဆရာများနဲ့ အရာရှိတွေဟာ ရဲဘော်တွေကို လူလိုသဘောမထားဘဲ ကျေးကျွန်လို သဘောထားကာ ဆက်ဆံပြီး ထစ်ကနဲဆို ပုဒ်မ (၆၅) စစ်စည်းကမ်းဖောက်ဖျက်မှုဆိုတဲ့ အမြင်ကပ်ပုဒ်မနဲ့ နှိပ်ကွပ်တတ်ကြတာမို့ ရဲဘော်တွေဟာ နေ့စဉ်နှင့်အမျှ တပ်ကထွက်ပြေးနေကြတာ မဆန်းတော့ပါ။ ၂၀၀၆ ခုနှစ် စက်တင်ဘာ (၂၇) ရက်နေ့ စစ်ဆင်ရေးလေးလပတ် အစီရင်ခံစာအရ စစ်သည်ပြုန်းတီးအင်အားဟာ တပ်မတခုစာ (၇,ဝဝဝ) ဦးခန့်ရှိကြောင်း သိရှိရပါတယ်။ အခုဆိုရင် တပ်တွေမှာ ရဲဘော်တွေနည်းပြီး ဆရာတွေသာ များနေပါတယ်။

ဒီတင်ပြချက်တွေကိုကြည့်ရင် ခေတ်မီတဲ့ တပ်မတော်အဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ဝံ့ဝံ့ထည်ထည် ရပ်တည်နိုင်ဖို့ မြန်မာ့တပ်မတော်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်ဆိုတာ တွေ့မြင်လာကြမှာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေက ခေတ်မီတပ်မတော်ပါလို့ ဘယ်လိုပဲ ကြွေးကြော်နေပါစေ ရဲဘော်တွေရဲ့ဘ၀ကို ထိရောက်စွာ မြှင့်တင်မပေးသရွေ့ကာလပတ်လုံး ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်သာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

မြန်မာစစ်အစိုးမှ အင်အားတိုးမြှင့်ရန် ပြည်သူ့စစ်ဖွဲ့စည်းခိုင်း

မင်းအာသံ

နိုင်ငံတော် အရံ အင်အား မြင့်မားလာရေး အတွက် မြန်မာ စစ်အစိုးရက မွန်ပြည် နယ်ရှိ မြို့နယ် ကျေးလက် ဒေသ အသီးသီးတွင် ပြည်သူ့ စစ်တပ် ဖွဲ့စည်းခိုင်း နေသည်ဟု သိရပါသည်။

ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် စသည့် မြို့နယ်ရှိ ကျေးရွာများကို အာဏာပိုင်များက ကျေးရွာပြည်သူ့စစ်တပ် ဖွဲ့စည်းရန် တိုက်တွန်းထားသည်။

“ကျေးရွာပြည်သူ့စစ်နဲ့ ပတ်သက်တဲ့ကိစ္စကတော့ ကြားတာ ကြာနေပြီ၊ ဒါပေမယ့် တစ်ရွာကို ဘယ်နှစ်ယောက် ယူမလဲ သေသေချာချာ မသိသေးဘူး။ ရွာအတွင်းမှာ ပြည်သူ့စစ်တပ် မဖွဲ့မနေရ အာဏာပိုင်တွေက ပြောထားတယ်” ဟု မုဒုံမြို့မှ ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။

မွန်ပြည်နယ်နည်းတူ အခြားပြည်နယ်တွင်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အာဏာပိုင်တို့က ပြည်သူ့စစ်အင်အား တိုးမြှင့် ဖွဲ့စည်းသွားမည်ဟု ကြားသိရကြောင်း အထက်ပါသံဃာတော်က မိန့်သည်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် ကျိုက်မရောမြို့နယ် ကော့သိုက်ကျေးရွာ၌ ကျေးရွာပြည်သူ့စစ်သင်တန်းအတွက် လူငယ်များကို စုဆောင်းနေကြောင်း ရွာခံတစ်ဦးက ပြောသည်။

လွန်ခဲ့သောနှစ်တွင် စစ်အစိုးရ၏ ပြည်သူ့စစ်မဟာဗျူဟာ ပေါ်လာပြီးနောက် သက်ဆိုင်ရာဒေသအတွင်းရှိ ကျေးရွာဒေသခံများကို နိုင်ငံတော် အရံအင်အားတစ်ရပ် ဖြစ်လာမည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ကျေးရွာပြည်သူ့စစ်တပ် ဖွဲ့စည်းနေခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း နိုင်ကောင်းတလရော့က ပြောသည်။

“နအဖက ယခုလို ကျေးလက်ဒေသတွေမှာ ပြည်သူ့စစ် အတင်းဝင်ခိုင်းနေတယ်ဆိုတာက တကယ်လို့ ရွာတွေမှာ သူတို့နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းတွေ လာပြီး ငွေတောင်းလို့ရှိရင် ပြန်ခုခံဖို့ပဲ၊ နောက်ပြီး ဒီလိုလာရောက်ရင် သူတို့ဆီ အမြန်သတင်းပေးဖို့ပဲ။ ရွာခံက ပြည်သူ့စစ်ဖြစ်တော့ ကြမ်းကြမ်းတမ်းတမ်း လုပ်လို့မရဘူးပေါ့။” ဟု ၄င်းက ဆက်ပြောသည်။

အချို့ကျေးရွာများ၌ ဒေသခံတို့သည် ပြည်သူ့စစ်များထံမှ ကျေးရွာလုံခြုံရေး မရသည့်အပြင် ပြည်သူ့စစ်အတွက် တစ်နှစ်လျှင် စပါးတင်း (၁၀၀) ထောက်ပံ့နေရကြောင်း ပြည်သူ့စစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်း ခေါဇာမြို့နယ်ခွဲတွင်လည်း ပြည်သူ့စစ်သင်တန်းသားများ ရရှိရန်အတွက် အာဏာပိုင်တို့မှ လွန်ခဲ့သည့်ရက်သတ္တပတ်က ရွာသားများကို အစည်းအဝေး ခေါ်ယူခဲ့သည်။
ပြည်သူ့စစ်အတွက် ရွာသား ၃၀ ဦးကို လျာထားပြီး သင်တန်းသားများကို ပေါက်မဲစနစ်ဖြင့် ရွေးချယ်မည်ဟု အစည်းအဝေးတက်ရောက်သူတို့က ပြောသည်။ မဲမပေါက်သည့် ရွာသားများမှာ ၄င်းသင်တန်းများ၏ စားဝတ်နေရေးအတွက် ငွေကြေးပေးဆောင်ရမည် ဖြစ်သည်။

လွန်ခဲ့သော မတ်လ (၂၃) ရက်တွင်လည်း မုဒုံမြို့၌ အာဏာပိုင်တို့က မြို့ခံပြည်သူ့စစ်များ သုံးစွဲရန် လက်နက်အဟောင်းကို လက်နက်သစ်ဖြင့် လဲလှယ်ပေးခဲ့သည်ဟု သိရပါသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,29th,2009

( 50 )Nobel Laureates call for action on Burma

( 49 )ရွှေပြည်သာနှင့် ဒိုက်ဦးက ကလေးစစ်သား ၂ ဦး နောက်ဆက်တွဲ အခြေအနေ

( 48 )Arakanese mob attacks AMI office in Arakan

( 47 )ASEAN leaders allow Burma to get off scot-free

( 46 )နာဂစ်ကူညီရေး အသင်းဝင် လူငယ်များ အဖမ်းခံရ

( 45 )NLD re-circulates disciplinary regulation

( 44 )လိုင်ဇာတွင် နှစ်ခြင်းခရစ်ယာန် အသင်းတော် ညီလာခံ ကျင်းပ

( 43 )Suu Kyi ‘Keenly Monitoring’ Campbell Visit

( 42 )ကရင်ငြိမ်းကောင်စီက နယ်ခြားစောင့်တပ်ကို ငြင်းပယ်ဟုဆို

( 41 )Eastern Burma ‘Comparable’ to Darfur

( 40 )ထိုင်းနိုင်ငံ၏ သဘောထား အပြောင်းအလဲကြောင့် မြန်မာ့အရေးလှုပ်ရှားသူများ စိုးရိမ်

( 39 )Large numbers of migrant workers in Mahachai return to Burma

( 38 )သံဃာတော်များ တရားပွဲကျင်းပခွင့် ကန့်သတ်ခံရ

( 37 )Villagers held hostage by Mon splinter group

( 36 )စစ်တပ်က အရပ်သားများကို ခြိမ်းခြောက်မှု ပိုမို တိုးပွားလာ

( 35 )Burmese government ups people’s militia recruitments

( 34 )ဆေးကျောင်းမှာ VIP သား/သမီးများကို ဦးစားပေးနေ

( 33 )Shwe Gas Movement Launches Global Campaign against Chinese Gas and Oil Pipelines

( 32 )ကေအိုင်အိုနှင့် နအဖ ရှေ့လတွင် ထပ်မံဆွေးနွေးမည်

( 31 )Breaking News: Mongla told to resign itself to border guard status

( 30 )ရန်ကုန်တွင် လုံခြုံရေးများ ပြန်လည်များပြားလာ

( 29 )လယ်သမားများ ဝမ်းစာစပါး မျှစားနေကြရ

( 28 )Regime denies identity cards to Indian tribes

( 27 )မုံရွာတွင် ပညာရေးစနစ်ပျက်ယွင်းနေဟု ကျောင်းသားမိဘများ ပြောဆို

( 26 )Joint letter to Japanese Justice Minister and Foreign Minister on Rohingya

( 25 )Myanmar sees Suu Kyi’s role in political process

( 24 )အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသား ၂ ဦး ကျန်းမာရေး ဆိုးဝါးနေ

( 23 )Protect Burmese Rohingya Seeking Asylum

( 22 )UT students give Burma a voice

( 21 )မြို့နယ်စည်ပင်က နာရေးကူညီမှု အသင်းကို တရားစွဲတော့မည်

( 20 )ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန် ရုံးကို ဆန္ဒပြ

( 19 )Amnesty International Raises Burma Awareness

( 18 )ဖွဲ့သည်းပုံ အခြေခံဥပဒေ မပြင်လျှင် ရွေးကောက်ပွဲ ၀င်မည်မဟုတ် ဟုပြော

( 17 )Burma Using Torture in Criminal Cases

( 16 )သံလျှင်မှာ ယာဉ်တိုက်မှုကြောင့် တက္ကသိုလ် ကျောင်းသူတစ်ဦး သေဆုံး

( 15 )သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ရပ်တန့်ရန် တရုတ်ကို ဆန္ဒပြကြ

( 14 )ASEAN's act is far from together

( 13 )ERI Reports on Yadana Project in Burma Receive Unprecedented Attention and Lead to Critical Changes

( 12 )နိုင်ငံလုံးကျွတ် ညီလာခံ ကျင်းပရန် အဖွဲ့ချုပ်ကို ထပ်မံတောင်းဆို

( 11 )Protest Against China Oil & Gas Exploration in Burma

( 10 )အယူခံ ကိစ္စညှိနိုင်းရန် ဒေါ်စုနှင့် တွေ့ဆုံခွင် သူရှေ့နေများမှ တောင်းဆို

( 9 )UT students raise awareness for Burma

( 8 )ဗုံးခွဲသူ ဒီကေဘီအေ အရာရှိကို ဖမ်းဆီးရမိ

( 7 )ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း များ ရပ်တန့်ရန်ဆန္ဒပြ တောင်းဆို

( 6 )မြန်မာကလေးများ ကိုယ်တိုင်ရေး ကလေးကူးသန်းရောင်းဝယ်မှုတားဆီးရေးပညာပေးပြဇာတ် ဖျော်ဖြေကပြ

( 5 )မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှု အခြေအနေ စိုးရိမ်နေရ

( 4 )Burmese Dissidents Worry about Thai Crackdown

( 3 )ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ ပိုက်လိုင်းကန့်ကွက်စာ တရုတ်သမ္မတထံ ပို့

( 2 )ဦးဝင်းတင်ကို နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များ စုပေါင်း ကန်တော့

( 1 )မြစ်ဝကျွန်းပေါ် စပါးခင်း ကြွက်ဖျက်ဆီး