Thursday, April 15, 2010

ပင်လုံဒေသခံစာရင်း အာဏာပိုင်များလိုက်ကောက်နေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင်း နေထိုင်သူ အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းကိုရပ်ကွက် အာဏာပိုင်အချို့က ကောက်ခံနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှ စတင်ကာ ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက)၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်စာရေးတို့က ပင်လုံမြို့နယ်အတွင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်အကြား ဒေသခံများ စာရင်းကို လိုက်လံကောက်ခံနေခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ဤကဲ့သို့ ပြောသည်။

“ရွေးကောက်ပွဲအတွက် မဲထည့်ရမှာမို့လို့ အိမ်ထောင်စုစာရင်းလိုက်ကောက်တာလို့ ပြောတယ်။ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်အကြား ဘယ်နှစ်ယောက်ရှိလဲ၊ ခရီးလွန်နေတာ ဘယ်နှစ်ယောက်ရှိလဲ၊ စသဖြင့်အိမ်တိုင်းလိုက် မေးတယ်” ဟု ရပ်ကွက် (၄) တွင်နေထိုင်သူ ပင်လုံသားတဦးက ပြောသည်။

ဤကဲ့သို့ ရပ်ကွက်စာရေးက လူဦးရေစာရင်း တအိမ်တက်ဆင်း ကောက်ခံနေသကဲ့သို့ ဒေသခံများကို သက်ဆိုင်ရာ မိမိ ရပ်ကွက်ရုံးသို့ လာရောက်စာရင်း ပေးသွင်းကြရန် ခေါ်ယူ ပြောဆိုခြင်းများလည်း ရှိကြောင်းသိရသည်။

ထို့အပြင် ပင်လုံမြို့ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ကြံ့ဖွံ့အသင်း (ပြည်ခိုင်ဖြိုး) ပါတီ အဖွဲ့ဝင်များက နီးစပ်ရာမိတ်ဆွေများကို မက်လုံးပေးကာ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းနေကြောင်း လည်း အစည်းရုံးခံရသူ ဒေသခံတချို့က ယခုလိုပြောသည်။

“တစည အဖွဲ့ဝင်တွေက တောင်သူလယ်သမား၊ အလုပ်သမားတွေကို အခွင့်အရေး ရအောင်လုပ်ပေးမယ်။ ကောင်းကောင်း လုပ်ပေးမယ်ဆိုပြီး စည်းရုံးတယ်။ လူတိုင်းကိုတွေ့ရင် သူတို့ရဲ့အဖွဲ့အကြောင်းပြောပြီးစည်း ရုံးနေတယ်” ဟု ဆိုသည်။

ဆက်လက်ပြီးသူက “ကြံ့ဖွံ့ အဖွဲ့ဝင်တွေကတော့ သူငယ်ချင်းတွေကို တွေ့ရင်မင်းဝင်သင့်တယ်။ ရာထူးလည်းမြင့်မယ်။ လစာလည်း ကောင်းကောင်းရမယ်လို့ ပြောပြီးစည်းရုံးနေတယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ထိုသို့အပြင်းအထန် စည်းရုံးရေးဆင်းနေသော်လည်း အများစုက စားဝတ်နေရေးအခက်အခဲ များကြောင့် စိတ်ဝင်စားမှုနည်းပါးကြောင်း ဒေသခံတချို့က ဤကဲ့သို့ပြောသည်။

ပင်လုံဒေသခံ အိမ်ရှင်မတဦးက “ဘယ်သူက ဘာမှစိတ်မ၀င်စားဘူး။ ဘယ်သူရရ စိတ်မ၀င်စားဘူး၊ ၀မ်းစာ အတွက်ပဲ ရုန်းကန်နေရတာလေ” ဟု ပြောသည်။

အလားတူ ဒေသခံတစ်ဦးကလည်း “နအဖက ရွေးကောက်ပွဲလုပ်မယ်ပြောတာ ဘယ်သူက သူတို့ကိုယုံကြည် မှာလဲ။ ၁၉၉၀ တုန်းက ဒေါ်အောင်ဆန်းစုကြည် အဲန်အယ်လ်ဒီပါတီ အနိုင်ရတာ သူတို့ကအာဏာလွှဲမပေး တာ။ အခုလည်း သူတို့ဘက် ကပဲ နိုင်မှာဘဲ” ဟု ပြောသည်။

ပင်လုံမြို့သည် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ သဘောတူညီမှုရရှိပြီး သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့်ဒေသ၊ ပြည်ထောင်စုကျောက်တိုင် စိုက်ထူထားသည့်ဒေသဖြစ်သည်။

ဒေသခံအများစုသည် သျှမ်းတိုင်းရင်းသားများဖြစ်ကြသော်လည်း ပအိုဝ်း၊ ဗမာ နှင့် အခြားတိုင်းရင်းသားများလည်းနေထိုင် သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လဖက်နှင့် သနပ်ဖက် စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထား လုပ်ဆောင်ကြသည်။



No comments: